(င)-မြန်မာ့စက်မှုဖွံ့ဖြိုးရေးအက်ဥပဒေ ပြုစုပြဋ္ဌာန်းရန် အစီအစဉ်ရှိ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁-၃-၂၀၁၁)

နိုင်ငံ တော်တော်များများမှာ ပြည်တွင်းစက်မှု လုပ်ငန်းရှင်များကို  အခွန်ကင်းလွတ်ခွင့်၊လျော့ပေါ့မှုစတဲ့ အခွင့်အရေးများကို ပေးပြီးတော့ အခွင့်အရေးများကို နည်းဥပဒေဖြင့်ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်း စက်မှုလုပ်ငန်းရှင် များဟာထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ၊ ဈေးကွက်ယှဉ်ပြိုင်မှုမှာ နိုင်ငံခြား စက်မှုလုပ်ငန်း ရှင်ကြီးများလောက် နည်းပညာ၊ အတွေ့အကြုံ၊ အရင်းအနှီး မရှိတဲ့အတွက်ကြောင့် အချို့ လုပ်ငန်းသည် ဈေးကွက်ယှဉ်ပြိုင်ရာမှာ အခက်အခဲရှိပါတယ်။ ဒီလိုအခါမှာ နိုင်ငံတော်အနေနဲ့ Protectionism Act လို့ခေါ်တဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဥပဒေဖြင့် နိုင်ငံခြားမှ သွင်းကုန်အချို့ ကိုအခွန်အကောက်တိုးမြှင့်ကောက်ခံခြင်းအားဖြင့်လည်းကောင်း၊ ကန့်သတ်မှုဖြင့် တင်သွင်းစေခြင်း အားဖြင့်လည်းကောင်း၊ ပြည်တွင်းထုတ်လုပ်သူများဘက်က အသာစီးရအောင်လုပ်ပြီး ပြည်တွင်းစက်မှု လက်မှုကဏ္ဍပိုမိုတိုးတက်လာစေတဲ့သာဓကကိုလည်း တွေ့ရပါတယ်။ဒါကြောင့်မို့ မြန်မာနိုင်ငံမှာလည်း ဒီလို ဥပဒေမျိုးပြဋ္ဌာန်းလုပ်ဆောင်ဖို့ အစီအစဉ် ရှိပါသလားလို့ မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်သောင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာမှ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန အသစ်ဖွဲ့စည်းပြီး ဆောင်ရွက်ရန်ရှိရာ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးအက်ဥပဒေပြဋ္ဌာန်းရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းထားတဲ့မေးခွန်း နှင့်ပတ်သက်၍ ဖြေကြား လိုပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ တာဝန်ယူခဲ့တဲ့ အစိုးရအဖွဲ့ အားလုံးဟာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်ပေါ်စေရေးအတွက် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစားခဲ့ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင်လည်း စက်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဥပဒေများကိုပြဋ္ဌာန်းခဲ့တာရှိပါတယ်။   ၎င်းဥပဒေများကတော့ -

          ၁။       ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ

၂။       ဘွိုင်လာဥပဒေ

၃။       လျှပ်စစ်ဥပဒေ

၄။       အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေ (အိမ်တွင်းစက်မှုလက်မှု လုပ်ငန်း မြှင့်တင်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ)

၅။       မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေ တို့ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ဥပဒေများဟာ လက်ရှိလိုက်နာကျင့်သုံးလျက်ရှိသော ဥပဒေများဖြစ်ပြီး နိုင်ငံတော်အတွင်းမှာ စက်မှုလုပ်ငန်းများအားလုံး ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ အကာအကွယ် ပေးလျက်ရှိပါတယ်။ နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်း လျက်ရှိပါတယ်။ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးမှာလည်း ပြည်သူအများ ပါဝင်နိုင်မှုသည် အဓိကကျပါတယ်။ ထိုသို့စက်မှုကဏ္ဍတွင် ပြည်သူအများ ပါဝင်နိုင်ရေးအတွက် လည်းကောင်း၊ ပြည်သူအများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက်လည်းကောင်း၊ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်းကောင်း အစီအမံများပြုလုပ်ရန် ရှိပါတယ်။ ထို့ကြောင့် နောင်ပေါ်ပေါက်လာသော အစိုးရအဖွဲ့သစ်များအနေဖြင့် စက်မှုကဏ္ဍကို အားပေးသောအားဖြင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန အသစ်အား ဖွဲ့စည်းထား၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများထုတ်ပြန် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။