နယ်မြေဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချောမွေ့မှုအပေါ်မှာ အဓိကမူတည်နေပါတယ်။ အောင်ပန်း-ဟန်မြင့်မိုရ်လမ်းဟာ ကျောက်ဆည်မြို့နဲ့ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်တို့ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ လမ်းတစ်လမ်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အထက်မြန်မာပြည်ဆက်သွယ်ရာ ဗျူဟာလမ်းဖြစ်သလို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ အဓိကလမ်းလည်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလမ်းဟာ ယခင် အစိုးရ များလက်ထက်ကတော့ လှည်းလမ်းသာသာလေးပဲ ရှိခဲ့ပါတယ်။ ၁၉၈၉ခုနှစ်နောက်ပိုင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်မှာမှ ရာသီမရွေး၊ အချိန်အခါမရွေး သွားလာနိုင်တဲ့ လမ်းဖြစ်လာခဲ့ပါတယ်။ လမ်းကောင်းလာတာနဲ့အမျှ ယာဉ်သွားလာမှုမှာလည်း ခါတိုင်းထက် ပိုမိုပေါများလာခဲ့ရာ ဒေသတွင်းနေ တိုင်းရင်းသား ပြည်သူများရဲ့ စီးပွားရေး၊ လူမှုရေး အပိုင်းတွေမှာလည်း တိုးတက်လာခဲ့တာ အမှန်ပင် ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်အခါမှာ လမ်းကြောင်းပေါ်မှာရှိတဲ့ တံတားတချို့နဲ့ လမ်းအပိုင်း နေရာ တော်တော်များများမှာ ဆိုးဆိုးရွားရွား ပျက်စီးလာနေတာကို မြင်တွေ့နေရပါတယ်။ သို့ဖြစ်ရာ လိုအပ်တဲ့နေရာတွေမှာ လက်ရှိအနေအထားမှ အဆင့်မြင့်မြင့် ပြန်လည်ပြင်ဆင်ပေးဖို့ အစီအစဉ် ရှိပါသလား။ ဒါမှမဟုတ် B.O.T စနစ်ဖြင့် ပြန်ပြင်ဆင်ပေးဖို့ အစီအစဉ်ရှိပါသလား။ အစီအစဉ် မရှိသေးပါက ဓနုဒေသ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်ပေး နိုင်မယ်ဆိုတာကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဟန်မြင့်မိုရ်၊ မြို့ကြီး၊ ရွာငံ၊ အောင်ပန်းလမ်းဟာ ၇၉ မိုင် ၁ ဖာလုံ ရှည်လျားပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့ကို ဆက်သွယ်ထားတဲ့ ဒေသအတွင်းမှာ အရေးပါတဲ့ လမ်းတစ်လမ်းလည်း ဖြစ်ပါတယ်။ ၁၉၈၂ခုနှစ်အထိ ကျောက်လမ်း အဆင့်သာရှိပြီး ကျောက်တောင်၊ လမ်းကျဉ်းလမ်းကွေ့များသော၊ သွားလာမှု နည်းပါးသော လမ်းဖြစ်ပါတယ်။ ဒီလမ်းဟာ အောင်ပန်း၊ ပင်းတယဒေသမှ အဓိကထွက်ကုန်များ မန္တလေးတိုင်း ဒေသကြီးသို့ အချိန်တိုအတွင်းမှာ ပို့နိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျသော လမ်းကြောင်းဖြစ်ပါတယ်။ ဒါကြောင့် မို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီး ၁၉၉၃ခုနှစ်မှ စတင်ပြီး ကတ္တရာလမ်းအဆင့် မြှင့်တင်ပြီး ဆောင်ရွက်တဲ့နေရာမှာ ၁၉၉၆ ခုနှစ်တွင် ၁၂ ပေ အကျယ် ကတ္တရာလမ်းအဆင့် မြှင့်တင်ပေးပြီး ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၀၄-၂၀၀၅ခုနှစ် ကစပြီး မြို့ကြီးဆည်တည်ဆောက်ရေး လုပ်ငန်းခွင်မှာသုံးသော ယာဉ်ကြီးများ ဖြတ်သန်းမှုများပြား ခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ကုန်စည်များ သယ်ပို့သော ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်း အသုံးပြုမှု များပြားခြင်းတို့ကြောင့် လမ်းမျက်နှာပြင်အချို့ ပျက်စီးမှုများ ပေါ်ပေါက်လာပါတယ်။ ဒီလမ်းပိုင်းနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် မန္တလေးတိုင်းဒေသကြီးအပိုင်းက ၁၀မိုင်နဲ့ ၆ဖာလုံ ပါဝင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၆၈ မိုင်နဲ့ ၃ ဖာလုံ ပါဝင်ပါတယ်။ စောစောက လမ်းမျက်နှာပြင် ပျက်စီးတဲ့ နေရာတွေကို ပြန်ကြည့်မယ်ဆိုရင် မန္တလေးတိုင်းဒေသကြီး အပိုင်းကတော့ ၁ မိုင်ခန့်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ၉ မိုင်ခန့် စုစုပေါင်း ၁၀မိုင်ခန့် ပျက်စီးခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ၃ မိုင်နဲ့ ၆ ဖာလုံ အား မျက်နှာပြင်ညှိ ရေပိတ်လွှာခင်းခြင်း၊ ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးတဲ့အတွက် ၆ မိုင်နဲ့ ၂ ဖာလုံဟာ ၂၀၁၁-၂၀၁၂ခုနှစ်မှာ ဆက်လက်ပြီး ကျန်တဲ့ဟာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်နဲ့ ပတ်သက်လို့ ကျန်တဲ့ ၆ မိုင် ၂ ဖာလုံ ပြုလုပ်မှာဖြစ်တဲ့ အတွက် ဒီလမ်းဟာ လည်း အဆင်ပြေချောမွေ့တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်တောင် လမ်းကျဉ်းနေရာများကို လည်း ဒီနှစ်မှာ ၂ ဖာလုံ ကျောက်မိုင်းခွဲပြီး လမ်းချဲ့ခဲ့ ခြင်းဖြစ်ပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ လည်း ဆက်လက်ပြီး လမ်းချဲ့လုပ်ငန်းများလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၅ ပေ အရှည် ၊ ၂၈ ပေအကျယ် သံကူကွန်ကရစ် တံတား ၂ စင်း အသစ် လည်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ တံတားများကိုလည်း နှစ်အလိုက် တိုးချဲ့ဆောင်ရွက်တဲ့ နေရာမှာ ယခုနှစ် မန္တလေးတိုင်း ဒေသကြီးအပိုင်းက ၉၆ပေ အရှည်ရှိတဲ့ တံတားအမှတ် ၁/၇ နွားတက် တံတားဟာလည်း သံကူ ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပြီး ဖြစ်ပါတယ်။ ၅ ပေအရှည်၊ ၂၈ ပေအကျယ် ရှိတဲ့ သံကူ ကွန်ကရစ် တံတား ၁ စင်း၊ မူလက ၁၂ ပေအကျယ်ရှိတဲ့ သံကူကွန်ကရစ် တံတား ၆ စင်း၊ အဲဒါတွေ အားလုံး ၂၈ပေ လမ်းအဖြစ်ချဲ့ပြီး ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ ဖော်ပြပါ တိုးတက်ပြုပြင်မှုများနဲ့ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို အနီးစပ်ဆုံးဖြစ်တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် တစ်နှစ်သာ လျှင် ဆောင်ရွက်မှုကို တင်ပြနေခြင်းဖြစ်ပါတယ်။ ယခင်နှစ်များကလည်း အလားတူ ထိန်းသိမ်းခြင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၀-၂၀၁၁မှာ မျက်နှာပြင်ကြမ်းခင်းများ ၃ မိုင် ၆ ဖာလုံ မျက်နှာပြင်ညှိခြင်း၊ ရေပိတ်လွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးတဲ့အပြင် ကျန်မျက်နှာပြင်များလည်း ချောမွေ့ရန် ဆောင်ရွက်ထားတဲ့ အတွက် ယခင် ကာလများထက် ချောမွေ့စွာ သွားလာနိုင်ကြောင်းကိုလည်း ကိုယ်စားလှယ်တော်ကြီး အပြန်ခရီးမှာ တွေ့ရှိနိုင်မယ်လို့လည်း ယူဆရပါတယ်။ ဒါကြောင့်မို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့ လမ်းအလိုက်၊ ဦးစားပေးအဆင့်အလိုက် စီမံချက်များ ချမှတ်ပြီး နှစ်စဉ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ဟန်မြင့်မိုရ် - အောင်ပန်း - ရွာငံလမ်းများကိုလည်း အဆင့်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါတယ်။ ဒါ့အပြင် B.O.T လုပ်ငန်းဆောင်ရွက်မှုအခြေအနေအနေနဲ့ B.O.Tဆိုတာ B.O.T တာဝန်ယူတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်ရှိမှသာ ဆောင်ရွက်ပေးနိုင်တာ ရှိပါတယ်။ B.O.T ကုမ္ပဏီနဲ့ဆောင်ရွက်မယ့်သူမရှိပါက ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကပဲ ဆက်လက်ပြီး တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
