(က)-မြန်မာနိုင်ငံ၏ မြို့တော်များအား သန့်ရှင်းလှပသည့် နိုင်ငံတကာအဆင့်မီမြို့တော်များ ဖြစ်အောင် ကွမ်းစားသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာစေရန် မည်ကဲ့သို့စီမံချက်များ စတင် ချမှတ်ဆောင်ရွက်မည်ကို သိလိုသည့်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၄.၈.၂၀၁၂)

 

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လူမျိုးအညွန့် တုံးမှုပပျောက်စေရန် စီမံချက်ချမှတ်၍ ကျန်းမာရေးအရ ဆေးရွက်ကြီး သောက်သုံးမှုအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ နှစ်စဉ် ကမ္ဘာ့ဆေးရွက်ကြီးများ တိုက်ဖျက်ရေးနေ့အဖြစ် ကျင်းပပြုလုပ်လေ့ရှိပါ တယ်။ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသည့် အဓိက မြို့တော်ကြီးများဖြစ်သော ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များနှင့်အခြားမြို့ကြီးများတွင် ဆေးလိပ်သောက်သုံးခြင်းအား နေရာ သတ်မှတ်၍ လည်းကောင်း၊ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါသော ဘတ်စ်ကားပေါ်တွင်လည်း ကောင်း၊ အထက်တန်း၊ အလယ်တန်းကျောင်းများအနီးတွင် ဆေးလိပ်ကင်းမဲ့ဇုန်များအဖြစ် သတ်မှတ်၍ လွန်ခဲ့သည့် ၂၀၀၀ ခုနှစ်မှစ၍ လူထုလှုပ်ရှားမှုအသွင်အဖြစ် ဆေးလိပ်သောက်သုံးမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ စည်းကမ်းချက်များချမှတ်ကာ အသိပညာပေးထားပြီးဖြစ်သဖြင့် လိုက်နာဆောင် ရွက်နေသည်ကို ဝမ်းမြောက်စွာတွေ့နေရပြီး ဖြစ်ပါတယ်။ ယခုအခါ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး အတွက် မြန်မာနိုင်ငံ မြို့တော်များတွင် ကွမ်းစားသုံးမှုများပြားလာပြီး ကွမ်းတံတွေးများအား စည်းကမ်း မဲ့ အလွန်ညစ်ပတ်စွာ နေရာတိုင်း ထိန်းသိမ်းမှုမရှိဘဲ လမ်းဘေးပလက်ဖောင်းများတွင်လည်းကောင်း၊ အများသုံးဘတ်စ်ကားများပေါ်မှလည်းကောင်း၊ အငှားယာဉ်များပေါ်မှလည်းကောင်း ကွမ်းစားသုံးသူ များသည် ကွမ်းတံတွေးများအား ပစ်စလက်ခတ်ထွေးနေသည်ကို အများပြည်သူများ ကြုံတွေ့ခံစားနေ ရပါတယ်။ ယခုအခါ မြို့တော်ကြီးများမှာ ပြင်ပမှ အလည်အပတ်ရောက်ရှိနေသော နိုင်ငံခြားသားများ နှင့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးများတွင် ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် မြန်မာနိုင်ငံသူနိုင်ငံသားများအလွန်အရုပ်ဆိုးအကျည်းတန်နေသည့် ညစ်ပတ်နေသော မြင်ကွင်းများကြောင့် ဂုဏ်သိက္ခာကျဆင်းနေသည်ကို မြင်တွေ့နေရသဖြင့် မြန်မာနိုင်ငံ၏ မြို့တော်အား သန့်ရှင်းလှပသော နိုင်ငံတကာအဆင့်မီ မြို့တော်ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်းနှင့် ယခုလို ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီရနေသည့် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဒီမိုကရေစီကျကျ စည်းကမ်းရှိစွာ ကွမ်းတံတွေးများ ထွေးတတ်နိုင်ဖို့အတွက် တင်ပြရခြင်း ဖြစ်ပါသည်။ သို့ပါ၍ ကျွန်တော် မေးလိုတဲ့မေးခွန်းကတော့ ကွမ်းစားသုံးသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာ စေရန်နှင့် နိုင်ငံတော်မှ ဥပဒေအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း မည်ကဲ့သို့ ဆောင်ရွက် ထားခြင်းရှိ၊ မရှိ။ အစီအစဉ်ရှိပါကလည်း မည်ကဲ့သို့ ရေရှည်စီမံချက်များ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်အကောင်အထည်ဖော်မည်ဆိုတာ သိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကွမ်းစားသုံးသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာစေရန် ရုံးဌာနများတွင် ကွမ်းတံတွေးမထွေးရ ဆိုင်းဘုတ်များ၊ အများနှင့် သက်ဆိုင်သော လူစည်ကားရာနေရာများတွင် ကွမ်းတံတွေးမထွေးရ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ကို ဆိုင်းဘုတ်များ စိုက်ထူ၍ သတိပေးတားမြစ်ထားသည့်အပြင် ရုံးဌာနများနှင့် လူစည်ကားရာနေရာများတွင် ကွမ်းတံတွေးထွေးရန် သတ်မှတ်ရာနေရာများ၊ သဲပုံးများ သတ်မှတ် ထားရှိပေးပြီး ကော်မတီမှ စည်းကမ်းမဲ့ ကွမ်းတံတွေး မထွေးစေရေးအတွက် သတိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် အများပြည်သူမှ စနစ်တကျ လိုက်နာဆောင်ရွက်ရေးအတွက် ကော်မတီရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေ ၃၂ တွင် ကော်မတီသည် နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့်နေရာဒေသများတွင် အမှိုက်စွန့်ပစ်ရန် တံတွေးနှင့် ကွမ်းတံတွေးထွေးရန် သင့်လျော်သည်‌့အစီအမံများ ဆောင်ရွက်ထားရှိရမည်ဟု ပြဋ္ဌာန်းထားပြီး နည်းဥပဒေ ၅၈ တွင် မည်သူမျှ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကော်မတီမှ သတ်မှတ်သည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာဒေသများတွင် စည်းကမ်းမဲ့ တံတွေး သို့မဟုတ် ကွမ်းတံတွေး မထွေးရဟု သတိပေးပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။

နေပြည်တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၄ အရ မည်သူမဆို ဤဥပဒေအရ ကော်မတီက ထုတ်ပြန်သည့်နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်ဟု ပြဋ္ဌာန်းထားရှိပါတယ်။ နည်းဥပဒေပုဒ်မ ၅၈ အရ ကွမ်းတံတွေး မထွေးရန် သတိပေး တားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသူများသည် အထက်ဖော်ပြပါ ပုဒ်မ ၂၄ အရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူ၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေ ၃၂ နှင့် ၅၈ တို့ကို ပြဋ္ဌာန်းထားရှိပြီး လိုက်နာဆောင်ရွက် ခြင်းမရှိသူများအား နေပြည်တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၄ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှေးဦးစွာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရန် အများပြည်သူမှ အသိစိတ်ဓာတ်ဖြင့် ပါဝင် ဆောင်ရွက်လာစေရန် သတိပေးခြင်း၊အသိပေးခြင်း၊ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း၊ ဥပဒေကို သိရှိ လေးစားလိုက်နာစေရေး၊ ပညာပေးရေးလုပ်ငန်းများကို သတိပေးနှိုးဆော်၍ ပညာပေးကာလ သတ် မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ကာလ ပြီးဆုံးပါက စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီများမှလည်း အလားတူအမိန့်များ ထုတ်ပြန် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များမှလည်း စည်ပင်သာယာရေးဥပဒေ ပြန်လည်ရေးဆွဲရာတွင် ထည့်သွင်းကြပ်မတ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။