(င)-၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားနှင်‌့ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေမည်မျှထုတ်ချေးခဲ့ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၈.၈.၂၀၁၂)

 

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အပေါင်မဲ့ ၁ နှစ် ကို ၁၅ ရာခိုင်နှုန်း၊ ၁ လကို ၁.၂၅ ရာခိုင်နှုန်းအတိုးနဲ့ ထုတ်ချေးရန်ထုတ်ပြန်ခဲ့တဲ့ အစီအစဉ်တစ်ရပ်နဲ့ ပတ်သက်ပြီးတော့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးဖို့ စတင်ပြီး အဆိုတင်ကြတာ ဆွေးနွေးတာရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော့်အနေနဲ့ ဒီကိစ္စကို သုံးသပ်တဲ့အခါမှာ ပထမအချက်အနေနဲ့ကတော့ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေရဲ့တောင်းဆိုမှုမရှိဘူးဆိုတဲ့ အချက်တစ်ချက်၊ ဒုတိယအချက်အနေနဲ့ကျတော့ ကျွန်တော့်ရဲ့ အမြဲစောင့်ကြည့်လေ့လာမှုအရပေါ့လေ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းတွေမှာ ငွေလိုအပ်မှုမရှိဘူး။ မရှိတဲ့အပြင် သူတို့မှာငွေပိုလျှံမှုရှိနေတယ်။ အဲဒီ ပိုလျှံတဲ့ငွေတွေနဲ့ အိမ်ခြံမြေစသည်တို့အားဖြင့် ဝယ်ကြ၊ ရောင်းကြဆိုတာမျိုး လုပ်နေကြတယ်ဆိုတာတွေ့နေရတယ်။ တတိယအချက်အနေနဲ့ကတော့ အခုလိုမလိုအပ်ပဲနဲ့ အတိုးနဲ့အပေါင်မဲ့ငွေတွေ ထုတ်ချေးမယ် ဆိုလို့ရှိရင် ကျွန်တော်ခုနက ဒုတိယအချက်မှာပြောသလိုပါပဲ တစ်ဆင့် ပြန်ပြီးချေးတာတွေ ဥပမာအားဖြင့် ဒီမှာက ၁ လကို ၁.၂၅ ရာခိုင်နှုန်းနဲ့ ချေးမယ်ဆိုလို့ရှိရင် အပြင်မှာ ၁.၅ ရာခိုင်နှုန်းနဲ့ ပြန်ချေးစားလို့ရပါတယ်။ ၂ ရာခိုင်နှုန်းနဲ့ ပြန်ချေးစားလို့ရပါတယ်။ ဒီကိစ္စ မျိုးတွေပေါ်ပေါက်နိုင်တယ် ဆိုတာကိုဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခါ တစ်ဆက်တည်းလိုပဲ ခုနကပြောသလို အိမ်ခြံမြေစတဲ့ပိုင်ဆိုင်မှုတွေ၊ ကုန်ကြမ်းတွေ၊ လောင်စာတွေကို လှောင်တဲ့အခါမှာ ဒီငွေတွေကို သုံးဖို့ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့တိုင်းပြည်မှာ ကုန်ဈေးနှုန်းတက်မယ်။ ငွေကြေး ဖောင်းပွမှုဖြစ်မယ်ဆိုတဲ့အကြောင်း ကျွန်တော်ထည့်ပြီးဆွေးနွေးခဲ့ပါတယ်။ နောက်ဆုံး စတုတ္ထအချက် အနေနဲ့ကတော့ နိုင်ငံတော်ဘက်ကနေပြီးတော့ ဒီအသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းတွေပါဝင်ရ မယ့် Participate လုပ်ရမယ်ပေါ့လေ။ စီမံကိန်းတွေ၊ စီမံချက်တွေ ကျွန်တော်တို့ချထားတာ၊ လုပ်ထား တာမရှိပါဘူး။ အဲ့လိုမရှိပဲနဲ့ ငွေထုတ်ကြီးပိုက်ပြီးတော့၊ လိုက်ပြီးတော့ယူပါယူပါဆိုပြီးတော့ ပိုက်ဆံ လိုက်ထုတ်ချေးပေးမယ်ဆိုလို့ရှိရင် စောစောကပြောတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော် မြင်တဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ နှိုက်လို့မကုန်တဲ့ငွေတွင်းကြီးရှိတာ မဟုတ်ပါဘူး။ ပိုက်ဆံဆိုတာ ရှာမှရတာပါ။ စုမှရတာပါ။ ချေးမှရတာပါ။ အဲတော့ ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်းခေါ်နေရပါတယ်။ နိုင်ငံခြားကနေပြီးတော့လည်း ချေးငွေ ထုတ်ပေးဖို့ခေါ်နေရပါတယ်။ အဲလိုအနေအထားမျိုးမှာ ဒီကိစ္စကို ကျွန်တော့်အနေနဲ့ ကန့်ကွက်ခဲ့တာ ရှိပါတယ်။ သို့ပေမယ့်လို့လည်း နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့အသစ်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးအပြီးမှာပဲ ပေါ်ပေါက်လာပါတယ်။ အဲဒီမှာ ပင်စင်စားတွေကို ပင်စင်တွေတိုးပေးတယ်။ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးချေးငွေတွေ၊ ထောက်ပံ့ရေး အစီအစဉ်တွေကိုထုတ်ပြန်ကြေညာတယ်။ အဖွဲ့ဖွဲ့ပြီးတော့ လုပ်ကိုင်ပေးတယ်။ ဒါတွေဟာ မင်္ဂလာပါ။ သို့သော်လည်းပဲ ခုနက အင်နဲ့ အား၊ ဝန်နဲ့အား၊ မြားနဲ့လေးဆိုတာရှိပါတယ်။ အဲတော့လယ်သမားတွေ ကို ထောက်ပံ့ကူညီတာတွေလုပ်ပေးသလိုပေါ့လေ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း တွေကိုပါ ငွေချေးဖို့ကြေညာထားတာတွေ့ရပါတယ်။ အဲဒီမှာ ကျွန်တော် ဆက်လက်ပြီးလေ့လာတဲ့ အခါကြတော့ ဆွေးနွေးသလိုပါပဲ စောင့်ကြည့်လေ့လာတဲ့၊ လေ့လာသုံးသပ်ထားတဲ့ ပုံစံလိုပါပဲ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေက ဒီချေးငွေကိုလာပြီးချေးတယ်ဆိုတာ ပထမ တစ်ယောက်မှမရှိပါဘူး။ နောက်တော့မှ အဖွဲ့ဆိုတာပေါ်လာပါတယ်လို့ ကျွန်တော်ကြားပါတယ်။ အဲတော့မှ နိုင်ငံတော်ကချမှတ်တဲ့မူဝါဒကြီးဆိုတဲ့အခါကျတော့ အောင်မြင်ဖို့အတွက် နိုင်ငံတော်အပိုင်း ကနေပြီးတော့ မောင်းနှင်အားပေးတယ်၊ တွန်းအားပေးတယ်ဆိုတဲ့အခါ နောက်ပိုင်းမှသာလျှင် ငွေချေးတဲ့သူ ရှစ်ဦး၊ ကိုးဦးလောက်ထွက်လာတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ လွှတ်တော်ဆိုတာ ကတော့ ကျွန်တော်တို့က ဥပဒေပြုတယ်၊ ဥပဒေပြဋ္ဌာန်းတယ်၊ ဆှေးနွေးတယ်ဆိုတာတော့ ဟုတ်ပါ တယ်။ သို့သော်လည်းပဲ ကျွန်တော့်အမြင်မှာကတော့ လွှတ်တော်ဆိုတာက ပြည်သူကရွေးချယ် တင်မြှောက်လိုက်တယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကနေပြီးတော့ ပြည်သူ့အရေးအရာတွေကို မေးမြန်းကြတဲ့၊ ဆွေးနွေးကြတဲ့နေရာဖြစ်ပါတယ်။ မေးမြန်းဆွေးနွေးရင်းနေပြီးတော့က လိုအပ်တဲ့ မူဝါဒတွေ၊ Policy တွေ၊ ဥပဒေတွေ၊ နည်းနာတွေဖော်ထုတ်ကြမယ်။ ဥပဒေအတွက် အဆိုတင်ကြမယ်။ ဥပဒေမူကြမ်းတွေလိုအပ်သလိုပြုစုကြမယ်။ ပြီးတော့တစ်ခါ ဒီဥပဒေကြမ်း၊ ဒီဥပဒေတွေအရ အစိုးရ အဖွဲ့အစည်းကနေပြီးတော့ ဆက်လက်အကောင်အထည်ဖော်တာကို ကျွန်တော်တို့က ပြန်လည် စောင့်ကြည့်မယ်။ ပြန်လည်ထိန်းကျောင်းမယ်။ လိုအပ်တာကိုအရင်ဆွေးနွေးမယ်ဆိုတဲ့နေရာ၊ ခန္ဓာ အဖွဲ့ကြီးဖြစ်ပါတယ်။ နေရာဆိုတာ Place ပေါ့လေ။ ခန္ဓာဆိုတာ Body ပေါ့။ အဖွဲ့အစည်း အနေနဲ့ကတော့ Institution ဖြစ်ပါတယ်။ ဒီလွှတ်တော်ကြီးက ပြီးပြီးရောဆိုတဲ့သဘောမျိုးနဲ့ ကျွန်တော်တို့က ဆွေးနွေးခဲ့တာ၊ အဆိုတွေတင်ခဲ့တာမဟုတ်ပါဘူး။ လုပ်ခဲ့ကိုင်ခဲ့သမျှကိုလည်းပဲ ပြန်လည်ပြီးသုံးသပ်ဖို့ဆိုတာလိုအပ်ပါတယ်။ တာဝန်လည်းရှိပါတယ်။ အဲတော့က ကျွန်တော်မေးချင်တဲ့ မေးခွန်းက ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းမှာ တော်တော်လည်းပြောလို့အရသာရှိတဲ့ SME ပေါ့လေ၊ Small and Medium Enterprises အဲ့လိုလုပ်ငန်းတွေကို ငွေချေးပေးတာနဲ့ပတ်သက်လို့ ဘယ်လိုမူဝါဒချမှတ်ပြီး ချေးငှား၊ ထုတ်ချေးခဲ့သလဲ။ အဲဒီမှာ နိုင်ငံတော်ဘက်ကစီမံကိန်း၊ စီမံချက်တွေ မှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်လောက်အထိပါဝင်အထောက်အကူ ပြုပြီးတော့ ဒီချေးငွေတွေကိုသုံးစွဲပြီးတော့ အကျိုးပြုခဲ့ပါသလဲ။ အဓိကအားဖြင့်ကတော့ ဒါနှစ်ရှည် ချေးငွေလည်းဖြစ်မယ်၊ နှစ်လတ်ချေးငွေလည်းဖြစ်ပါလိမ့်မယ်။ မည်သို့ပင်ဖြစ်စေပေါ့လေ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းမှာ ထုတ်ချေးပြီးတဲ့နောက်မှာကတော့ အဲဒီထုတ်ချေးငွေပမာဏက ပြန်ဆပ်ရမယ့် အချိန်တိုင်ကျရောက်လာတဲ့ပမာဏအပေါ်မှာ ဘယ်လောက်ဆပ်ပြီးပြီဆိုတဲ့ကိစ္စရပ်တွေကို ကျွန်တော့် အနေနဲ့သိချင်တဲ့အတွက်ကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

နိုင်ငံတော်ကပြောင်းလဲကျင့်သုံးတဲ့ ဈေးကွက်စီးပွားရေးမူဝါဒနဲ့အညီ ငွေရေးကြေးရေးစနစ်၊ ဘဏ်လုပ်ငန်းစနစ် အရည်အသွေးမြင့်မားစေရန် ရည်ရွယ်ပြီးတော့ ပုဂ္ဂလိကဘဏ်များကိုတည်ထောင်ဖွင့်လှစ်ခွင့်ပြုထား ပြီးဖြစ်ပါတယ်။ ဒီလိုခွင့်ပြုထားရာမှာ ပုဂ္ဂလိကဘဏ်များရဲ့ ဒါရိုက်တာအဖွဲ့အနေနဲ့ တည်ဆဲမြန်မာ နိုင်ငံတော်ဥပဒေ၊ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနဲ့အညီ သီးသန့်ငွေလိုအပ်ချက် (Reserve Requirement)၊ ငွေကြေးလွယ်ကူမှုလိုအပ်ချက် (Liquidity Requirement)၊ မတည် ငွေရင်းလုံလောက်မှုလိုအပ်ချက် (Capital Adequacy Requirement) တို့ကိုစီမံခန့်ခွဲပြီး အများ ပြည်သူထံမှအပ်ငွေများလက်ခံကာ ချေးငွေများထုတ်ချေးခြင်းနှင့် အခြားသောဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လွတ်လပ်စွာဆောင်ရွက်လျက်ရှိကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဟာ ပုဂ္ဂလိကဘဏ်များကို ငွေရေးကြေးရေးတောင့်တင်းခိုင်မာမှုရှိစေဖို့အတွက် ပုံမှန်ကြီးကြပ် စစ်ဆေးမှုတွေပြုလုပ်လျက်ရှိပြီးတော့မှ သတ်မှတ်ထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိကိုလည်း စီစစ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းပုဂ္ဂလိကဘဏ်များရဲ့ နေ့စဉ်စာရင်းဇယား များကိုပေးပို့စေပြီးတော့ ဘဏ်တွေအားလုံးရဲ့ နေ့စဉ်ဘဏ္ဍာရေးအခြေအနေနဲ့ အပတ်စဉ်၊ လစဉ် ဘဏ္ဍာရေးအခြေအနေတွေကို စောင့်ကြည့်စိစစ်လျက်ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်း ကဏ္ဍဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်ခင်ဗျား။ ဘဏ်များအနေနဲ့ အမြတ်ရရှိမှ သာ ရေရှည်ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအမြတ်ရရှိအောင် ချေးငွေတွေကိုထုတ်ချေး တဲ့နေရာမှာ အရည်အသွေးမီချေးငွေ ( Quality Loan ) များကိုထုတ်ချေးကြပါတယ်။ ဘဏ်တွေ အနေနဲ့ ချေးငွေထုတ်ချေးတဲ့နေရာမှာ အများပြည်သူရဲ့အပ်ငွေဟာ အများဆုံးပါဝင်တာကိုတွေ့ရှိရပါ တယ်။ ထုတ်ချေးတဲ့ချေးငွေတွေဟာ အရည်အသွေးမီချေးငွေ ( Quality Loan ) တွေမဟုတ်လို့ရှိရင် ဘဏ်တွေအနေနဲ့ စွန့်စားမှု (Risk) တွေများနိုင်ပါတယ်။ တကယ်လို့ စွန့်စားမှု (Risk) များတဲ့ အရည်အသွေးမမီတဲ့ ချေးငွေတွေအနေနဲ့ အရင်းအတိုးပေးဆပ်ရန်ပျက်ကွက်လို့ရှိရင် ဘဏ်အနေနဲ့ ဆုံးရှုံးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘဏ်များအနေနဲ့ ရေရှည်ခိုင်မာတည်တံ့စွာရပ်တည်နိုင်ရေး အတွက် ဆုံးရှုံးနိုင်ချေများတဲ့ စွန့်စားမှုတွေကို လျှော့ချရန်လိုအပ်ပါတယ်။ ဒီစွန့်စားမှုများ၊ စီမံခန့်ခွဲမှု အတွက်ကိုလည်း ပုဂ္ဂလိကဘဏ်များအနေနဲ့ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုကော်မတီ (Risk Management Committee)ကို ဖွဲ့စည်းပြီးတော့ ဆုံးရှုံးနိုင်ချေရှိတဲ့ချေးငွေများနဲ့ ရပိုင်ခွင့်တွေကို စိစစ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ချေးငွေတွေဆုံးရှုံးမှုမရှိစေဖို့အတွက် လုံလောက်တဲ့ အာမခံများရယူခြင်း၊ ထုတ်ချေးထားတဲ့ချေးငွေအပေါ် ကာမိတဲ့မီးအာမခံများထားရှိစေခြင်းများ ကျွန်တော်တို့ဆောင်ရွက်ကြပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပုဂ္ဂလိကဘဏ်များ အနေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှုထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ သယ်ယူ ပို့ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းအသီးသီးတို့ကို ချေးငွေများ ထုတ်ချေးလျက်ရှိကြပါတယ်။ အဆိုပါထုတ်ချေးလျက်ရှိတဲ့ ချေးငွေတွေအနက် စက်မှုလက်မှု ထုတ်လုပ်မှုလုပ်ငန်းများကို ထုတ်ချေးငွေတွေဟာ စုစုပေါင်းထုတ်ချေးငွေကျပ် ၆၇၇.၅ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂၄.၁၄ ရာခိုင်နှုန်းရှိပြီး အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများသို့ အများဆုံးထုတ်ချေးထားခြင်းပဲဖြစ်ပါတယ်။ ဒီလိုထုတ်ချေးရာမှာလည်း ဆုံးရှုံးမှုမရှိစေဖို့အတွက် လုံလောက်တဲ့အာမခံများဖြစ်တဲ့ မြေနှင့် အဆောက်အဦတွေကို အာမခံအဖြစ်ရယူပြီး ချေးငွေများ ထုတ်ချေးခဲ့ပါတယ်။ အတိုးနှုန်းအနေနဲ့ ဗဟိုဘဏ်မှသတ်မှတ်ထားတဲ့ချေးငွေအပေါ် ကောက်ခံနိုင် သောအတိုးနှုန်း ၁၃ရာခိုင်နှုန်းဖြင့်သာထုတ်ချေးပါတယ်။ ဘဏ်များအား လောလောဆယ်မှာ အာမခံမဲ့ဖြင့် ချေးငွေများထုတ်ချေးခြင်းကို ခွင့်ပြုပေးထားခြင်းမရှိသေးပါဘူး။ နိုင်ငံတော်ရဲ့စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို လိုအပ်တဲ့အရင်းအနှီးများအတွက် လက်ရှိမှာဘဏ်များမှ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်းနှင့် တစ်ဖက်မှာလည်း အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ပိုမိုထိထိရောက်ရောက်ဆောင်ရွက် နိုင်စေရန် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် (Myanmar Industrial Development Bank) (MIDB) ကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (Small and Medium Industrial Development Bank) (SMIDB)အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားရှိပြီး ဖြစ်တာကြောင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ပိုမိုအကျိုးပြုအထောက် အကူပြုနိုင်မှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။