ယနေ့ နိုင်ငံတော်ရဲ့ စီးပွားရေး အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဈေးကွက်စီးပွားရေး စနစ်သို့ ကူးပြောင်းကျင့်သုံးဆောင်ရွက်လာကြပြီဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်ကြီးများမှသိရှိလိုက်နာကြခြင်းဖြင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးကို များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် ချောမွေ့လွယ်ကူမြန်ဆန်စေရန် ရည်ရွယ်၍ ဒေသခံရောင်းဝယ်ခရီးသွားကုန်သည်များ၏ သဘောဆန္ဒအရ အောက်ပါမေးခွန်းတစ်ရပ်ကို မေးမြန်း လိုပါတယ်ခင်ဗျား။ တစ်ဖက်နိုင်ငံမှ ကုန်ပစ္စည်းများကို တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်စသည့်မြို့များသို့ သယ်ယူပို့ဆောင်ရောင်းဝယ်ရန်အတွက်ကျသင့်သော Custom Duty ပေးဆောင်ထားသော စာရင်းစာရွက်စာတမ်းများကိုင်ဆောင်၍ တာချီလိတ်မှ ကျိုင်းတုံသို့ လည်းကောင်း၊ ကျိုင်းတုံမှ တောင်ကြီးသို့လည်းကောင်း၊ တောင်ကြီးမှ မန္တလေးသို့လည်းကောင်း၊ တောင်ကြီးမှ ရန်ကုန်သို့လည်းကောင်း လမ်းခရီးချောမွေ့စွာ သယ်ယူပို့ဆောင်ရောင်းဝယ်ရန်အတွက် မည်သို့ဆောင်ရွက်ရမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်ထိုင်းနိုင်ငံမှတင်သွင်း မည့်ပစ္စည်းများသည် တင်သွင်းခွင့်ပြုသည့်ကုန်ပစ္စည်းများဖြစ်ပါက တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရားဝင်သွင်းကုန်လိုင်စင်ထုတ်ပေးလျက်ရှိပါသည်။ အဆိုပါ သွင်းကုန်လိုင်စင်ရရှိပြီးသော ကုန်ပစ္စည်းများအားတင်သွင်းလာသည့်အခါ သက်ဆိုင်ရာကုန်ပစ္စည်းစစ်ဆေးသည့် အကောက်ခွန် ဦးစီးဌာနမှ ကုန်ပစ္စည်းများအားစစ်ဆေးပြီး ကျသင့်သည့်စည်းကြပ်တန်ဖိုးများ၊ အခွန်များကောက်ခံ၍ တရားဝင်တင်သွင်းခွင့်ပြုပေးလျက်ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းများအား ဖြတ်သန်း၍ ကုန်သွယ်မှုအလို့ငှာ ပြည်တွင်းဒေသအသီးသီးသို့ တင်သွင်းသယ်ဆောင်ရောင်းဝယ်မည့် ကုန်ပစ္စည်း များအား ပုံမှန်ကုန်သွယ်မှုစနစ်အရ လိုင်စင်၊ ပါမစ်ထုတ်ပေးပြီး ပုံမှန်ကုန်သွယ်မှုလုပ်ငန်းစဉ်များ အတိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ တင်သွင်းရာလမ်းကြောင်းတစ်လျှောက်ရှိ အကောက်ခွန်ရုံး စိုက်ရာမြို့များတွင် စာရွက်စာတမ်းအထောက်အထားမှန်ကန်မှုရှိ၊ မရှိစစ်ဆေးခြင်းနှင့် ကုန်ပစ္စည်း မှန်၊ မမှန်အကြမ်းဖျင်းစစ်ဆေးခြင်းသာဆောင်ရွက်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ စစ်ဆေးမှုကြန့်ကြာချိန်များကိုလျှော့ချလိုပါက ကုန်ပစ္စည်းများကို Box Truck Container များဖြင့် သယ်ဆောင်ရမည်ဖြစ်ပြီး စတင်တင်သွင်းသည့်နေရာတွင် အကောက်ခွန် အရာရှိမှ စစ်ဆေးချိတ်စည်းထိုးဆောက်ရွက်ပြီးလျှင် လမ်းခရီးတစ်လျှောက် ချိတ်စည်းပျက်၊ မပျက်သာ စစ်ဆေးမှုခံယူပြီး ခရီးဆုံးနေရာနှင့် နီးစပ်ရာအကောက်ခွန်ရုံးများ၏အစီအစဉ်ဖြင့် ချိတ်စည်း ဖွင့်လှစ်ခြင်းနည်းလမ်းဖြင့်ဆောင်ရွက်နိုင်ပါသည်။ တရားဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်း၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်သည့်စည်းကြပ်တန်ဖိုးများပေးဆောင်ပြီးသည့် ကုန်ပစ္စည်းများ အား ခွင့်ပြုသတ်မှတ်လိုင်စင်သွင်းကုန်ကြေညာရာ Import Declaration စာရွက်စာတမ်းတို့နှင့် သယ်ဆောင်ပါက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်များသို့ လွတ်လပ်စွာ သယ်ယူရောင်းဝယ်ခွင့် ပြုပေးလျက်ရှိပါတယ်။ အချို့နယ်စပ်များမှာ နယ်စပ်တံတားဂိတ်ပေါက်များမှ ဖြတ်သန်း၍ ဒေသတွင်းစားသုံးရန်ပစ္စည်းများအဖြစ် သယ်ဆောင်ဝင်ရောက်လျက်ရှိသည်။ ကိုယ်ပိုင် သုံး တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းများအပေါ် ဖြတ်သန်းခ၊ ဝန်ဆောင်ခအဖြစ် ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်းအား အခွန်ကောက်ခံ၍ ကန့်သတ်ကုန်ပစ္စည်းများနှင့် တားမြစ်ကုန်ပစ္စည်းများမှအပ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် သယ်ဆောင်ခွင့်ပြုပေးလျက်ရှိပါတယ်။ အဆိုပါ တစ်နိုင်တစ်ပိုင်၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ အကောက်ခွန်ပေးသည်ဆိုရာတွင် သယ်ဆောင်ရာနယ်စပ်အသီးသီးတွင် ဖွင့်လှစ်ထား သော နယ်စပ်ကုန်သွယ်ရေးစခန်းများအား ကျော်လွန်သယ်ဆောင်ခွင့်မပြုပဲ ဒေသတွင်းသုံးစွဲရန် အတွက်သာ တင်သွင်းသယ်ဆောင်ခွင့်ပြုပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
