ယခင် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ပုဂံ-ညောင်ဦးကိုမြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ တိုးမြှင့်ပေး ခဲ့ပါသည်။ သို့ပါ၍ ပုဂံ-ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးမြို့နယ်ဟူ၍ တစ်ခရိုင်တစ်မြို့ သတ်မှတ် ခဲ့ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ဥပမာပြောရရင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်မန်နေဂျာရုံးစသည်ဖြင့် ခရိုင်အဆင့်တိုးချဲ့ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ကညနရုံးအနေနဲ့ ခရိုင်အဆင့်ရော၊ မြို့နယ်အဆင့်ရောမရှိခဲ့ပါဘူး။ ကညနရုံး ရှိရာ မြင်းခြံကို သက်တမ်းတိုးဖို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသွားနေရပါတယ်။ အဲ့ဒီလိုသွားရတဲ့ လောင်စာဆီ အပိုကုန်ကျသွားသည်ကို နည်းနိုင်သမျှနည်းသွားအောင်တင်ပြခြင်းဖြစ် ပါတယ်။ ပုဂံ-ညောင်ဦးခရိုင်မှာ မော်တော်ယာဉ်အကြီးအငယ် ၃၀၀ ခန့်ရှိပါတယ်။ မြင်းခြံခရိုင်သို့ သွားရခြင်းကြောင့် တစ်စီးလျှင်ပျမ်းမျှ အသွားအပြန် ၁၀ ဂါလန်နှုန်း၊ ဆီဂါလန် ၃၀၀၀ ကုန်ကျပါတယ်။ မော်တော်ဆိုင်ကယ် စီးရေတစ်သောင်း ကျော်ရှိတဲ့အခါမှာ တစ်စီးမှာ နှစ်ဂါလန်နှုန်း ကုန်ကျတဲ့အတွက် ဓာတ်ဆီဂါလန် ၂၀၀၀၀၊ စုစုပေါင်းဆီဂါလန် ၂၃၀၀၀ သက်သာသွားနိုင်ပါတယ်။ အကယ်၍ ပုဂံ-ညောင်ဦးခရိုင်မှာ ကညနရုံးရှိပါက မိုင် ၃၀ သာဝေးသော ကျောက်ပန်းတောင်းက မော်တော်ယာဉ် တစ်ထောင်ကျော်ရှိတဲ့နေရာကလည်း ပုဂံ-ညောင်ဦးခရိုင်ကို လာရောက်ပြီးတော့ လျင်မြန်စွာ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ပါတယ်။ သို့ပါ၍ လောင်စာဆီ ကုန်ကျမှု သက်သာစေရန် အတွက်လည်းကောင်း၊ ယာဉ်နှင့်လူစသည်ဖြင့် သက်သာစေရန်အတွက်လည်းကောင်း၊ ခရိုင်မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် လည်းကောင်း ကညနရုံးခွဲတစ်ခု ဖွင့်လှစ်ရန် လိုအပ်နေပါကြောင်း မေးခွန်းမေးမြန်း လိုပါသည်။ သို့ပါ၍ ပုဂံ-ညောင်ဦးခရိုင်တွင် ကညနရုံးခွဲတစ်ခု ဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ညောင်ဦးခရိုင်လိပ်စာဖြင့် လက်ရှိတွင် မော်တော်ယာဉ် ၆၆၀ စီး၊ မော်တော်ဆိုင်ကယ် ၈၃၅၃ စီး၊ စုစုပေါင်း ၉၀၁၃ စီးသာ မှတ်ပုံတင် ထားရှိပါတယ်။ မော်တော်ဆိုင်ကယ်များအား သက်တမ်းတိုးရာတွင် နှစ် နှစ်လျှင်တစ်ကြိမ်ဖြစ်ပြီး ယာဉ်စစ်ဆေးခံရန်မလိုဘဲ နှစ်လဲသက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မော်တော်ယာဉ် ၆၆၀ စီးမှာ ၎င်းတို့၏သက်တမ်းအရသာ နှစ်လဲသက်တမ်းတိုးရပြီး နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ သက်တမ်းကုန်ဆုံးရက်မတိုင်မီ ရက်ပေါင်း ၉၀ ကြိုတင်သက်တမ်းတိုးနိုင်ခြင်းကြောင့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံး မြင်းခြံသို့ယာဉ်များလာရောက်ရန်မလိုဘဲ သုံးလပတ်တွင် တစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင်လေးကြိမ် ညောင်ဦးမြို့သို့သွားရောက်၍ ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းပြီး နယ်လှည့်ကွင်းဆင်းပေးခြင်းဖြင့် လုပ်ငန်းများအဆင်ပြေအောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ညောင်ဦးခရိုင်ထက် ယာဉ်စီးရေပိုမိုများပြားသည့် ယာဉ်စီးရေ ၉၇၇၁ စီးရှိသော ဂန့်ဂေါမြို့နယ်နှင့် ယာဉ်စီးရေ ၁၀၀၁၉ စီးရှိသော မြောင်းမြခရိုင်များသို့လည်း သက်ဆိုင်ရာ ခရိုင်ရုံးများမှ တစ်နှစ်လျှင်လေးကြိမ် ဒေသအာဏာပိုင်များနှင့်ညှိနှိုင်းပြီး နယ်လှည့်သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ရုံးတစ်ရုံး ဖွင့်လှစ်ရန်အတွက် လိုအပ်သော ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားသည် ပြည်ထောင်စု၏ ရသုံးမှန်းခြေ ငွေစာရင်း ဘတ်ဂျက်ခွင့်ပြုငွေများရရှိရန်လိုအပ် ပါသည်။ နိုင်ငံတော်မှ ဘတ်ဂျက်ခွင့်ပြုချက်၊ ဝန်ထမ်းအင်အား ခွင့်ပြုချက်များရရှိပါက လိုအပ်သော မြို့နယ်များတွင် ရုံးဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
