ရခိုင်ပြည်နယ် တစ်ခုလုံးသည် ပင်လယ်ဆားငန်ရေ အမြဲတမ်း ပြည့်လျှံပြီး ရာသီဥတုပြင်းထန်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတို့ကို မကြာခဏ ခံစားနေကြရပါတယ်။ ၂၀၁၀ခုနှစ်ကကဲ့သို့ ဂီရိမုန်တိုင်း တိုက်ခတ်၍ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး လေမုန်တိုင်း အဖျားခတ်ခံရတဲ့ ကျွန်တော်တို့ မာန်အောင်ကျွန်းဒေသ ဗုဒ္ဓဘာသာ သီးသန့်ကျွန်းကလေးကိုပဲ မူလတန်းကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းတို့မှာ သွပ်ပြားများ လွင့်ပါသွားခဲ့ပြီး သွပ်အချပ်ပေါင်း ၁၆၀ ကျော် ပျောက်ဆုံးပျက်စီးခဲ့ပါတယ်။ သို့သော်လည်း အထက်ဌာနများကို ကျွန်တော်တို့ တရားဝင် တင်ပြ တောင်းခံခြင်း မပြုတော့ဘဲ ကျွန်တော်တို့ မြို့နယ်က မယကအဖွဲ့နဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ ၊ ရယကအဖွဲ့များ ပူးပေါင်းပြီး စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကိုယ့်မြို့နယ်အင်အားနဲ့ ပြန်လည်ပြုပြင်ပြီး အမိုးများ မိုးပေးခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ ရခိုင်ပြည်နယ်ရှိ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းများ အားလုံးလိုလိုပင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်မှ ၆၀ အတွင်း တည်ဆောက်ခဲ့တဲ့ ကျောင်းများဖြစ်၍ အချိန်ကာလ အလွန်ကြာမြင့်ပြီ ဖြစ်ပါသဖြင့် မိုးဒဏ်၊ လေဒဏ်၊ ပင်လယ် ဆားငန် ရေဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ကြံ့ခိုင်ကောင်းမွန်မှုမရှိဘဲ ပျက်စီးယိုယွင်းနေကြပြီ ဖြစ်ပါတယ်။ ၎င်း ကျောင်းများကို မိဘဆရာများ ပူးပေါင်း၍ နဂိုရုပ်မပျက်အောင် နှစ်စဉ် ပြန်လည် ပြင်ဆင် ထားကြရပါတယ်။ သို့ပါ၍ အထက်ပါ အခြေခံပညာကျောင်းများ ၊ အဆောက်အဦများကို ရေရှည် တည်တံ့၍ ကြံ့ခိုင်မှုရှိစေရန်အတွက် နိုင်ငံတော်မှ နှစ်စဉ်ပြုပြင်ထိန်းသိမ်းရေးစရိတ်များ လုံလုံ လောက်လောက်ဖြင့် ဦးစားပေးကူညီပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျောင်း အဆောက်အဦများ ရေရှည်ကြံ့ခိုင်ဖွံ့ဖြိုးခြင်းရှိစေရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုချမှတ်ပေးသည့် ဘဏ္ဍာရေး ရန်ပုံငွေဖြင့် နှစ်စဉ်ထိန်းသိမ်းပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၀-၂၀၁၁ ခု ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၈၅ ကျောင်းကို ထိန်းသိမ်းပြုပြင် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
