ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇-၉-၂၀၁၁ ရက်နေ့တွင် ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်တင်သွင်းခဲ့သော မြန်မာနိုင်ငံတွင်အဓိကစားသုံးသီးနှံဖြစ်သည့် စပါး နှင့် ပြည်ပဈေးကွက်ဝင်သီးနှံများဖြစ်သော ပဲမျိုးစုံတို့နှင့်ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး၊ ပြည်ပပို့ကုန်တိုးမြှင့်စေရေးနှင့် ဖြစ်ပေါ်နိုင်သောပြည်တွင်းဈေးနှုန်း၊ ပြည်ပေဈးနှုန်းအခြေအနေများ၊ ကုန်သွယ်မှုပြုကြသော အဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း၊ သီးနှံအထူးပြုကုမ္ပဏီများ အနေနဲ့သော်လည်းကောင်း၊ ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံအမျိုးအစားအလိုက် အချိန်ကာလ သတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု(Minimum Guaranteed Purchasing Price)ကို ဈေးကွက်စီးပွားရေးမူဘောင်အတွင်းမှ နိုင်ငံတော်အစိုးရ၏ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ် ဆောင်ရွက်ပေးနိုင်ရေးအဆိုကို လွှတ်တော်ကအတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ရည်ရွယ်ချက် ကောင်းမွန်ပြီး အမှန်တကယ်အချိန်မီဆောင်ရွက်နိုင်ပါက တောင်သူလယ်သမားများအတွက် များစွာ အကျိုးဖြစ်စေမည်ဖြစ်ကြောင်းသုံးသပ်ရရှိပါတယ်။ သို့ရာတွင် ၎င်းအတည်ပြုဆုံးဖြတ်ချက်အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ထင်သာမြင်သာရှွိခင်း၊ အချိန်မီဆောင်ရွက်နိုင်ခြင်းတို့နှင့်ပတ်သက်၍ လိုအပ်ချက်များရှိသည်ဟု ထင်မြင်ယူဆပါသည်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ၏အကျိုးအတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါ တယ်။ (က) သီးနှံများ၏ အနိမ့်ဆုံးဈေးနှုန်းများအား ပြည်ထောင်စုအစိုးရက မည်ကဲ့သို့သတ်မှတ်ခဲ့ပါ သနည်း။ (ခ) သီးနှံများ၏ အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ခဲ့ပါက မည်သည့်စံနှုန်းများဖြင့် တွက်ချက် သတ်မှတ်ပါသနည်း။ (ဂ) သတ်မှတ်ရာတွင် အချိန်ကာလနှင့်ပတ်သက်၍ သတ်မှတ်ချက်များရှိ/မရှိ (ဃ) စပါးနှင့် လယ်ယာထွက်ကုန်သီးနှံများကို နှစ်စဉ်စက်တင်ဘာလ ၁၅ မှ အောက်တိုဘာလ ၇ ရက် အတွင်း သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ (င) တောင်သူလယ်သမားများအားလုံး လွှမ်းခြုံသိရှိ အကျိုး ခံစားနိုင်ရေးအတွက် မည်သည့်ပုံစံစနစ်ဖြင့်ဆောင်ရွက်ပါသနည်းဆိုသည့် မေးခွန်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သီးနှံများ၏အနိမ့်ဆုံးဈေးနှုန်းများအား ပြည်ထောင်စုအစိုးရက မည်သို့သတ်မှတ်ခဲ့ပါသနည်းဆိုတဲ့ မေးခွန်းအပေါ်ဖြေကြားရလျှင် ယခင်ကာလများက နိုင်ငံတော် အစိုးရအနေနဲ့ ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်အထိ စပါး၊ ပဲမျိုးစုံ၊ နှမ်းအပါအဝင် လယ်ယာထွက်သီးနှံ အချို့ကို ဈေးနှုန်းသတ်မှတ်ပြီးဝယ်ယူခဲ့ပါတယ်။ ဒီလိုဈေးနှုန်းသတ်မှတ်ရာမှာ နှစ်အလိုက်ဈေးဆနှုန်း ကိန်းများပြောင်းလဲဖြစ်ပေါ်မှုကိုစိစစ်ခြင်း၊ တောင်သူလယ်သမားများရဲ့ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်ကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူစိစစ်ခြင်း၊ ယခင်နှစ်များက ပြည်တွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကို လေ့လာစိစစ်ခြင်းများဆောင်ရွက်ပြီး တောင်သူလယ်သမားများတွက်ခြေကိုက်သော ဈေးနှုန်းတစ်ခုစိစစ်တွက်ချက်ပါတယ်။ အဆိုပါ စာရင်းဇယားအချက်အလက်များအပေါ်မှာအခြေခံပြီး တောင်သူလယ်သမားထံမှ ဝယ်ယူသင့်တဲ့ဈေးနှုန်းကိုတွက်ချက်ပါတယ်။ တွက်ချက်ရရှိတဲ့ဈေးနှုန်းကို အစိုးရအဖွဲ့သို့တင်ပြပြီး အစိုးရအဖွဲ့မှစိစစ်အတည်ပြုချက်ရရှိပြီးပါက သတ်မှတ်တဲ့ဈေးနှုန်းကို ကြေညာချက်ထုတ်ပြန်ရပါတယ်။ သီးနှံတစ်မျိုးချင်းစီအပေါ် နိုင်ငံတော်မှအတည်ပြုသတ်မှတ်တဲ့ ဈေးနှုန်းကို သီးနှံများစိုက်ပျိုးတဲ့ရာသီမတိုင်မီ နှစ်စဉ်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းတင်ပြအပ်ပါ တယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ရာမှာ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဆန်စပါး ရောင်းဝယ်ရေးမူဝါဒသစ်အရ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့် အခြားလယ်ယာထွက် သီးနှံများကို ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ် စိုက်ပျိုးထုတ်လုပ်တဲ့သီးနှံများကစပြီး နိုင်ငံတော်မှဈေးနှုန်း သတ်မှတ်ဝယ်ယူခြင်းမရှိတော့ပဲ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခဲ့ပါတယ်။ တောင်သူလယ်သမားများအနေနဲ့လည်း မိမိတို့စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံများကို မည်သူ့ကိုမဆိုလွတ်လပ်စွာရောင်းချနိုင်သလို ကုန်သည်လုပ်ငန်းရှင်များအပိုင်းမှာလည်း ဝယ်ယူရောင်းခြျခင်း၊ ကြိတ်ခွဲခြင်း၊ သယ်ယူခြင်း၊ သိုလှောြင်ခင်းလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများအပေါ်မှာလည်း ထိန်းချုပ်ခြင်း၊ ကန့်သြတ်ခင်းများမပြုလုပ်ပဲ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းတင်ပြအပ်ပါတယ်။
သီးနှံများရဲ့အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ခဲ့ပါက မည်သည့်စံနှုန်းများနှင့် တွက်ချက်သတ်မှတ်ပါသနည်း ဆိုတဲ့မေးခွန်းအပေါ်ဖြေကြားရရင် ပထမမေးခွန်းအပေါ်ဖြေကြားခဲ့သလို ပြည်တွင်းမှာလက်ရှိ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများအပေါ်စိစစ်ခြင်း၊ ယခင်နှစ်ကဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများအပေါ်ပြန်လည် စိစစ်ခြင်း၊ နိုင်ငံတကာဖြစ်ပေါ်နေတဲ့ဈေးနှုန်းများကို လေ့လာစိစစ်ခြင်း များဆောင်ရွက်ပြီး ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် တောင်သူလယ်သမားများ ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိစေတဲ့ နှုန်းထားများအပေါ် အခြေခံတွက်ချက်ပြီး သီးနှံများရဲ့အနိမ့်ဆုံးဈေးနှုန်းကို သတ်မှတ်ပေးရပါကြောင်း တင်ပြအပ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာထွက်ရှိခဲ့တဲ့ မိုးစပါး၊ နွေစပါးများမှာ အရန်ဆန်ဝယ်ယူရန်အတွက် နိုင်ငံတော်အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီက အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ပေးခဲ့မှုကိုတင်ပြရရင် နိုင်ငံတော်အရန်ဆန်အတွက် မိုးစပါးဝယ်ယူခဲ့ရာမှာ အထက်ပါအချက်များကိုအခြေခံတွက်ချက်ပြီး သတ်မှတ်အရည်အသွေးမီ ၄၆ ပေါင် ကိုက်စပါးတင်း ၁၀၀ လျှင် ၃၃၀၀၀၀ ကျပ်နှုန်းနဲ့ အနိမ့်ဆုံးဈေးသတ်မှတ်ပြီးတော့ဝယ်ယူခဲ့ပါတယ်။ နိုင်ငံတော် အရန်ဆန်အတွက် နွေစပါးများဝယ်ယူချိန်မှာတော့ အထက်ပါအချက်များကိုအခြေခံတွက်ချက်ခဲ့တဲ့ အပြင် မိုးစပါးများဝယ်ယူရာမှာ ရရှိခဲ့တဲ့အတွေ့အကြုံများအပေါ်အခြေခံပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ညှိနှိုင်းပြီးမှသာ သတ်မှတ်အရည်အသွေးမီ ၄၆ ပေါင်ကိုက်စပါးတင်း ၁၀၀ လျှင် ၃၂၀၀၀၀ ကျပ်နှုန်းနဲ့ အနိမ့်ဆုံးဈေးသတ်မှတ်ပြီးတော့ဝယ်ယူခဲ့ပါတယ်။
သတ်မှတ်ရာတွင် အချိန်ကာလနှင့်ပတ်သက်သည့် သတ်မှတ်ချက်များ ရှိ/မရှိဆိုတဲ့မေးခွန်းအပေါ် ဖြေကြားရရင် သီးနှံတစ်မျိုးချင်းစီအတွက် တစ်ရာသီလျှင်တစ်ကြိမ်စိုက်ပျိုး တဲ့ ရာသီမတိုင်မီသတ်မှတ် ပေးခဲ့ခြင်းဖြစ်ပါတယ်။ စပါးအတွက်ဈေးနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်ပြီး တင်ပြရရင် ယခင်က မိုးစပါးတစ်ခုသာစိုက်ပျိုးခဲ့တာကြောင့် အချိန်ကာလတစ်ခု၊ ဈေးနှုန်းတစ်ခုသာ သတ်မှတ်ပေးခဲ့ပါတယ်။ ယခုအချိန်မှာ မိုးစပါးအပြင်နွေစပါးကိုလည်း စိုက်ပျိုးနေပြီဖြစ်တဲ့အတွက် မိုးစပါးစိုက်ပျိုးချိန်မတိုင်မီ ဈေးနှုန်းတစ်မျိုးသတ်မှတ်ရမှာဖြစ်သလို နွေစပါးအတွက်လည်း စိုက်ပျိုးချိန်မတိုင်မီ ဈေးနှုန်းတစ်မျိုး သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ မိုးစပါးဝယ်ဈေးနှုန်းနှင့် နွေစပါးဝယ်ဈေးနှုန်း အနည်းငယ် မတူညီမှုရှိကြောင်းလည်း သုံးသပ်တွေ့ရှိရပါတယ်။ အလားတူ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစိမ်းငုံ၊ ကုလားပဲအစရှိတဲ့ ပဲမျိုးစုံအတွက်လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံနှင့် အခြား လယ်ယာထွက်သီးနှံများအတွက်လည်းကောင်း အနိမ့်ဆုံးဈေးနှုန်းများသတ်မှတ်ရာမှာ ၎င်းသီးနှံများရဲ့ စိုက်ပျိုးချိန်မတိုင်မီအချိန်ကာလများမှာ တွက်ချက်သတ်မှတ်ရပါကြောင်း တင်ပြအပ်ပါတယ်။
စပါးနှင့်လယ်ယာထွက်သီးနှံဈေးနှုန်းများကို နှစ်စဉ်စက်တင်ဘာလ ၁၅ ရက်မှ အောက်တိုဘာလ ၇ ရက်အတွင်း သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိဆိုတဲ့မေးခွန်းအပေါ် ဖြေကြား ရရင် မြန်မာနိုင်ငံရဲ့လက်ရှိစိုက်ပျိုးထုတ်လုပ်မှုအချိန်ကာလများအရ မိုးစပါးနှင့် အခြားလယ်ယာထွက် သီးနှံများအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြခဲ့တဲ့အတိုင်း သတ်မှတ်ပေးနိုင်မည် ဖြစ်ပါတယ်။ သို့ရာတွင် နွေစပါးအတွက် ဈေးနှုန်းသတ်မှတ်ခြင်းကိုတော့ သီးခြားအချိန်ကာလ သတ်မှတ်ပေးရမှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။
တောင်သူလယ်သမားများအားလုံး လွှမ်းခြုံသိရှိအကျိုးခံစားနိုင်ရေး မည်သည့်ပုံစံစနစ်ဖြင့် ဆောင်ရွက်ပါသနည်းဆိုတဲ့ မေးခွန်းအပေါ်ဖြေကြားရရင် ဈေးနှုန်းသတ်မှတ် ထုတ်ပြန်ကြေညာခြင်းကို သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ အကြိမ်ကြိမ်ထုတ်လွှင့်ဖော်ပြရန် လိုအပ်ပါတယ်။ ဒါ့အပြင် ဒေသအသီးသီးမှာရှိနေတဲ့ ကုန်သည်အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များမှ လည်း ကျေးရွာအလိုက်ရှိနေကြတဲ့ကျေးရွာပွဲစားများ၊ စက်ပိုင်ရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တစ်ဆင့် တောင်သူလယ်သမားများအားလုံး လွှမ်းခြုံသိရှိနိုင်ရန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယခင် အစိုးရများလက်ထက်မှာ ၂၀၀၂-၂၀၀၃ ခုနှစ်အထိ သီးနှံဈေးနှုန်းသတ်မှတ်မှုများကိုဆောင်ရွက်ခဲ့ပါ တယ်။ ယခုအခါ နိုင်ငံ၏လက်ရှိဈေးကွက်စီးပွားရေးစနစ်အရ ဈေးကွက်ပေါက်ဈေးနှုန်းများဖြင့်သာ ရောင်းဝယ်ဖောက်ကားလျက်ရှိပါတယ်။ ယခုအဆိုပြုချက်အရ တောင်သူများအကျိုးစီးပွားကာကွယ် နိုင်ရန်အတွက် အဓိကသီးနှံများ၏ဈေးနှုန်းကို အနိမ့်ဆုံးအာမခံဈေးနှုန်း (Minimum Guaranteed Purchasing Price) သတ်မှတ်နိုင်ရန်မှာ ယင်းသီးနှံများ၏ ရောင်းဝယ်ဖောက်ကားမှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့်ထိန်းကျောင်းသော ဈေးကွက်အခြေအနေအလိုက်၊ အချိန်ကာလအလိုက် ဈေးနှုန်းသတ်မှတ်ပေးမည့် အဖွဲ့အစည်းတစ်ခုနှင့် ယင်းသို့ဆောင်ရွက်ရာ၌လိုအပ်သည့် ဘဏ္ဍာ ငွေကြေးလှည့်ပတ်မှုစနစ်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါတယ်။ ယင်းသို့ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ အထူးပြု ကုမ္ပဏီများတို့ပူးပေါင်း၍ ယင်းစနစ်မျိုးကို ပီပြင်စွာဆောင်ရွက်လျက်ရှိသည့် နိုင်ငံများ၏အတွေ့ အကြုံကိုရယူဆောင်ရွက်သင့်ပါတယ်။ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ကို နိုင်ငံတော်အစိုးရ၊ အထူးပြုကုမ္ပဏီများ၊ ဒေသခံကုန်သည်ပွဲစားများက ကြိုတင်ထုတ်ပေးလျက် ရှိရာမှာ စိုက်ပျိုးချိန်မတိုင်မီ ကြိုတင်ငွေထုတ်ပေးနိုင်အောင် စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထုတ်ချေးငွေများပြန်လည်ပေးဆပ်ချိန်ကိုတော့ တောင်သူလယ်သမားများ ရိတ်သိမ်းနယ်လှေ့ပြီးတဲ့ အချိန်ထက် နောက်အနည်းငယ်ကျပြီးမှပေးဆပ်စေရန်စောင့်ဆိုင်းသင့်ပါတယ်။ ဒါမှသာ တောင်သူ လယ်သမားများအနေနဲ့ ချေးငွေများအချိန်မီပြန်လည်ပေးဆပ်နိုင်ရန် မိမိတို့လက်ဝယ်ရှိသီးနှံများကို အလောသုံးဆယ်ရောင်းချရန်မလိုအပ်ဘဲ သင့်တင့်မျှတတဲ့ဈေးနှုန်း၊ အချိန်ကိုစောင့်ပြီးရောင်းချနိုင်မှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
