(ဇ)-အခွန်တံဆိပ်ခေါင်းများကို မည်သည့် အချိန်တွင် လုံလောက်စွာ ရောင်းချပေးနိုင်မည်ကိုသိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဌမနေ့ (၁၁.၇.၂၀၁၂)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ နိုင်ငံတော်အခွန်ငွေရရှိစေရေးအတွက် အခွန်တံဆိပ်ခေါင်း အမျိုးမျိုး၊ တံဆိပ်ခေါင်းမျိုးမျိုးကို ပြည်သူများကို ဖြန့်ဝေရောင်းချပေးလျက်ရှိပါတယ်။ အဲ့ဒီလို ထုတ်ဝေ၊ ဖြန့်ဝေရောင်းချပေးတဲ့အခါမှာ လိုအပ်၍ဝယ်ယူတဲ့ ပြည်သူများသို့ လိုသလောက် လုံလောက်စွာရောင်းချနိုင်ခြင်းမရှိဘဲ ကန့်သတ်ချက်များဖြင့် ရောင်းချပေးလျက်ရှိတာကို တွေ့ရ ပါတယ်။ ဒါကြောင့် ပြည်သူများအနေဖြင့် ပြင်ပဆိုင်များမှာ အခွန်တံဆိပ်ခေါင်းအမျိုးမျိုးကို မူလဈေးနှုန်းထက် သုံးလေးဆပေးပြီးတော့ ဝယ်ယူနေကြရပါတယ်။ နိုင်ငံတော်အခွန်ဘဏ္ဍာငွေ ရရှိအောင် အခွန်တံဆိပ်ခေါင်းအမျိုးမျိုးကို ရောင်းချပေးနေခြင်းဖြစ်တဲ့အတွက် ပြည်သူများအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် လိုသလောက်ဝယ်ယူရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ အဆိုပါအခွန်တံဆိပ်ခေါင်းများ ပြည်သူ အများသတ်မှတ်ဈေးနှုန်းဖြင့် လိုသလောက် ဝယ်ယူရရှိနိုင်အောင် မည်သည်‌့အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သေးသည်ကိုလည်းကောင်း၊ မည်‌သည့်အချိန်တွင် လုံလောက်စွာရောင်းချပေးနိုင် မည်ကိုလည်းကောင်း ဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဦးလှထွန်း ပြည်ထောင်စုဝန်ကြီး
အဖြေ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနဟာ မြန်မာနိုင်ငံကို တံဆိပ်ခေါင်းခွန် အက်ဥပဒေပုဒ်မ ၇၄ ပါပြဋ္ဌာန်းချက်များရ တံဆိပ်ခေါင်းများကို နည်းဥပဒေနှင်‌့အညီ ရောင်းချပေးလျက် ရှိပါတယ်။ တံဆိပ်ခေါင်းရောင်းရာမှာ ကုန်စည်အနေဖြင့်ရောင်းချခြင်းထက် စာချုပ်စာတမ်းများ တစ်ခုပေါ်မှာ နိုင်ငံတော်အတွက် တံဆိပ်ခေါင်းခွန်ကို ဥပဒေနှင့်အညီ အခွန် ထမ်းဆောင်စေခြင်းပင်ဖြစ်ရာ အခွန်ထမ်း ဆောင်ပြီးသော အခြေအနေကို ဖော်ညွှန်းနိုင်သော အထောက်အထားအဖြစ် တံဆိပ်ခေါင်းမျာကို ပြည်တွင်း အခွန်များဦးစီးဌာနက ရောင်းချပေးနေတာ ဖြစ်ပါတယ်။ တစ်ဖက်က ပြည်သူများ လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရေးအတွက် ပြည်သူများ၏ လိုအပ်ချက်များကို အမြဲလေ့လာဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက် ကလည်း တံဆိပ်ခေါင်းများကို လုံခြုံစွာပုံနှိပ်ရောင်းချနိုင်ရေးနှင့် ဥပဒေနှင်‌့အညီ တံဆိပ်ခေါင်းဝယ်ယူသူများထံမှ လိုအပ်သော အချက်အလက်များကို ရယူပြီးစိစစ် ဖြန့်ဖြူးနိုင်ရေးကိုကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ တံဆိပ်ခေါင်းခွန်နှုန်းထားများကို ခေတ်ကာလနှင့် လျော်ညီသော အခွန်နှုန်းထားများဖြစ်စေရန် ပြင်ဆင် သတ်မှတ်ခဲ့မှုများကြောင့် ယခုအချိန်မှာ အခိုက်အတံ့အားဖြင့် တံဆိပ်ခေါင်းလိုအပ်မှုများ ဖြစ်ပေါ်ခဲ့ သော်လည်းပဲ နှုန်းထားသစ်နှင့်ကိုက်ညီစွာ ဖြန့်ဖြူးနိုင်ရန်အတွက် တံဆိပ်ခေါင်းအလုံအလောက် အချိန်မီ ရိုက်နှိပ်ပေးနိုင်ရေး လိုအပ်သည့်အမှာစာများကို လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်း များညွှန်ကြားရေးမှူးရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ မကြာမီ အခွန်ထမ်းပြည်သူများ အတွက် လုံလောက်စွာနှင့် အဆင်ပြေစွာ ရောင်းချပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းခဲ့တဲ့ စာပို့ တံဆိပ်ခေါင်းများနှင့်ပတ်သက်ပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ထုတ်ဝေရောင်းချလျက်ရှိ သော စာပို့တံဆိပ်ခေါင်းများကို သတ်မှတ်ဈေးနှုန်းအတိုင်း လွတ်လပ်စွာ အကန့်အသတ်မရှိ လုံလောက်စွာရောင်းချပေးလျက်ရှိကြောင်းကို ရှင်းလင်းဖြေကြားပါသည်။