မိမိတို့ ဆားလင်းကြီးမြို့နယ်သည် ယမားနှစ်ခုချောင်းကြားတွင်ရှိပြီး အနောက်ဘက်တွင် ကျောက်ထု မြို့နယ်၊ ယောမြို့၊ ဆောမြို့၊ ပုလဲမြို့ မြေမြင့်ဘက်၏ အရှေ့ဘက်ချင်းတွင်းမြစ် အနိမ့်ပိုင်းကို မိုးရာသီတွင်စီးဆင်းပါသည်။ တောင်ယမားချောင်း ဘုန်းစုငွေသာကျေးရွာ မှတစ်ဆင့် ညောင်ပင်ကိုင်းကျေးရွာအနီး ဖြတ်သန်းစီးဆင်းပြီးမိုးရာသီတွင် တောင်ကျရေရှိသဖြင့် မိုးရေစီးဆင်းမှုကြောင့် အရှိန်အဟုန်များပြား၍ ကမ်းပါးရေတိုက်စားမှုများရှိပါကြောင်း၊ ၂၀၁၁ မိုးရာသီတွင် တောင်သမားချောင်း ရေစီးဆင်းမှုကြောင့် ညောင်ပင်ကိုင်းကျေးရွာအနီး ကမ်းပါးပြိုပျက်မှုရှိသဖြင့် ဌာနဆိုင်ရာအသီးသီးကို တင်ပြသည့်အခါ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက် ရေကြောင်းထိန်းသိမ်းရေးဌာနမှ ပညာရှင်များ၏ အကူအညီရယူ ထိန်းသိမ်းခဲ့ရပါကြောင်း၊ ၂၀၁၂-၁၃ ကျေးရွာလူထုလုပ်အားဖြင့် ကိုယ်ထူကိုယ်ထ မျှောတိုင် ၁၀၀၀ ကျော် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ရေစီးဆင်းမှုများကြောင့် မြေပြိုမှုသည် ယခုအချိန်ထိ ဆက်လက်ဖြစ်ပွားပြီး ဘုရားစေတီနှင့် မူလတန်းကျောင်း ဧရိယာ ပေ ၅၀ လောက်သာ ဝေးသည့်အခြေအနေရှိပါကြောင်း၊ မြေပြိုမှု ထပ်မံမဖြစ်ပွားရေးအတွက် သက်ဆိုင်ရာပညာရှင်များနှင့် ဖွင့်ဖြိုးရေးရန်ပုံငွေအသုံးပြုပြီး ဒေသခံပြည်သူများ အပါအဝင် မိုးရာသီမရောက်ခင် ဆောင်ရွက်ပေးနိုင်ပါရန် ကမ်းပါးပြိုကျမှုကြောင့် ဘုရားစေတီ၊ မူလတန်း ကျောင်း ပျက်စီးမည့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရွက်ပေးနိုင်ရန်နှင့် အဆိုပါလုပ်ငန်းအား မိုးရာသီမတိုင်မီ ကမ်းပါးပြိုကျမှုကာကွယ်ပေးမည့် အစီအမံများရှိ/မရှိ သိလိုရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကိုင်းကျေးရွာအနီး တောင်ယမားချောင်းရေတိုက်စားမှု အခြေအနေ ကို ၁၂-၆-၂၀၁၃ ရက်နေ့နှင့် ၄-၅-၂၀၁၄ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၂-၆-၂၀၁၃ နေ့ ကွင်းဆင်းစစ်ဆေးစဉ် ညောင်ပင်ကိုင်း ကျေးရွာလူထုမှ မျောတိုင်တန်းရေကာတိုများ တည်ဆောက်ပေးခဲ့ခြင်းကြောင့် ကမ်းပါးအခြေများတွင် သဲသောင်များဖြစ်ထွန်းပြီး ကမ်းပါးတည် ငြိမ်လျက် ရှိပါကြောင်း၊ ၄-၅-၂၀၁၄ ရက်နေ့ ကွင်းဆင်း စစ်ဆေးစဉ် ၂၀၁၃ ခုနှစ် မိုးရာသီ တောင်ယမားချောင်း ရေကျဆင်းချိန် ချောင်း၏ရေစီးကြောင်း ပြောင်းလဲမှုကြောင့် ကမ်းပြိုမှုများ ထပ်မံဖြစ်ပေါ်ခဲ့ပါသည် ချောက်ကမ်းပါး မတ်စောက်လျက်ရှိပြီး ကမ်းပြိုအလျားမှာ ၉၀၀ ပေခန့်ရှိကြောင်း စိစစ်တွေ့ရှိရပါသည် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မီးဘေး၊ သဘာဝဘေး၊ အန္တရာယ် ကြိုတင်ကာကွယ်ရေး ခွင့်ပြုရန်ပုံငွေစာရင်းတွင် ညောင်ပင်ကိုင်းကျေးရွာ ကမ်းပါးပြိုမှုကာကွယ်ရေး အတွက် ကျပ် ၃၅.၀၀ သန်း ပါဝင်ကာမူလလျာထား အစီအမံ Steel Basket အခြေပြုကျောက်စီမြေထိန်း နံရံအလျား ၂၇၀ ပေတည်ဆောက်ခြင်းနှင့် မျောတိုင်တန်းကရစ် ကွက် အလျား ၃၈၀ ပေ တည်ဆောက် ခြင်းတို့ဖြစ်ပါကြောင်း၊ ယခုအခါမှာ ချောင်းရေလမ်းကြောင်းပြောင်းလဲလာပြီး ဖြစ်ပေါ်နေတဲ့ မြေပြင် အခြေအနေအရ ကမ်းပါးပြိုအလျား ၉၀၀ ပေမှာ Steel Basket အခြေ ပြုကျောက်စီနံရံ တည်ဆောက် ခြင်းနဲ့ Steel Basket တည်ငြိမ်မှု အထောက်အကူပြု မျောတိုင်တန်း ကျောက်ဖြည့်ရေကာတို အလျား ၈၀ ပေ (၆) ခု တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်း၏ ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်း ၁၂၀ ဖြစ်ပါသည်။ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေ ၃၅.၀၀ သန်းဖြင့် Steel Basket အခြေပြုကျောက်စီနံရံ မြေထိန်းနံရံ အလျား ၂၆၀ ပေ တည်ဆောက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် Steel Basket အခြေပြုကျောက်စီမြေထိန်းနံရံ အလျား ၆၄၀ ပေနှင့် မျောတိုင်တန်း ကျောက်ဖြည့် ရေလွှဲ ရေကာတို အလျား ၈၀ ပေ (၆) ခု ခန့်မှန်းတန်ဖိုးငွေ ၈၅.၁၀ သန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီးဘေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဖြည့်စွက်ရန်ပုံ ငွေ ရရှိရေးတင်ပြတောင်းခံမည်ဖြစ်ပြီး ဖြည့်စွက်ရန်ပုံငွေရရှိပါက ကျန်ရှိသည့် Steel Basket အခြေပြု ကျောက်စီမြေထိန်းနံရံ အလျား ၆၄၀ ပေနှင့် မျောတိုင်တန်း ကျောက်ဖြည့်ရေကာတို အလျား ၈၀ ပေ (၆) ခု တည်ဆောက်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
