မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးဟာ မူလတည်ထောင်စဉ်အခါတုန်းက ဒေသဆိုင်ရာ ဆေးရုံတစ်ခုသာ ဖြစ်ပေမယ့် ယခုအခါမှာတော့ ရန်ကုန်ဆေးတက္ကသိုလ်(၂)ရဲ့ သင်ကြားရေး ဆေးရုံကြီး (Teaching Hospital ) ဖြစ်ရုံသာမက ဗဟိုအဆင့်အထွေထွေရောဂါကုဆေးရုံကြီးလည်း ဖြစ်ပါတယ်။ ဒီဆေးရုံကြီးနှင့်ပတ်သက်ပြီးတော့ လိုအပ်ချက်တချို့ကို ကျွန်တော့်အနေနဲ့ တင်ပြ မေးမြန်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ (၁) မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ ဗဟိုအဆင့် ဆေးရုံကြီးဖြစ်ပေမယ့် ဗဟိုအဆင့်ဆေးရုံကြီးနဲ့ အင်္ဂါရပ်နဲ့မညီညွတ်တဲ့ အချက်ကတော့ ပင်မမူလ ကုသဆောင်များမှာ ဓာတ်လှေကားတပ်ဆင်မှုမရှိတာ ဖြစ်ပါတယ်။ ပင်မမူလ ကုသဆောင်များဟာ နှစ်ထပ်ဆောင်များဖြစ်ပေမယ့် အပေါ်ထပ်အဆောင်များမှာ သားဖွားဆောင်များရှိပါတယ်။ မြေညီ ထပ်မှာတော့ မီးယပ်ဆောင်များရှိပါတယ်။ ထို့နည်းတူပဲ အပေါ်ထပ်ဆောင်များမှာ ခွဲစိတ်ဆောင်များ ရှိပြီးတော့ အောက်ထပ်မြေညီထပ်မှာလည်း ခွဲစိတ်ဆောင်များရှိပါတယ်။ ခွဲစိတ်ခန်းများကတော့ အပေါ်ထပ်မှာ ရှိပြီးတော့ Emergency Operation Theratre အရေးပေါ်ခွဲစိတ်ခန်းကတော့ အောက်ထပ်မှာရှိတာ ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေအရ မှာဆိုရင် ခွဲစိတ်ခန်းဝင်တဲ့လူနာများနှင့် ခွဲစိတ်ခန်းက ထွက်တဲ့လူနာများဟာ Structure များနဲ့ သယ်ဆောင်ပြီးတော့ ရိုးရိုးလှေကားအတိုင်း သယ်ဆောင်ရပါတယ်။ အဲ့လိုလုပ်ဆောင်ရတဲ့အတွက် ဗဟိုအဆင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ဟာလည်း လူနာအရေအတွက် များပြားတဲ့ ဆေးရုံကြီးဖြစ်တဲ့ အတွက် ဗဟိုအဆင့် ဆေးရုံကြီးရဲ့အင်္ဂါရပ်နဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် ဓာတ်လှေကားတပ်ဆင်ပေးဖို့ လိုအပ်တာကို တင်ပြပါတယ်။ ဒါပထမအချက် ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ Guard Ward ဆိုတဲ့ အချုပ်ကျလူနာဆောင် မရှိပါဘူး။ အဲ့ဒီတော့ အချုပ်ကျလူနာများကို မကြာခဏ Admission လုပ်ရတာ ရှိပါတယ်။ အဲ့လိုလုပ်တဲ့အခါမှာဆိုရင် အချုပ်ကျလူနာများဟာ လက်ထိပ်ခတ်ရပါတယ်။ တချို့ဟာ ဆိုလို့ရှိရင် လက်ထိပ်တင်မကဘူး။ ခြေထိပ်ပါခတ်ရတဲ့လူနာများရှိပါတယ်။ အဲ့ဒီအချုပ်ကျလူနာ များဟာ သာမန်ပြည်သူလူနာများနဲ့ထားရှိရတဲ့အတွက် ဒါဟာလည်းပဲသင့်တော်ခြင်း မရှိတာကိုတွေ့ရ ပါတယ်။ ဒါကြောင့်မို့လို့ Guard Ward အချုပ်ကျလူနာဆောင် ရန်ကုန်ဆေးရုံကြီးကဲ့သို့ထားရှိ သင့်တာကိုတွေ့ရှိရပါတယ်။ တတိယအချက်အနေနဲ့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးဟာ လူနာ အရေအတွက်အလွန်များပြားပါတယ်။ အဲ့ဒီမှာ အခု Oxygen Plant ခေါ်တဲ့ Oxygen Central Supply မရှိတာကို တွေ့ရပါတယ်။ အဲ့ဒီတော့ လူနာအလွန်များပြားတဲ့ ဗဟိုအဆင့်ဆေးရုံကြီးမှာ Oxygen လုံလောက်မှု မရှိတာကိုလည်းပဲ တတိယအချက်အနေနဲ့ ကျွန်တော် တင်ပြပါတယ်။ အခု ကျွန်တော်တင်ပြဆွေးနွေးသွားတဲ့ အဓိက လိုအပ်ချက်များ၊ ဗဟိုအဆင့် ဆေးရုံကြီးအင်္ဂါရပ်နဲ့ မညီညွတ်သော အဓိက လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဖြည့်ဆည်းနိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပထမအချက်ဖြစ်တဲ့ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဓာတ်လှေကား တပ်ဖို့အစီအစဉ်မှာ ယခုအသစ် ဖွင့်လှစ်လိုက်တဲ့ သီတာဆောင်မှာတော့ အလှူရှင်တစ်ဦးတည်းရဲ့လှူဒါန်းငွေနဲ့ လူနာများ သယ်ယူပို့ဆောင်ရေး လွယ်ကူစေရန် ဓာတ်လှေကား တစ်စီးကို အဆောက်အဦနှင့် လျှပ်စစ်လိုင်း အပါအဝင် စုစုပေါင်း ငွေကျပ်သိန်း ၇၉၀ အကုန်အကျခံပြီး တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ၅-၆-၂၀၁၁ ရက်နေ့မှာ စတင်အသုံးပြုလျက် ရှိပါတယ်။ ခုနက ကိုယ်စားလှယ်တော်ကြီး တင်ပြသွားတဲ့ ပင်မမူလ နှစ်ထပ် ကုသဆောင်မှာတော့ ဓာတ်လှေကား တပ်ဆင် ဖို့လိုအပ်တာ မှန်ပါတယ်။ ဓာတ်လှေကား တပ်ဆင်ပေးနိုင်ရေး ကိစ္စနှင့် ပတ်သက်ပြီးတော့လည်း ၂၆-၃-၂၀၁၂ ရက်နေ့မှာ ဆေးရုံကြီးကြပ်မှုကော်မတီ အစည်းအဝေး ပြုလုပ်ပြီးတော့ ဆေးရုံကြီးကြပ် ရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ဆေးရုံအုပ်ကြီးကနေ လူနာများ ပို့ဆောင်ရန် အတွက် နှစ်ထပ် ဆောင်ဆေးရုံသုံး ဓာတ်လှေကားတစ်စီးကို အဆောက်အဦ အပါအဝင် ဆောက်လုပ်နိုင်ရေးအတွက် အလှူရှင်များ ရှာဖွေဖိတ်ခေါ်နိုင်ရေးအတွက် ဆေးရုံကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးထံ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အလှူရှင်များ လည်း ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအလှူရှင်များ ရရှိတဲ့အခါမှာ မကြာခင် ဒီဓာတ်လှေကား တစ်စီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ဒုတိယမေးခွန်းဖြစ်တဲ့ မြောက်ဥက္ကလာပဆေးရုံကြီး၊ အထွေထွေရောဂါကုဆေးရုံကြီးမှာ Guard Ward လို့ခေါ်တဲ့ အချုပ်သီးသန့်လူနာဆောင် မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီအဆောင်ဆောက်လုပ်ရေး အတွက်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းမှာ သင့်တော်တဲ့နေရာကို ရှာဖွေပြီးတော Guard Ward လူနာဆောင်အသစ် ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ တတိယမေးခွန်း ဖြစ်တဲ့ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံသော လူနာများအတွက် လိုအပ်သော Oxygen ကို ဆေးရုံအစီအစဉ်နဲ့ လည်းကောင်း၊ အလှူရှင်များ အစီအစဉ်နဲ့ လည်းကောင်း အခမဲ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ဆေးရုံကြီးမှာ Oxygen Plant ထူထောင်ရေး အတွက် ကျပ်သိန်း ၁၄၀၀ ခန့် ကုန်ကျမှာ ဖြစ်တဲ့အတွက်လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်အထည် မဖော်နိုင်သေးမီ ကာလအတွင်းမှာ တော့ ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ Oxygen ထုတ်တဲ့စက်များဖြစ်တဲ့ Air-Sep များဖြင့် Oxygen ဆလင်ဒါအိုးကြီးများကို ထပ်မံ ထောက်ပံ့ပေးခြင်းအားဖြင့် လူနာများအတွက် Oxygen လုံလောက်မှုရရှိစေရေး၊ မပြတ်လပ်စေရေး အတွက် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် ပြန်လည်ဖြေကြားတဲ့ ဒုတိယ အချက်မှာ ဓာတ်လှေကားအတွက်အလှူရှင်များဖိတ်ခေါ်ထားတယ်။ ဖိတ်ခေါ်လို့ရရှိရင်ဆောက်လုပ် ပေးမယ်။ နောက် Oxygen စက်နှင့်ပတ်သက်လို့လည်း လောလောဆယ်တော့ ကျန်းမာရေးဝန်ကြီး ဌာနအစီအစဉ်နဲ့ဆောင်ရွက်မယ်။ အလှူရှင်များဖိတ်ခေါ်ထားတယ်လို့ ကြားလိုက်ရပါတယ်။ မိမိ အနေနဲ့အကြံပြုတိုက်တွန်းလိုတာကတော့ တကယ်လိုအပ်တဲ့ကိစ္စများဖြစ်တယ်ဆိုလို့ရှိရင် နိုင်ငံတော် ဘတ်ဂျက်နဲ့အသုံးပြုနိုင်အောင် ဦးစားပေးဆောင်ရွက်ပြီး အလှူရှင်ကိုတော့ ဒုတိယနေရာမှာထားတာ ကောင်းတယ်လို့ ကျွန်တော်အကြံပြုလိုပါတယ်။ ဒီနေ့ကျွန်တော်တို့ ပြည်သူ့ငွေများကိုသုံးစွဲတဲ့နေရာ မှာလည်း ပညာရေးနှင့် ကျန်းမာရေးအတွက်တိုးမြှင့်သုံးစွဲဖို့ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များမှာ ဆန္ဒရှိသလို ဒီလိုတင်ပြလာတဲ့ ဘတ်ဂျက်ကိစ္စများအတွက်လည်း လွှတ်တော်အနေနဲ့ အဓိကထားစဉ်းစားပေးမှာ ဖြစ်ကြောင်းလည်း ကြုံတုန်းကျွန်တော်ပြောကြားလိုပါတယ်။
