စားသုံးသူပြည်သူ လူထုစားသုံးရန်အတွက် စားအုန်းဆီ Cloud Point 8 ကို စီးပွားကူးသန်းဝန်ကြီးဌာနမှ တရားဝင်တင် သွင်းခွင့်ပြုလျှက်ရှိရာ တစ်လတစ်လလျှင် တန်ချိန် ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်ထိ တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယခင် ၂၀၁၁-၂၀၁၂ မတိုင်မီနှစ်များက နှစ်ပေါင်းများစွာ Cloud Point 10 အဆင့်ရှိသော စားအုန်းဆီကို တင်သွင်းခွင့်ပြုထားရာမှ ယခုအချိန်တွင် ပိုမိုအဆင့်မြင့်သော Cloud Point 8 အဆင့်ထက်မနိမ့်သော စားအုန်းဆီကို ပြောင်းလဲ တင်သွင်းခွင့်ပြုထားပြီဖြစ်ကြောင်းသိရှိရရာ ယခုတင်သွင်းခွင့်ပြုထားသော Cloud Point 8 စားအုန်းဆီများကို ပင်လျှင် ပြည့်ဝဆီဖြစ်ခြင်း၊ Over Head ဖြစ်ခြင်း တို့ကြောင့် စားသုံးသူပြည်သူအတွက် ကျန်းမာရေး ဆိုးကျိုးကိုဖြစ်စေကြောင်း သမားတော်ကြီးများ၏ သုံးသပ်ချက်ကို ကြားသိနေရပါကြောင်း၊ သို့အတွက်ကြောင့် ယခု Normal Trade Mark တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ Cloud Point 8 စားသုံးသူ ပြည်သူများအတွက် မည်သို့သော ကျန်းမာရေး ဆိုးကျိုးများဖြစ်စေသည်ကို သိရှိလိုပါ၍ ဖြေကြားပေးပါရန် တင်ပြပါသည်။
စားအုန်းဆီ စံချိန်စံညွှန်းများနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စားအုန်းဆီတင်သွင်းခြင်းဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါတယ်။ အဲ့ဒီကျင်းပပွဲမှာ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဌာနအနေနဲ့ ပြည်ပမှတင်သွင်းသော စားအုန်းဆီတွေရဲ့ စံချိန်စံညွှန်းသတ်မှတ် ချက်ကို lodine Value; 58-60, Cloud Point 8-10 Degree Celsius အဖြစ်သတ်မှတ်ရန် သဘောထားမှတ်ချက်ပြု တင်ပြခဲ့ပါတယ်။
ဒီတင်ပြချက်အပေါ်မှာ တက်ရောက်လာကြတဲ့ ပညာရှင်များနဲ့တာဝန်ရှိသူများ ဆုံးဖြတ်ပြီး တော့ စားအုန်းဆီအရည်အသွေးသတ်မှတ်ချက်ကို Cloud Point 10 Degree Celsius အစား Cloud Point 8 Degree Celsius Max ဖြင့်လည်းကောင်း၊ lodine Value ကိုလည်း Min 58 မှ Max 60 အထိသာသတ်မှတ်ပြီး တင်သွင်းခွင့်လိုင်စင်ခွင့်ပြုမည်ဖြစ်ပါကြောင်း ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ ၁၃-၆-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ဝ-၁/ စားအုန်းဆီ ၁၃၇ ဖြင့် ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာနကို ညှိနှိုင်းအကြောင်းကြားခဲ့ပါ တယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနှင့်လည်း ယင်းညှိနှိုင်းချက်အရ သွင်းကုန်လိုင်စင် လျှောက်ထား ရန် ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်လျှောက်ထားလာမယ်ဆိုရင် စားအုန်းဆီများ ကို lodine Value အနည်းဆုံး 58 နှင့် Cloud Point 8 Degree Celsius Max ရှိသော စားအုန်းဆီများကို သာတင်သွင်းခွင့်လိုင်စင်ထောက်ခံချက်ထုတ်ပေးလျက်ရှိပါတယ်။
စားအုန်းဆီရဲ့ အရည်အသွေးစံချိန်စံညွှန်းကို စစ်ဆေးရာမှာ Cloud Point တိုင်းတာတဲ့နေရာ မှာအသုံးပြုတဲ့ တိုင်းတာတဲ့ ကိရိယာရဲ့ အရည်အသွေး၊ တိုင်းထွာတဲ့ ဓာတ်ခွဲဝန်ထမ်းရဲ့ ကျွမ်း ကျင်မှုအပေါ်မူတည်ပြီး အဖြေမှာကွဲပြားနိုင်တဲ့အတွက် စားအုန်းဆီရဲ့ အရည်အသွေးစံချိန်စံညွှန်းကို စစ်ဆေးရာမှာ အားပြုထိုက်တဲ့ စံချိန်စံညွှန်း Indicator တစ်ခုမဟုတ်ပါဘူး။ သို့သော်လည်းပဲ စားအုန်းဆီရဲ့ lodine Value ကိုတိုင်းတာခြင်းသည် ယင်းစားအုန်းဆီရဲ့ အရည်အသွေးစံချိန်စံညွှန်းကို မှန်ကန်စွာ ထင်ဟပ်နိုင်စေပါတယ်။ ထို့အပြင် စားသုံးဆီသည် ပြည့်ဝဆီ သို့မဟုတ် မပြည့်ဝဆီ ဖြစ်ကြောင်း၊ ခွဲခြားသတ်မှတ်ရာမှာလည်း lodine Value ကိုကြည့်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စားသုံးဆီတစ်ခုရဲ့ lodine Value နိမ့်မယ်ဆိုရင် ပြည့်ဝဆီအုပ်စု အတွင်းမှာ ကျရောက်ပြီးတော့ lodine Value များမယ်ဆိုရင်တော့ မပြည့်ဝဆီအဖြစ် သတ်မှတ်နိုင် ပါတယ်။ တစ်နည်းအားဖြင့် lodine Value နည်းလေလေ၊ ပြည့်ဝဆီအဖြစ်သို့ ရောက်ရှိလေဖြစ်ပါ တယ်။ ကျန်းမာရေးရှုထောင့်မှကြည့်မယ်ဆိုရင်တော့ စားအုန်းဆီဟာ မပြည့်ဝဆီဖြစ်မယ်ဆိုရင် တစ်နည်းအားဖြင့် lodine Value များမယ်ဆိုရင် ကျန်းမာရေးဆိုးကျိုးများ လျော့နည်းနိုင်တယ်လို့ ဒီလိုပဲ ကျွန်တော်တို့ယူဆရပါတယ်။ မြန်မာနိုင်ငံသို့တင်သွင်းသည့် စားအုန်းဆီများသည် lodine Value 58 ရှိတဲ့ Refined Bleached Deodorized palm Olein(RBD Palm Olein) စားအုန်းဆီဖြစ်ပါတယ်။ lodine Value 58 ထက်နည်းသောစားအုန်းဆီများကို တင်သွင်းခွင့် ထောက်ခံချက်ထုတ်ပေးခြင်းလုံးဝမရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ Codex Alimenterius Commission အဖွဲ့ရဲ့ စားအုန်းဆီ စံချိန်စံညွှန်း သတ်မှတ်ချက် ပြဋ္ဌာန်းချက်ထဲမှာ ခုနက ကျွန်တော် တင်ပြခဲ့တဲ့ RBD Palm Olein ဟာ စား သုံးနိုင်သော ဆီထွက်သီးနှံစားအုန်းဆီအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဆီထွက်သီးနှံ စားအုန်းဆီ တို့ရဲ့ lodine Value များမှာ ဥပမာအားဖြင့် စားအုန်းဆီမှာ ၅၆ နှင့်အထက် နေကြာဆီမှာ ၁၁၈ နှင့် ၁၄၄ အတွင်း၊ ပဲပုပ်ဆီမှာ ၁၂၄ မှ ၁၃၉ အတွင်း၊ ဖွဲနုဆီမှာ ၉၀ မှ ၁၁၅ အတွင်းတို့ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စားအုန်းဆီနှင့်စပ်လျဉ်းပြီး သတိပြုဆင်ခြင်ဖွယ်ရာများကိုလည်း နေ့စဉ်ထုတ်သတင်းစာများမှာ အခါအားလျော်စွာ ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။ စားအုန်းဆီ များ စစ်ဆေးပေးရေးအတွက် တရားဝင်တင်ပြတောင်းခံခြင်းနှင့် တရားဝင်တင်သွင်းခြင်းတို့အတွက် အထက်တင်ပြခဲ့ပါ အချက်များနှင့်အညီ စစ်ဆေးထောက်ခံပေးလျက်ရှိပါတယ်။ စားသုံးတဲ့ဆီ ရွေးချယ် မှုကတော့ ကျွန်တော်တို့ ခုနကတင်ပြခဲ့တဲ့ပညာပေးအချက်များအပေါ်မှာ မူတည်ပြီးတော့ စားသုံးသူ တွေရဲ့ ပုဂ္ဂလိကရွေးချယ်မှုအပေါ်တွင်သာ မူတည်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
