(ခ)-ကင်းတားရေလှောင်တမံမှ ရွာငံမြို့ပေါ်သို့ ဖြန့်ဝေပေးထားသည့် လျှပ်စစ်ဓာတ်အားလိုင်း အား တိုးချဲ့ဖြန့်ဖြူးပေးရန် အစီအစဉ် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး နဝမနေ့ (၁၄-၃-၂၀၁၁)

ကင်းတားရေလှောင်တမံ၏ အဓိကရေ‌ဝေရေလဲဒေသ ဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်မြေ ရွာငံမြို့နယ်ဖြစ်ပါတယ်။ ကင်းတားရေလှောင်တမံမှ ရွာငံမြို့ပေါ်သို့ ဖြန့်ဝေပေးထားတဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားလိုင်းကို ရေဝေရေလဲဒေသ ထိန်းသိမ်း စောင့်ရှောက်ရာမှာလည်းကောင်း၊ စီမံခန့်ခွဲရာမှာလည်းကောင်း ပိုမိုထိရောက်အောင်မြင် နိုင်စေရေး အတွက် တိုးချဲ့ဖြန့်ဖြူးပေးဖို့ အစီအစဉ် ရှိပါသလား။ မရှိပါက ရေဝေရေလဲဒေသကို အခြားနည်းလမ်း များဖြင့် မည်သို့မည်ပုံ ဆောင်ရွက် ပေးနိုင်မယ်ဆိုတာကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်မြင့်
အဖြေ

ရွာငံမြို့ပေါ်ကို ပေးထားတဲ့မီးဟာ ကျွန်တော် တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး မေးသလိုပါပဲ၊၊ ကင်းတားဆည်က နေပြီးတော့ ကျွန်တော်‌တို့ 11KV ဓာတ်အားလိုင်းနဲ့ ၁၂ မိုင် သွယ်တန်းပြီး မီးပေးထားတာလည်း ဖြစ်ပါတယ်။ ဒီကင်းတားစက်ရုံကနေပြီးတော့ ထုတ်လုပ်တဲ့ ဓာတ်အားဟာဆိုရင် စိုက်ပျိုးရေတောင်းခံမှုပေါ်မှာ       မူတည်ပြီးတော့ပဲ ဓာတ်အားကို ထုတ်ပါတယ်။ တစ်ရက် ၂၄ နာရီမှာ ကျွန်တော်တို့ ၈ နာရီခန့်သာ          ကင်းတားဆည်က ဓာတ်အားထုတ်တာဖြစ်ပါတယ်။ ကျန်အချိန်များမှာတော့ ဓာတ်အားမထုတ်ဘဲနဲ့      အရန်အဖြစ် ထားရှိတာဖြစ်ပါတယ်။ ကင်းတားစက်ရုံက ဓာတ်အားမထုတ်တဲ့အချိန်မှာ နိုင်ငံတော် ဓာတ်အားစနစ်ကနေပြီးတော့ ကင်းတားစက်ရုံကိုမီးပြန်ပြီး ပေးထားတာဖြစ်ပါတယ်။ အဲဒီလို ကင်းတား စက်ရုံကနေ ရရှိထားတဲ့ မီးကို ရွာငံကို ဆက်ပေးပြီးတော့ ရွာငံမြို့ကိုလည်း နိုင်ငံတော်ဓာတ်အား စနစ်ကနေပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကင်းတားစက်ရုံက ရပ်‌နေသော် လည်း ရွာငံမြို့အနေနဲ့ရော ပတ်ဝန်းကျင်ပါ ဓာတ်အားစနစ်က ရနေမြဲရနေမှာဖြစ်ပါတယ်။ ဓာတ်အား စနစ် တိုးချဲ့ဖြန့်ဖြူးမှုနဲ့ ပတ်သက်လို့ ရွာငံမြို့နယ် ရေဝေရေလဲဧရိယာ ဓာတ်အားလိုင်းဖြတ်ပြီး မီးပေးမည့်အစား နိုင်ငံတော် ဓာတ်အားစနစ်နဲ့ မည်ကဲ့သို့ ပေးမည်လဲဆိုတဲ့အချက်နှင့် ပတ်သက်လို့ လည်း ဒီအောင်ပန်းမြို့မှာရှိတဲ့ 66KV ခွဲရုံကနေ ပြီးတော့ ပင်းတယမြို့ ၊ ပင်းတယမြို့ကနေ ရွာငံမြို့အထိ ဆက်လက်ချိတ်ဆက်ပြီး   ဓာတ်အားပို့လွှတ်မည့် အစီအစဉ်လည်း ကျွန်တော်တို့ ရေးဆွဲပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဓာတ်အားပို့လွှတ်မည့် အစီအစဉ်များရှိနေပြီးဖြစ်တဲ့အတွက် ကိုယ်စားလှယ်တော်ကြီးရဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဆောင်ရွက်သွားမည့်အစီအစဉ်ထဲမှာပါရှိကြောင်း ဖြေကြားပါသည်။