စရိတ်မျှပေး ကျန်းမာရေးစနစ်ဆိုတာကို ခေါ်ဝေါ်သုံးစွဲမှုဟာ လက်တွေ့ ကျွန်တော် တို့ပြည်သူတွေအနေနဲ့ နိုင်ငံပိုင်ဆေးရုံ၊ ဆေးခန်းများကိုသွားတဲ့အခါမှာ ကြုံတွေ့ရမှုနဲ့ သိပ်မဆီလျော် ဘူးလို့မြင်တာကလည်း တစ်ကြောင်းကြောင့်ပေါ့လေ။ ခေတ်စနစ်ကလည်း ပြောင်းလဲလာတာ အကြောင်း တစ်ကြောင်းပေါ့။ နိုင်ငံရေးအရရော၊ ဈေးကွက်စီးပွားရေးအနေအထားအရရော ပြောင်းလဲ သွားတဲ့ပုံစံများကြောင့် ဒီသုံးစွဲမှုကလေးကိုပြုပြင်ပြောင်းလဲရန်ရှိ၊မရှိဆိုတာကို ကျွန်တော်က မေးချင် တာပါ။ စရိတ်မျှပေးကျန်းမာရေးဆိုတာ ကြားလိုက်ရတဲ့အခါမှာတော့ တော်တော်လေး နည်းနည်း ပျော် ပျော်လေးတောင်မှဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆေးရုံရောက်လို့ရှိရင်တော့ ဆေးဖိုးဝါးခ၊ ဆရာဝန်တိုင်ပင်ခ၊ ဂွမ်းဖိုးအပ်ဖိုးကအစပေါ့။ သွေးစစ်ခဆိုတာကို ကျသင့်ငွေရဲ့ တစ်ဝက်လောက်ပဲ ကျွန်တော်တို့ ကျခံရလိမ့်မယ်လို့ ခံစားချက်မျိုးနဲ့ ပျော်မိတာကို ပြောတာပါ။ သို့သော်လည်းပဲ တကယ့်လက်တွေ့မှာကျတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့က ကျသင့်ငွေကို ကျသင့်သလို ဆေးရုံကြီးအတွင်းမှာ လေလံဆွဲထားတဲ့ ဆေးဆိုင်မှာပဲ ဝယ်ပေးချေရတယ်။ မိမိရဲ့ သွေးစစ်၊ ဆီးစစ်၊ သလိပ်စစ်ကိုလည်းပဲ အပြင်ဓာတ်ခွဲခန်းမှာ ညွှန်ကြားရင် ညွှန်ကြားသလို သွားရောက်ပြီးတော့ ငွေကုန်ကြေးကျခံပြီးတော့ စစ်ဆေးရပါတယ်။ အဲဒီတော့ နိုင်ငံတော်အပိုင်း ကတော့ ဆေးရုံဆိုတဲ့အဆောက်အအုံကြီးကို ကျခံပေးထားပါတယ်။ ဆရာဝန်၊ ဆရာမတွေနဲ့ သူနာပြု တွေ၊ အောက်ခြေဝန်ထမ်းတွေကအစ အားလုံးအတွက် လစာစရိတ်ကျခံပေးထားတာမျိုး ရှိပါတယ်။ ဒီနှစ်ပိုင်းကို စရိတ်မျှပေးတဲ့ကျန်းမာရေးလို့ လက်တွေ့သုံးစွဲနေတာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ် အသုံးအစွဲလေးက ကျွန်တော်တို့ ပြည်သူတွေ ထင်တာမြင်တာ မျှော်လင့်တာနဲ့ နည်းနည်းကွဲပြား နေပါတယ်။ ဒီထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းလေ့လာလိုက်တဲ့အခါကျတော့ ကျွန်တော့်ရှေ့မှာ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလည်းပဲ ဆွေးနွေးတာလေးရှိပါတယ်။ အဲဒီတုန်းက လည်းပဲ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားတာလေးတွေရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ သွားပြီးတော့ ကြားလိုက်တွေ့လိုက်ရတာကတော့ ဘတ်ဂျက်ကို လေ့လာတဲ့အခါမှာလည်း တွေ့ပါတယ်။ အဲဒီမှာကတော့ ကျွန်တော်တို့ ဆေးရုံတွေကနေပြီးတော့ နိုင်ငံတော်ကိုပြန်ပြီးတော့ အခြားသော စီးပွားရေးလုပ်ငန်းများ၊ ဦးစီးဌာနများကဲ့သို့ အခွန်ရငွေနှင့် အခြားရငွေတို့ ပြန်လည် ပေးသွင်းရတာရှိပါတယ်။ ကျွန်တော်တို့ ဆေးရုံ၊ ဆေးခန်းပိုင်းတွေနဲ့ကျတော့ အခြားရငွေနဲ့ ပြန်လည်ပြီး ပေးသွင်းရတယ်ဆိုတာကိုသွားတွေ့ပါတယ်။ ဒီတော့ကား ဆေးရုံ၊ ဆေးခန်းတွေက ဘယ်ကဝင်ငွေတွေ ရမလဲဆိုတာကတော့ စောစောကပြောတဲ့ ဆေးရုံဝင်းအတွင်းမှာ ဈေးအပြိုင်ဆွဲထားတဲ့ စားသောက် ဆိုင်တွေနဲ့ ဆေးရောင်းတဲ့ဆိုင်တွေရဲ့ ပေးသွင်းငွေတွေဟာ အခြားဝင်ငွေအဖြစ်နဲ့ နိုင်ငံတော်ကို ပြန်ပြီးပေးသွင်းရတဲ့ပုံစံမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ကား ခေတ်စနစ်အားဖြင့် ကျန်းမာရေး ဆေးကုသမှုနှင့်ပတ်သက်လို့ ပြောင်းလဲတာလေးတွေကလည်း တစ်ဖက်မှာလည်းရှိပါတယ်။ ဥပမာအား ဖြင့်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ လူမှုဖူလုံရေးဆေးကုသမှုအာမခံဥပဒေဆိုတာမျိုး ကိုထုတ်ပြန်ထားလာပါတယ်။ ဒါကတော့ ယခင် ၁၉၅၄ ခုနှစ် ဥပဒေကိုပြင်ဆင်တာပါ။ အဲဒီတော့ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံကအလုပ်သမားများအတွက် ဆေးကုသမှုအာမခံကို အလုပ်သမား၊ အလုပ်ရှင်နှင့် ပြီးတော့ နိုင်ငံတော်အစိုးရထည့်ဝင်ငွေနှင့် ရန်ပုံငွေကို ထူထောင်ပြီတော့ ဆေးကုသမှုခံရတဲ့စနစ်ကလေးရှိပါတယ်။ အဲဒီ စနစ်ပေါ်ပေါက်လာသလို နိုင်ငံတကာမှာရှိတဲ့ National Insurance ခေါ်တဲ့ အမျိုးသားအာမခံနစ်ဆိုတာရှိပါတယ်။ အဲဒီမှာလည်းပဲ ဆေးကုသမှု အာမခံဆိုတာ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့လည်းပဲ ပြီးခဲ့တဲ့ လွှတ်တော်မှာ ဆွေးနွေး မှုတစ်ခုပြုခဲ့ဖူးပါတယ်။ ခုနကတော့ စာရင်းပေါက် စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးအာမခံဆေးကုသခွင့်စနစ်ဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ မြန်မာနိုင်ငံသားတွေက မည်သူမဆိုပေါ့လေ။ ဆေးကုသမှုအာမခံပေါ်လစီတွေကို ဝယ်ယူထည့်သွင်းခြင်းအားဖြင့် ဆေးကုသမှု ခံတဲ့အခါမှာ မိမိရဲ့ကုန်ကျစရိတ်ကို ဒီရန်ပုံငွေကနေပြီးတော့ ရန်ပုံငွေပွားများထားတဲ့အလျောက် မိမိရဲ့ ကျခံမှုဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် သက်သာပေမယ့် သက်သာစေမယ့် နည်းစနစ်ပုံစံမျိုး ဒါကလည်း မြန်မာနိုင်ငံမှာ သိပ်မကြာခင်မှာ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ တစ်ဖက်က ကျွန်တော်တို့က Stock Exchange ငွေကြေးဈေးကွက်တွေမျိုး၊ ချေးငွေဈေးကွက်တွေမျိုးထူထောင်ဖို့လည်းပဲ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်တွေမှာ အဆိုတင်ထားတာတွေ၊ ဆွေးနွေးတာတွေရှိထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးအရ လုံးဝဆင်းရဲတဲ့အတန်းအစားမှာရှိတဲ့ နိုင်ငံသားတွေ အတွက်ကတော့ ပြတ်ပြတ်သားသားပဲပေါ့လေ။ အခမဲ့ဆေးရုံဆိုတာမျိုးကတော့လည်း ထူထောင်ဖို့ လိုပါတယ်။ လောလောဆယ်လည်းပဲ ပြည်သူ့ဆေးရုံကြီးတွေမှာ ဒီသဘောတရားမျိုးကို စွန့်လွှတ်ခြင်း မရှိပါဘူး။ ဆေးရုံမှာ လာရောက်ပြသတဲ့လူနာရဲ့ ၂၅၊ ၃၀ ရာခိုင်နှုန်းလောက်က ဒီအခမဲ့ဆေးကုသမှု ပုံစံစနစ်အတွင်းကပဲ ဆေးကုသခံယူသွားတာ ကျွန်တော်တွေ့ပါတယ်။ ဒီတော့ကား မတတ်နိုင်သော ဆင်းရဲသားလူနာများအတွက် စောစောကပြောတဲ့ ဆေးကုသမှုအာမခံစနစ်မှာ အကျုံးမဝင်နိုင်တဲ့ ဆင်းရဲသားလူနာများအတွက် ကျွန်တော်တို့ နိုင်ငံတော်ဘတ်ဂျက်ကနေပြီးတော့ အခွန်ကို ဖိဖိစီးစီး ကောက်ခံပြီးတော့ ဆေးကုသမှုကို အစမှအဆုံး အခမဲ့ကုသပေးတဲ့ ပုံစံမျိုးနဲ့ လက်ရှိဆေးရုံ၊ ဆေးခန်း တွေကပဲ လုပ်ငန်းရဲ့ ၃၀၊ ၃၅ ရာခိုင်နှုန်းလောက်ထိကို ကျခံလုပ်ကိုင်ပေးသွားနေတဲ့ ပုံစံလည်းရှိပါ တယ်။ အဲဒီတော့ ကျွန်တော်ဆိုလိုတာက ဒီစရိတ်မျှပေးကျန်းမာရေးဆိုတာက အမည်အခေါ်အဝေါ် အနေနဲ့လည်း မသင့်တော်တော့ပါဘူး။ လက်ရှိဖြစ်ပေါ်နေတာကော၊ အနာဂတ်မှာ ဖြစ်ပေါ်ပြောင်းလဲ လာမယ့် နိုင်ငံရဲ့စီးပွားရေးနဲ့ လူမှုပုံစံအရလည်း မသင့်တော်တော့ပါဘူး။ နိုင်ငံတော်အစိုးရပိုင် စီးပွားရေး၊ လူမှုရေးလုပ်ငန်းတော်တော်များများကို ပုဂ္ဂလိကလက်ကိုလွှဲအပ်နေတဲ့ အချိန်ကာလမျိုး လည်းရောက်နေပါတယ်။ ဒီတော့ကား ကျွန်တော်တို့လို ပုံစံတူနိုင်ငံမျိုးတွေပေါ့လေ။ ဥပမာအားဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ဟာ ကျွန်တော်တို့လို ဆိုရှယ်လစ်နိုင်ငံကတစ်ဆင့် ဈေးကွက်စီးပွားရေး Liberal ဒီမိုကရေစီနိုင်ငံပုံစံကို ပြောင်းလဲလာတဲ့နိုင်ငံတွေဖြစ်ပါတယ်။ သူတို့တွေ ဆီမှာက စက်ရုံ၊ အလုပ်ရုံကလေးတွေကအစ စက်ရုံ၊ အလုပ်ရုံကြီးတွေ၊ ဆေးရုံကြီးတွေကိုလည်း ဒီတန်ဖိုးအားလုံးကို ရှယ်ယာအဖြစ်နဲ့ အညီအမျှခွဲဝေပြီးတော့ ဥပမာ- ဆေးရုံဆိုလို့ရှိရင်လည်းပဲ ဆရာဝန်ကြီးတွေ၊ ဆရာဝန်လေးတွေ နောက်ဆုံးအောက်ခြေက စာရေးစာချီ၊ သန့်ရှင်းရေး အလုပ်သမားတွေအထိ ရှယ်ယာခွဲဝေဝယ်ယူခွင့်နှင့် ကိုယ်ပိုင်ဆေးကုသမှုကုမ္ပဏီလုပ်ငန်းဆိုတာ မျိုးလည်း ပြောင်းလဲသွားတာတွေလည်းရှိပါတယ်။ အချုပ်အနေနဲ့ပြောရလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေကြားမှာ အထင်နဲ့အမြင်နဲ့ ခံစားချက်ကွဲပြားပြီးတော့ နာမည်ဆိုးထွက်တယ်လိုပဲပြောရ မလား။ အချင်းချင်းရယ်စရာအဖြစ် အမြဲတမ်းအပြောခံနေရတဲ့စနစ်လိုပဲ ပြောရမလားဖြစ်တဲ့ စရိတ် မျှပေးကျန်းမာရေးဆိုတဲ့စနစ်ရဲ့ အခေါ်အဝေါ်အသုံးအစွဲလေးကို ပြုပြင်ပြီးတော့ သူ့အစား အခြား ခေတ်မီတိုးတက်တဲ့ ခေတ်နဲ့လျော်ညီတဲ့ ပုံစံနစ်ကလေးကိုသွားဖို့ရှိ၊မရှိ အဓိကအားဖြင့်ကတော့ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ အသုံးအနှုန်းလေးကိုပြင်ပေးဖို့ ရှိ၊မရှိ ကို မေးမြန်းပါသည်။
အပိုင်း ၂ ပိုင်း ဖြေကြားမှာ ဖြစ်ပါတယ်။ ပထမအပိုင်းကတော့ နိုင်ငံတော်မှာ လက်ရှိကျင့်သုံးနေတဲ့ စရိတ်မျှပေး ကျန်းမာရေးစနစ်နဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းလင်းချက်ဖြစ်ပါတယ်။ အဲဒါကတော့ စရိတ်မျှပေးရေး လက်ရှိကျင့်သုံးနေတဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်မှာ အောက်ခြေဝန်ထမ်းများကို ခွဲဝေပေးတဲ့ Ratio ပါဝင်ခြင်းမရှိပါဘူး။ ပြည်သူ့ဆေးရုံပိုင်းမှာရှိတဲ့ သီးသန့်လူနာခန်း၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်းနှင့် ရောဂါရှာဖွေရေးဌာနများမှရရှိသောဝင်ငွေများကို သတ်မှတ်အချိုးများအတိုင်း နိုင်ငံတော်ရဲ့သာမန် ရငွေအဖြစ်ပေးသွင်းတာပါပါတယ်။ နောက်ဆေးရုံရဲ့ပြင်ဆင်ထိန်းသိမ်းခြင်း၊ စက်ကိရိယာများပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများပါပါတယ်။ အဲ့ဒီအတွက်ပဲအသုံးပြုပါတယ်။ ဆေးရုံသို့တက်ရောက်ကုသမှု ခံယူတဲ့ ဆေးဖိုးမတတ်နိုင်တဲ့လူနာတွေအတွက်တော့ ဆေးဝါးများထောက်ပံ့ပေးခြင်းကို စနစ်တကျခွဲဝေ အသုံးပြုလျက်ရှိပါတယ်။ နိုင်ငံတော်သို့ရငွေအဖြစ်ပေးသွင်းမှုအခြေအနေနှင့် ခွဲဝေသုံးစွဲမှုအခြေအနေ တို့ကိုလည်း သက်ဆိုင်ရာဆေးရုံတွေကနေလစဉ်အစီရင်ခံစာများ သတ်မှတ်ပုံစံနှင့်ပြည့်စုံစွာပြုစုပေးပို့ လျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် အဆင့်ဆင့်စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်ရဲ့စာရင်းစစ်ကလည်း ဒါတွေကို အမြဲတမ်းစစ်ဆေးကြပ်မတ်လျက်ရှိကြောင်း ပထမဦးစွာ တင်ပြအပ်ပါတယ်။
ဒုတိယပိုင်းအနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသွားတဲ့အတိုင်း လက်ရှိအခြေအနေမှာတော့ ဒီစရိတ်မျှပေးကျန်းမာရေးစနစ်ကို ကျွန်တော်တို့အနေနဲ့ပြန်လည်ပြုပြင် သုံးသပ်ရန်လိုတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံ စေရန် အထူးသဖြင့်ဆင်းရဲနွမ်းပါးသူများအတွက် လွှမ်းခြုံမှုရရှိစေရန်အတွက် မြို့နယ်အခြေပြု ကျန်းမာရေးစောင့်ရှောက်မှုစရိတ် အကာအကွယ်ပေးရေး အစီအစဉ်ဆိုတဲ့ဟာလေးတစ်ခုကို လေ့လာ တဲ့သုတေသနကို ၂၀၁၁ ခုနှစ်အတွင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ် မှာဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီတွေ့ရှိချက်တွေပေါ်မှာအခြေခံပြီးတော့ ပြီးခဲ့တဲ့အပတ်ထဲကပဲ International Expert တှေနဲ့ ကျွန်တော်တို့ဆီနဲ့ ဆွေးနွေးပြီးတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ပြည်သူ့လူထုအခြေပြုကျန်းမာရေးအာမခံစနစ် Community Base Insurance Scan ကို ကွြန်တော်တို့စမ်းသပ်ဆောင်ရွက်သွားပြီးတော့မှ ဒါကိုတစ်ပြည်လုံးအတိုင်းအတာနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
