ယခုအခါမှာ စက်မှုဇုန်များကို ၁ တန်လိုက်ထရပ်ယာဉ်များကို အန္တရာယ်ကင်းရှင်းရေးကို ရည်ရွယ်ပြီးတော့ ဘယ်မောင်းယာဉ်များသာ ထုတ်လုပ်ခွင့်ပေးထားပါတယ်။ စက်မှုဇုန်တွေကလည်း ၁ တန်လိုက်ထရပ်ယာဉ်တွေကို စက်မှုဝန်ကြီးဌာနရဲ့သတ်မှတ်ချက်နှင့်အညီ ကောင်းမွန်စွာထုတ်လုပ် လျက်ရှိပါတယ်။ စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်ရေး အထောက်အကူပြုလုပ်ငန်းတွေဖြစ်ကြတဲ့ ဘော်ဒီလုပ်ငန်း၊ ဖရိန်လုပ်ငန်း၊ ရှေ့ရုပ်ထုတ်လုပ်ငန်းနှင့် ထိုင်ခုံထုတ်လုပ်ရေးလုပ်ငန်း၊ ဘန်ကာ လုပ်ငန်း၊ ကားဆေးမှုတ်၊ မိုးကိုင်းမိုးကာ၊ ဝါယာထိန်းစတဲ့လုပ်ငန်းတွေမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ စက်မှုဇုန်လုပ်သားသောင်းကျော်ခန့် မှီခိုအားထားနေရတဲ့လုပ်ငန်းဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံခြားမှ ကားများတင်သွင်းခွင့်ပေးတဲ့အခါမှာ လိုက်ထရပ်ယာဉ်များကို ဘယ်မောင်းရော၊ ညာမောင်းပါ တင်သွင်းခွင့်ပေးနေပါတယ်။ ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တရားမျှတမှုမရှိဘူးလို့ ခံစားနေရပါတယ်။ လုပ်ငန်းရှင်များနှင့် စက်မှုဇုန်လုပ်သားများရဲ့ စားဝတ် နေရေးကိုထောက်ရှုလျက် နိုင်ငံခြားမှ ကားတင်သွင်းမှုကို စက်မှုဇုန်များနည်းတူ ဘယ်မောင်း ယာဉ်များသာ တင်သွင်းခွင့်ပေးမှသာ တရားမျှတညီညွတ်မှုရှိမယ်လို့ ယုံကြည်ပါတယ်။ သို့ဖြစ်ပါ၍ စက်မှုဇုန်များကို ယာဉ်အန္တရာယ် ကင်းရှင်းရေးကိုဦးတည်၍ လိုက်ထရပ်ဘယ်မောင်းယာဉ်တွေသာ ထုတ်လုပ်ခွင့်ပေးထားသလို နိုင်ငံခြားကနေ တင်သွင်းတဲ့ ၁ တန်လိုက်ထရပ်ယာဉ်တှေကိုလည်း ဘယ်မောင်းသာခွင့်ပြုသင့်ပါတယ်။ သို့ဖြစ်ပါ၍ ယခုတင်ပြတဲ့အတိုင်း ၁ တန်လိုက်ထရပ်ယာဉ်တွေကို ဘယ်မောင်းသာ တင်သွင်းခွင့် ပြုနိုင်၊ မပြုနိုင်ကိုလည်းကောင်း ဒုတိယမေးခွန်းအနေနဲ့ ယခုအခါမှာ နိုင်ငံခြားမှကား တင်သွင်းခွင့်ပေးတဲ့အတွက်ကြောင့် စက်မှုဇုန်ကားထုတ်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး အခြေအနေရောက်ရှိနေပါတယ်။ အလုပ်လက်မဲ့များလည်းတိုးပွားလျက်ရှိပါတယ်။ စက်မှုဇုန်ကား ထုတ်လုပ်ရေးမှာ နိုင်ငံခြားကတင်သွင်းတဲ့ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းအပေါ်မှာ တင်သွင်းလာစဉ်မှာ အခွန်ကောက်ခံပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းချိန်မှာ စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ လုပ်သားများအား သက်ညှာ သောအားဖြင့် ယခုလက်ရှိကောက်ခံနေသော ဝင်ငွေခွန်၊ ကုန်သွယ်ခွန်များကို ကင်းလွတ်ခွင့် ပေးသင့်ပါတယ်။ ဝင်ခွန်နှင့် ပတ်သက်ပြီးတော့ ကင်းလွတ်ခွင့်မတောင်းဆိုပါဘူးခင်ဗျား။ ပြည်တွင်း မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်လုပ်သားများ အလွန်အကြပ်အတည်း ဖြစ်နေ ပါတယ်။ ဒါကြောင့် စက်မှုဇုန် မော်တော်ယာဉ်လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ယခုဘဏ္ဍာရေးနှစ်မှစ၍ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုနိုင်၊ မပြုနိုင်သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်း (၁) နှင့်ပတ်သက်ပြီးတော့ စက်မှုဇုန်တွေမှာ ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေ ဘယ်မောင်း၊ညာမောင်းထုတ်လုပ်ခွင့်ကိစ္စတွေနှင့်ပတ်သက်လို့ မေးမြန်းသွားတာ ဖြစ်ပါတယ်။ ဒီမေးခွန်းကိုပြန်လည်ဖြေကြားရမယ်ဆိုရင်တော့ ကျွန်တော်တို့ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအနေနဲ့ စက်မှုဇုန်များမှာထုတ်လုပ်ရန် ခွင့်ပြုထားတဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်၍ အရည်အသွေးရှိတဲ့ မော်တော်ယာဉ်များ ထုတ်လုပ်အသုံးပြု နိုင်စေရေး၊ နိုင်ငံအတွက် လက်ရှိကျင့်သုံးနေတဲ့ လက်ယာကပ်မောင်းစနစ်နဲ့ ကိုက်ညီစေရေးရည်ရွယ်ပြီး ဘယ်မောင်း အမျိုးအစား မော်တော်ယာဉ်များကိုသာ စိစစ်ခွင့်ပြုပေးခဲ့ပါတယ်။ စက်မှုဇုန်များမှာ ထုတ်လုပ်ခွင့် ပြုထားသော ဘယ်မောင်းမော်တော်ယာဉ်အမျိုးအစားတွေက ဂျစ်ကား၊ ၁ တန် လိုက်ထရပ်၊ ၂ တန်ထရပ်၊ ၂.၅ တန် ထရပ်၊ ၃ တန်ထရပ်၊ ၄ တန်ထရပ်၊ ၆ ဘီး ၁၀ တန်ယာဉ်၊ ၁၂ ဘီး ၂၀ တန်ယာဉ်နှင့် အယောက် ၅၀ စီး ဘတ်စ်ကားများဖြစ်ကြပါတယ်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဘယ်မောင်းအမျိုးအစား ထရပ်ဘတ်စ်ကားများကိုသာ လုပ်ငန်းသုံးယာဉ်အဖြစ် တင်သွင်းခွင့်ပြုခဲ့သော်လည်း ပြည်တွင်းခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်ပို့ဆောင်မှုတို့တွင် ယာဉ်လိုအပ်ချက်များ ရှိနေပြီး ယာဉ်အို၊ ယာဉ်ဟောင်းအများစုကိုသာ အသုံးပြုနေရတဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှ စပြီးတော့ နိုင်ငံတော်ရဲ့အစီအမံနဲ့ ပြည်တွင်း၌ရှိနေတဲ့ အနှစ် ၄၀၊ အနှစ် ၃၀၊ အနှစ် ၂၀ သက်တမ်း ရှိတဲ့ ယာဉ်ဟောင်းများကို အပ်နှံပယ်ဖျက်စေပြီး ၁၉၉၅ ခုနှစ်မော်ဒယ်လ်မှ ၂၀၀၆ ခုနှစ်မော်ဒယ်လ် အထိ မော်တော်ယာဉ်အသစ်များအား ပြည်ပမှအစားထိုးတင်သွင်းခွင့်ပြု ခြင်းကို ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲတင်သွင်းခွင့်ပြုထားသော်လည်း ခရီးသည်တင် ဘတ်စ်ကားများကိုမူ ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းခွင့်ပြုထားပါတယ်။ ထို့အပြင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံသားတိုင်းအား ၂၀၀၇ ခုနှစ်မော်ဒယ်လ်မှ ၂၀၁၂ ခုနှစ် မော်ဒယ်လ်အထိ လူစီး မော်တော်ယာဉ်များကို ၂၀၁၂ ခုနှစ်၊ မေလမှစတင်၍ တင်သွင်းခွင့်ပြုထား ပါတယ်။ မော်တော်ယာဉ် တင်သွင်းသူများအနေနဲ့ ဂျပန်နိုင်ငံမှထုတ်လုပ်သော မော်တော်ယာဉ်များကို ပိုမိုနှစ်သက်ကြပြီး အဆိုပါမော်တော်ယာဉ်များဟာ ညာမောင်းယာဉ်အမျိုးအစားများ ဖြစ်ကြပါတယ်။ ဘယ်မောင်း အမျိုးအစားမော်တော်ယာဉ်များအနေနဲ့ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှထုတ်လုပ်တဲ့ ယာဉ်များသာဖြစ်ကြပြီး သုံးစွဲသူအကြိုက်နည်း၍ တွင်တွင်ကျယ်ကျယ် တင်သွင်း နိုင်မှုမရှိဘဲ လက်ရှိညာမောင်းအမျိုးအစား မော်တော်ယာဉ်များကိုသာ အများဆုံးတင်သွင်းကြောင်း တွေ့ရှိနေရပါတယ်။ ထိုသို့တင်သွင်းခွင့်ပေးခြင်းအားဖြင့် ပြည်သူများအနေနဲ့ မော်တော်ယာဉ်များကို ထိုက်သင့်တဲ့ဈေးနှုန်းများဖြင့် ဝယ်ယူအသုံးပြုလာနိုင်ခြင်း၊ မော်တော်ယာဉ်ရောင်းဝယ်မှုကို အဆင့်ဆင့် အမြတ်တင်ရောင်းချသည့် ပုံမှန်မဟုတ်သော စီးပွားရေးလုပ်ငန်းများ လျော့နည်းလာခြင်း၊ တရားမဝင် သောနည်းလမ်းများဖြင့် မော်တော်ယာဉ်များဝင်ရောက်မှု လျော့နည်းလာခြင်း၊ နိုင်ငံတော်မှ ရသင့် ရထိုက်တဲ့အခွန်အကောက်များရရှိလာခြင်းနှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းသုံးယာဉ်များ၊ ခရီးသည် တင် အငှားယာဉ်များတင်သွင်းခွင့်ပြုတဲ့အတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက် ကောင်းမွန်လာစေခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိလာပါတယ်။ ပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်သူများအနေနဲ့ အရည်အသွေးစံချိန်စံညွှန်းမီတဲ့ မော်တော်ယာဉ်များကို ဈေးကွက် လိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်းနှင့် ပြည်သူလူထု အသက် အန္တရာယ်မဖြစ်အောင် စံချိန်စံညွှန်းနှင့်ကိုက်ညီတဲ့ မော်တော်ယာဉ်များကို ထုတ်လုပ်သွားနိုင်မည် ဆိုပါက စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် ဘယ်မောင်း၊ ညာမောင်းမခွဲခြားဘဲ မော်တော်ယာဉ်ထုတ်လုပ်ခွင့်ပြုနိုင်ရေးကိစ္စကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်
စက်မှုဇုန်မော်တော်ယာဉ်လုပ်ငန်းများရဲ့ အခွန်ဖြေလျော့မှုနှင့် ပတ်သက် ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဟာ စက်မှုဇုန်များမှ ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်တွင် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများနှင့်ယှဉ်ပြိုင်ရောင်းချနိုင်ရေး အားပေးတဲ့အနေဖြင့် စက်မှုဇုန်များတွင် စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများက ထုတ်လုပ်ပြီး ပြည်တွင်း၌ရောင်းချသည့်ကုန်စည် များအပေါ် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပါ နှုန်းထားအသီးသီးဖြင့်ကျသင့်မည့်အစား ယင်းနှုန်းများ၏ ၂၀ ရာခိုင်နှုန်းအထိသာ ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ကောက်ခံရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရဲ့ ၁-၁၀-၁၉၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄၃/၉၉) ဖြင့်ထုတ်ပြန်ပေးခဲ့ပါတယ်။ အကယ်၍ ပြည်ပမှမော်တော်ယာဉ်တင်သွင်းပါက ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်းကျသင့်မှာ ဖြစ်ပါတယ်။ သို့ရာတွင် အဆိုပါအမိန့်ကြော်ငြာစာအရ ပြည်တွင်း၌မော်တော်ယာဉ်ထုတ်လုပ်ရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်အနေဖြင့် ကျသင့်ရမည့် ၂၅ ရာခိုင်နှုန်းအစား ၎င်း၏ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၅ ရာခိုင်နှုန်းသာထမ်းဆောင်ရမှာဖြစ်ပါတယ်။ ယခုအခါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ ၁၅-၃-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၁၅/၂၀၁၂) အရ အခွန်ဆိုင်ရာဖြေလျှော့မှုများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေဇယား ၂ မှ ဇယား ၅ ပါကုန်စည်များကို နှုန်းအသီးသီးဖြင့်ကျသင့်စေခြင်းမှ ၅ ရာခိုင်နှုန်းဖြင့်သာကျသင့်စေရန် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ ထို့အပြင် စက်မှုဇုန်များမှထုတ်လုပ် ရောင်းချသည့်ကုန်ပစ္စည်းများနှင့် ပြည်တွင်းဈေးကွက်တွင် ပြည်ပမှတင်သွင်းသည့်ကုန်ပစ္စည်းများ ယှဉ်ပြိုင်ရောင်းချနိုင်ရေးအားပေးတဲ့အနေဖြင့် စက်မှုဇုန်များတွင်တည်ရှိပြီး စနစ်တကျမှတ်ပုံတင် ဆောင်ရွက်လျက်ရှိတဲ့ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများအပေါ် အထက်ပါ ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည့်အစား ၃ ရာခိုင်နှုန်းဖြင့်သာကျသင့်စေရန် သက်သာခွင့်များခွင့်ပြု ပေးခဲ့ပါတယ်။ ဒါ့အပြင် အခွန်တစ်ကြိမ်တည်းသာကျသင့်စေရေးဆိုင်ရာ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများကို ပြင်ဆင်ပြဋ္ဌာန်းပေးပြီးဖြစ်ပြီး ပြည်ပမှကုန်ကြမ်းတင်သွင်းမှုအပေါ်ပေးဆောင်ခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန်အားလည်း ခုနှိမ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စက်မှုဇုန်ကားထုတ်လုပ်ရေး အတွက် ပြည်ပမှတင်သွင်းအသုံးပြုသော အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအတွက် ပေးဆောင်ခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန်အား ခုနှိမ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုရေးကိစ္စနှင့် ပတ်သက်၍လည်း လုပ်ငန်းမှအမြတ်ငွေရရှိမှသာလျှင် အခွန်ကျသင့်မှာဖြစ်ပါတယ်။ အကယ်၍ အရှုံးပေါ်ပေါက်ပါက ဝင်ငွေခွန်ပေးဆောင်ရန်မလိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
