ရခိုင်ပြည်နယ်ဟာ နိုင်ငံတော် လျှပ်စစ် ဓာတ်အား ကွန်ယက်ကနေပြီးတော့ လျှပ်စစ်ဓာတ်အားကို ပေးပို့ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသေးတဲ့ အတွက်ကြောင့် ခေတ်အဆက်ဆက်ကနေ ဒီဇယ်လျှပ်စစ်ဓာတ်အားပေးစက်များနဲ့သာ လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနေရတဲ့ ဒေသဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် က စတင်ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်လုံးမှာ မြို့နယ်မီးလင်းရေးကော်မတီများ ဖွဲ့စည်း ပြီးတော့ လျှပ်စစ်ဓာတ်အား ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်စေခဲ့ပါတယ်။ အခုအချိန်မှာ ဒီဇယ်ဆီ ဈေးနှုန်း ကြီးမြင့်လာတာကတစ်ကြောင်း၊ ဓာတ်အားခနှုန်းထားတွေကို အကန့်အသတ်နဲ့သာပေးဆောင် နေတဲ့ အချို့သော အစိုးရဌာနများအတွက် ကျွန်တော်တို့ လျှပ်စစ် သုံးစွဲသူပြည်သူများက ပိုမို စိုက်ထုတ်ကျခံ သုံးစွဲနေရတဲ့ဟာတို့ရှိပါတယ်။ ဒါကြောင့် တစ်ရက်ကို ကျွန်တော်တို့က လျှပ်စစ် ဓာတ်အားကို ၄ နာရီခန့်သာ ဖြန့်ဖြူးပေးနိုင်ပြီးတော့ ဓာတ်အားခ တစ်ယူနစ်ဈေးနှုန်းက ၄၅၀ ကျပ် ကနေ ၁၀၀၀ ကျပ်ထိ ပေးဆောင်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ သူဋ္ဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း ပြီးစီးဖို့အတွက် ကာလအခိုက် အတန့်တစ်ခုတော့ ကြာမြင့်အုံးမယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ရေအားလျှပ်စစ် ဓာတ်အား စီမံကိန်းက လျှပ်စစ်ဓာတ်အားကို မဖြန့်ဖြူးပေးနိုင်သေးခင် ကြားကာလမှာ အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးများမှာ ဒီဇယ်ဆီနဲ့ လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနေတဲ့ ဒေသတွေကဲ့သို့ မြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်းက သက်သာတဲ့ လျှပ်စစ်ဓာတ်အားခ သုံးစွဲခနှုန်းထားကို ပြည်ထောင်စုထဲမှာရှိတဲ့ အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာရှိတဲ့ ပြည်သူများ ခံစားနေရတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲခ အခွင့်အလမ်းရှိအောင် ကျွန်တော်တို့ ရခိုင်ပြည်နယ် ပြည်သူများအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မယ်ဆိုတာကို သိရှိလိုပါတယ်။ အကယ်၍ စီစဉ် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်လည်း မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမယ်ဆိုတာ တစ်ပါတည်းသိရှိ လိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်တွင် ၂၀၀၃ခုနှစ်မှစ၍ မြို့နယ်မီးလင်းရေးကော်မတီများ ဖွဲ့စည်းပြီး လျှပ်စစ်ဓာတ်အား ပေးခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်စေခဲ့ရာ ယခုအချိန်တွင် ဓာတ်အား တစ်ယူနစ် ဈေးနှုန်းမှာ ၄၅၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ပေးဆောင်နေရပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ပြည်သူများခံစားနေရသော လျှပ်စစ်ဓာတ်အား သုံးစွဲခနှုန်းထားကို ပြည်ထောင်စု အတွင်းရှိ အခြားတိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ ပြည်သူများနည်းတူခံစားနိုင်သည့်အခွင့်အလမ်း ရရှိရန် သက်ဆိုင်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိအား သိရှိလိုပါတယ်။ အစီအစဉ်ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကိုပါ တစ်ပါတည်းသိလိုပါသည်ဟု မေးလာသော မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဦးရဲထွန်းအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ဈေးနှုန်းနဲ့ပတ်သက်ပြီး အခက်အခဲကို ဖြေရှင်းပေးစေလိုတဲ့ ဆန္ဒနဲ့မေးမြန်းလာသလို ကျွန်တော့်ဘက်ကလည်း ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေရတဲ့အပေါ်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဒီနေရာ မှာ ရှင်းရှင်းလင်းလင်း ဖြေကြားခွင့်ရတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ရခိုင်ပြည်နယ်အနေနဲ့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို မရရှိသေးသော်လည်း ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓာတ်အား နေရာအနှံ့ ဖြန့်ဖြူးနိုင်ရန်အတွက် ပြည်နယ်ရုံး ၁ ရုံး၊ ခရိုင်ရုံး ၄ ရုံး၊ မြို့နယ်ရုံး ၁၈ ရုံး၊ မြို့နယ်ခွဲရုံး ၃ ရုံး၊ မြို့ရုံး ၂ ရုံး၊ စုစုပေါင်း လျှပ်စစ်အင်ဂျင်နီယာ ရုံးပေါင်း၂၈ ရုံး တည်ဆောက်ထားပါတယ်။ ဝန်ထမ်းများအနေနဲ့ အရာထမ်း ၁၆ ဦးနဲ့ အမှုထမ်း ၃၀၇ ဦး၊ စုစုပေါင်း ၃၂၃ ဦးနဲ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့၊ ဒါ့အပြင် ခရိုင်မြို့များဖြစ်တဲ့ သံတွဲ၊ ကျောက်ဖြူ၊ မောင်တော အဲဒီမြို့တွေ အပါအဝင် စုစုပေါင်း ၂၈ မြို့နယ်အတွင်းမှာ မီးစက်အလုံးပေါင်း ၁၀၀ နဲ့ လျှပ်စစ်ဓာတ်အားကို ပေးနေတာဖြစ်ပါတယ်။ ၎င်းမီးစက်များအတွက် စက်သုံးဆီဟာ တစ်လမှာ ဂါလန် ၂၉၅၉၀ ဂါလန် ဖြစ်ပြီး တစ်နှစ်မှာ ဂါလန် ၃၅၅၀၈၀ ဂါလန် နိုင်ငံတော်ကနေပြီး ကျခံပေးထားတာ ဖြစ်ပါတယ်။ ခန့်အပ်ထားတဲ့ ဝန်ထမ်းအားလုံးဟာ တစ်လမှာလစာငွေ ၁၂.၂၀ သန်းဖြစ်ပြီးတော့ တစ်နှစ်ကို ၁၄၆.၄၃၁ သန်း ကုန်ကျပါတယ်။ အဲဒီ ဝန်ထမ်းတွေထဲမှာဆိုရင် ရခိုင်တိုင်းရင်းသား ၃၀၆ဦး ပါဝင်တဲ့အတွက် ဝန်ထမ်းအားလုံးရဲ့ ၉၅% ဟာ ရခိုင်တိုင်းရင်းသားများ ပါဝင်ပါတယ်။ တပ်ဆင်ထားတဲ့ မီးစက်များရဲ့တန်ဖိုးဟာဆိုရင် ၂၄၆၄.၅ သန်းဖိုး တပ်ဆင်ထားတာဖြစ်ပါတယ်။ လောင်စာဆီ တန်ဖိုးဟာ တစ်လမှာ ၃၆.၁၉၀ သန်းနဲ့ တစ်နှစ်မှာ ၄၃၄.၂၈၅ သန်း ကုန်ကျပါတယ်။
ဒါ့အပြင် စက်များ၊ ဓာတ်အားလိုင်းများနဲ့ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ ကြံ့ခိုင်မှုထိန်းသိမ်း ပြုပြင်ခြင်း၊ လိုအပ်တဲ့အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဒါတွေကို ဆောင်ရွက်တဲ့အခါမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာဆိုရင် ကျပ်သန်းပေါင်း ၁၇၇၆.၇ သန်းအထိ နိုင်ငံတော်ကနေ အကုန်အကျခံပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဌာနကနေပြီးတော့ စက်သုံးဆီ ကိုတော့ ကျွန်တော်တို့ ၂ နာရီ မီးပေးနိုင်တဲ့ အဆင့်သာပေးနိုင်ပြီးတော့ ၂ နာရီပေးထားတဲ့ စက်သုံးဆီနဲ့ မောင်းနေတဲ့မြို့တွေဟာဆိုရင် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျီးကန်းပြင်၊ တောင်ညိုလက်ဝဲ၊ ကြိမ်ကျောင်း၊ အမ်း၊ မအီ၊ ကျိန္တလီ၊ ပေါက်တော၊ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ မြေပုံ စတဲ့ ၁၃ မြို့ဖြစ်ပါတယ်။ အဲဒီကတော့ ဌာနက ပေးတဲ့စက်သုံးဆီနဲ့သာ မောင်းပြီးတော့ ရိုးရိုးအိမ်သုံးကို ၂၅ ကျပ်နဲ့ စီးပွားရေးသုံးကို ၅၀ ကျပ်နဲ့ တစ်နှစ်မှာငွေကျပ် ၄၅၃.၆ သန်း အရှုံးခံပြီးတော့ အဲဒီမြို့တွေကို ကျွန်တော်တို့ မီးပေးထားတာဖြစ်ပါတယ်။ ဓါတ်အားပေးချိန် ၂ နာရီထက်ပိုပြီး ရလိုတဲ့မြို့တွေကတော့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ ဂွ စတဲ့ ၁၀ မြို့ ရှိပါတယ်။ အဲ့ဒီမှာ မြို့မီးလင်းရေး ကော်မတီတွေ ဖွဲ့ပြီး စပါးခွံ မီးစက်တွေ တည်ဆောက်ပြီးတော့ စက်သုံးဆီဖိုးကိုလည်း မီးလင်းရေးကော်မတီက ကျခံပြီး မီးပေးတဲ့အခါမှာ တချို့မြို့တွေက ၄ နာရီ၊ တချို့မြို့တွေ ၇ နာရီထိ ပေးနိုင်တဲ့မြို့တွေ ပေးနေကြ ပါတယ်။ မီးပေးချိန် တိုးမြှင့်ပေးတဲ့အတွက်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ် ပေါ်မူတည်ပြီးတော့ တစ်ယူနစ်ကို ၄၀၀ ကျပ်ကနေပြီး ၆၀၀ ကျပ် အထိ ဒေသအတွင်းမှာ ဒေသအလိုက် ကောက်ခံနေကြတာဖြစ်ပါတယ်။ ဒေသအလိုက် မီးလင်းရေး ကော်မတီကနေပြီး ကောက်ခံ နေတဲ့ နှုန်းထားများကို ပြောမယ်ဆိုရင် စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မာန်အောင်၊ တောင်ကုတ် တို့မှာ ၄၀၀ ကျပ်၊ ကျောက်တော်၊ မင်းပြား၊ရမ်းဗြဲတို့မှာ ၅၀၀ ကျပ်၊ ဂွမြို့မှာ ၅၅၀ ကျပ်၊ သံတွဲမှာ ၆၀၀ ကျပ်တို့ပဲ ဖြစ်ပါတယ်။ တစ်ယူနစ်ကို ၁၀၀၀ ကျပ် ကောက်ခံတဲ့မြို့ ယခု အချိန်ထိ ရခိုင်ပြည်နယ်ထဲမှာ မရှိသေးကြောင်း ရှင်းလင်းပြောကြားလိုပါတယ်။ ထုတ်လုပ်မှုကုန်ကျ စရိတ်များအနေနဲ့ ဒီဇယ် တစ်ဂါလန် ၃၀၀၀ ကျပ်နဲ့တွက်မယ်ဆိုရင် ဒီဇယ်တစ်ဂါလန်ဟာ ၁၀ ယူနစ်ခန့် ထွက်ပါတယ်။ ဒါကြောင့်မို့ တစ်ယူနစ်တန်ဖိုးဟာ ၃၀၀ ကျပ် ရှိကြောင်း သိရှိရမှာဖြစ်ပါတယ်။ သယ်ပို့စရိတ်၊ ဖြန့်ဖြူးစရိတ်ဟာ တစ်ယူနစ်မှာ ၁၉ ကျပ်ကျနေပါတယ်။ ဒါကြောင့်မို့ တစ်ယူနစ်ရဲ့ တန်ဖိုးအရင်းဟာ ၃၁၉ ကျပ် ရှိနေပြီးဖြစ်ပါတယ်။ မီးထွန်းရေးကော်မတီကနေကောက်တဲ့ တစ်ယူနစ် နှုန်းဟာ ၄၀၀ ကျပ် ဖြစ်တာနဲ့ တွက်မယ်ဆိုရင် တစ်ယူနစ်မှာ ဒီဇယ်ဖိုးက ၃၀၀ ကျပ် ၊ သယ်ပို့စရိတ်က ၁၉ ကျပ်၊ ဝန်ကြီးဌာနမှာ သွင်းရတဲ့ တစ်ယူနစ်ခိုင်ကြေး (Royalty Fee) ၅ ကျပ်ကို နှုတ်လိုက်ရင် ၇၆ ကျပ် ကျန်ပါတယ်။ ယင်း ၇၆ ကျပ်ဟာ စက်များကြံ့ခိုင်ထိန်းသိမ်းရေး ၊ မီးလင်းရေးအဖွဲ့ရဲ့ ရုံးစရိတ်များ သုံးစွဲရင် ၄၀၀ ကျပ် နှုန်းဟာ သင့်တော်တဲ့နှုန်းများဖြစ်ကြောင်း ရှင်းလင်းပြောကြား လိုပါတယ်။ သို့သော်လည်း ဒီဇယ် ၁ ဂါလန် ဈေးမြင့်တက်လာရင် တစ်ယူနစ်ထုတ်လုပ်မယ့် ဈေးလည်း မြင့်တက်မယ်ဆိုတာတော့ သတိထားသင့်ပါတယ်။ နောင်ဆိုရင် ရခိုင်ပြည်နယ်အနေနဲ့ အခြားတိုင်း ဒေသကြီး၊ ပြည်နယ်ကြီးများ နည်းတူ ခံစားခွင့်ရှိပါသလားဆိုတဲ့အချက်ကို ရှင်းလင်းပြောကြား လိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းမှာ သူဋ္ဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းဟာ ၁၁၁ မဂ္ဂါဝပ် ထုတ်မှာဖြစ်ပါတယ်။ မောင်တော၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ စိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်းက ၇၆.၅ မဂ္ဂါဝပ် ထုတ်နိုင်ရန်အတွက် တည်ဆောက် လျက်ရှိပါတယ်။
ဒီစီမံကိန်းတွေ ပြီးသွားလို့ရှိရင် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျိန္တလီမြို့များကို 66KV ဓာတ်အားလိုင်းများ တည်ဆောက်၍လည်းကောင်း၊ စိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်း ပြီးသွားရင်လည်း ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြားမြို့များကို 66KV ဓာတ်အားလိုင်းများ တည်ဆောက်၍ လည်းကောင်း၊ မြန်မာနိုင်ငံတော် ဓာတ်အားစနစ်ကနေပြီး ဓာတ်အားများကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပြီးတော့ ဓာတ်အားစနစ်က ရရှိတဲ့အခါမှာ ဒီမြို့တွေဟာလည်း အိမ်သုံးမီတာဆိုရင်၂၅ကျပ်၊ စီးပွားသုံးမီတာဆိုရင် ၅၀ ကျပ်နဲ့ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ တစ်ယူနစ်ဈေးနှုန်းဟာ ၂၅ ကျပ်၊ ၅၀ကျပ် နဲ့ရောင်းလိုက်ရလို့ အကျိုးအမြတ်များများရှိတယ်လို့ မထင်ပါနဲ့ခင်ဗျာ။ ၂၅ ကျပ်နှုန်း ရယ်၊ ၅၀ကျပ် နှုန်းရယ် ရောင်းတဲ့အခါမှာ တစ်တိုင်းတစ်ပြည်လုံး ယူနစ်သန်းပေါင်းဟာ ၂၅၄၇.၄၄၈ ယူနစ်သန်းရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ငွေကျပ်သန်းပေါင်းဟာ ၈၄၆၉၀.၃၉၇ ကျပ် ရရှိတာဖြစ်ပါ တယ်။ ဒါကြောင့်မို့ တစ်ယူနစ်ရဲ့ ပျမ်းမျှငွေကို တွက်လိုက်မယ်ဆိုရင် ၃၃ ကျပ်နဲ့၂၅ ပြားသာရှိပါတယ်။
ဒီထဲမှာ ၃၃ ကျပ်နဲ့၂၅ ပြားကနေပြီးတော့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တစ်ယူနစ်တန်ဖိုး ၂၀ ကျပ်ပေးရတဲ့အတွက် ကျွန်တော်တို့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ၁၃ ကျပ်နဲ့ ၂၅ပြား သာကျန်ပါတယ်။ ဒီတစ်ယူနစ်အတွက် တခြားကုန်ကျစရိတ်တွေဖြစ်တဲ့ လစာ၊ လောင်စာဆီ၊ အခွန်အခ၊ ပြုပြင်ထိန်းသိမ်းခ ပေါင်းလိုက်လို့ရှိရင် ၁၂ ကျပ်နဲ့ ၆၂ ပြား ကုန်ကျထားတာရှိပါတယ်။ ဒါကြောင့် နောက်ဆုံး တစ်ယူနစ်မှာ ဝန်ကြီးဌာနအနေနဲ့ ဝ.၆၃ ကျပ် တစ်နည်းအားဖြင့်ဆိုရင် ၆၃ပြားသာ ကျန်ပါတယ်။ အဲဒီကျန်တဲ့အမြတ်ကနေပြီးတော့ ဌာနကနေထုတ်ပေးထားတဲ့ စက်သုံးဆီတွေကို ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ဖြန့်ပေးထားတဲ့ မီးစက်တွေအတွက် အရှုံးပမာဏကိုလည်း ဒီထဲက နေပြီး ခုခံပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒီ မီးရရှိမှုအပေါ် မူတည်ပြီး တစ်ယူနစ် ရဲ့အကျိုးအမြတ်ဟာ မပြောပလောက်တဲ့ အနေအထားရှိတာကို ရှင်းလင်းပြောကြား လိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ လျှပ်စစ်နှုန်းထားအပေါ်မှာ ကျွန်တော့်အနေနဲ့ တင်ပြချက်ကို ရှင်းလင်း ဖြေကြားပါသည်။
