တစ်ချိန်က နိုင်ငံတော်၏ အချို့သော ဒေသများတွင် စစ်ဘေး၊ စစ်ဒဏ်ကြောင့် ဒေသခံပြည်သူ များသည် ခြေလက်အင်္ဂါ ပြတ်တောက်ချို့တဲ့ရသည့်အပြင် ၎င်းတို့မိသားစုများပါ အခက်အခဲအမျိုးမျိုးကို ယနေ့တိုင် တွေ့ကြုံခံစားနေရဆဲဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အရှေ့ရိုးမတောင်ခြေနှင့် တောင်ပေါ်ဒေသဖြစ်သော ကျောက်ကြီး မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ထန်းတပင်မြို့နယ်များရှိ ဒေသခံပြည်သူများသည် မြေမြုပ်မိုင်းများ၏ ဒဏ်ကို ပြင်းထန်စွာခံစားရပြီး အထူးသဖြင့် ကျောက်ကြီးမြို့နယ်သည် မြေမြုပ်မိုင်းဒဏ်ကို အများဆုံးခံစား ရသော ဒေသ တစ်ခု ဖြစ်ပါကြောင်း၊ ခြေပြတ် လက်ပြတ် ကိုယ်လက်အင်္ဂါချို့တဲ့သူ ဦးရေသည် အနည်းဆုံး ၃၃၀ ဦးမှ ၅၀၀ ဦးခန့် အထိရှိနေခဲ့ပြီး ကိုယ်လက်အင်္ဂါ အမျိုးမျိုးချို့တဲ့သူများကို မှတ်တမ်းပြုစုထားရှိပါကြောင်း၊ အဆိုပါ ဒေသခံများသည် အသက် အန္တရာယ်ရှိမှန်းသိပါသော်လည်း စားဝတ်နေရေးချို့တဲ့ခြင်းကြောင့် တောင်ခြေဒေသ များ၊ တောင်ပေါ်တောတွင်း၊ တောင်ယာလုပ်ငန်းများတွင် ကိုယ်လက်အင်္ဂါ စွန့်လွတ်ခဲ့ရသောအဖြစ်ဆိုးများကို မကြာခဏကြုံတွေ့ခဲ့ရခြင်း၊ ယခု စစ်ဖရပ် ခေါ် အပစ်အခတ်ရပ်စဲပြီးတဲ့ နောက်ပိုင်းတွင် လည်း မကြာမဏ မြေမြုပ်မိုင်းဟောင်းများ ပေါက်ကွဲမှုကြောင့် သေဆုံးခြင်း၊ ခြေလက်အင်္ဂါပြတ်တောက်ခြင်းများကိုလည်း ကြုံတွေ့နေရပြီး မိသားစု စားဝတ်နေရေး၊ လူမှုရေးတွင် ပဋိပက္ခ များဖြင့် ကြုံတွေ့နေကြရပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRCနှင့် မြန်မာနိုင်ငံကိုယ်လက်အင်္ဂါ မသန်းစွမ်းအသင်း MPHC စသည်အသင်းများအနေဖြင့် ရရှိသောအလှူငွေနှင့် ရန်ပုံငွေများပေါ်မူတည်ပြီး ခြေတုလက်တုများကို တပ်ဆင်ပေးသော်လည်း ပြည့်စုံအောင်ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ ထို့ပြင် ကျောက်ကြီးမြို့နယ်နှင့် အခြား ၃ မြို့နယ်တွင် ဒေသခံများအပြင် တပ်မတော်သားဟောင်းများနှင့် အငြိမ်းစားများ တချို့တဝက် ပါဝင်နေထိုင်ကြသည့် အတွက် ခြေတုလက်တုတပ်ဆင်ရာတွင် အလှသဘောမျိုးမဟုတ်ဘဲ သာမန် လူများကဲ့သို့လုပ်ကိုင်စားသောက် လှုပ်ရှား သွားလာနိုင်သော အခြေအနေမျိုးကိုရရှိရန် အထူးလို အပ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၃၂ ပုဒ်မခွဲ (က)နှင့် (ခ)တွင် မသန်စွမ်းသူများအား နိုင်ငံတော်မှ ကြည့်ရှုစောင့်ရှောက်ရန် ပြဋ္ဌာန်းချက်များနှင့်အညီ မသန်စွမ်းသူများကို ကူညီပေးရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း ကြိုးပမ်းရန်လိုအပ်နေသော အချိန်အခါ လည်းဖြစ်သောကြောင့်
(က)ကျာက်ကြီးမြို့နယ်နဲ့ အခြားသောစစ်ဘေးဒဏ်ခံခဲ့ရသည့်ဒေသများရှိ ခြေလက် အင်္ဂါ ပြတ်တောက် ချို့တဲ့ရသူများအား အထူးအစီအစဉ်ဖြင့် ထိရောက်သော ခြေတုလက်တု တပ်ဆင် လေ့ကျင့်ပေးရန် အစီအစဉ်ရှိ/မရှိ
(ခ) ခြေလက်အင်္ဂါ ချို့တဲ့သူများအား သာမန်လူများကဲ့သို့ မိသားစုနှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် လက်မှုလုပ်ငန်းများ၊ အခြားသင့်လျော်မှုလုပ်ငန်းများတွင် လေ့ကျင့်သင်ကြား၍ အလုပ်အကိုင်အခွင့် အလမ်းများ စီစဉ်ဖန်တီး ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိ လာသော ခြေလက်အင်္ဂါ ချို့ယွင်းသူများ အား ရန်ကုန်မြို့၊
အမျိုးသား ပြန်လည် သန်စွမ်းရေး ဆေးရုံတွင် ခြေတုလက်တုများ အခမဲ့တပ်ဆင်ပေးခြင်း ကို ဆောင်ရွက် ပေးလျက်ရှိပြီး လိုအပ်သောဆေးဝါးများကို လည်း ထောက်ပံ့ပေး လျက် ရှိရာ အဆိုပါဆေးရုံ၌ ခြေတု တပ်ဆင်ရန် လာရောက်သောလူနာများ အတွက် တစ်လလျှင် ခြေတုအချောင်းရေ ၃၀ မှ ၅၀ အထိ အခမဲ့ တပ်ဆင်ပေး လျက်ရှိပါကြောင်း၊ လူနာများ ခြေတုတပ်ဆင်ရန် ဆေးရုံတက်ရောက်နေစဉ် တွင် ဆေးလူမှု ဆက်ဆံရေးမှူးမှ တစ်ဆင့် လူမှု ဝန်ထမ်းဦးစီးဌာနနှင့် Association Of Aid and Relief (Japan) တို့ဖြင့် ချိတ်ဆက်၍ ၎င်းတို့ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်တန်း များဖြစ်သည့် ဆံပင်ညှပ်သင်တန်းများ၊ အီလက်ထရောနစ် သင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ စက်ချုပ်ပညာသင်တန်းများ အစရှိသဖြင့် ဘိုကင်း ရှင်းနယ် Traing များကိုလည်း သင်ယူနိုင်စေရန်အတွက် ဆက်သွယ် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ရှိ မြို့နယ်များသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လက်အောက်ရှိ ဘားအံမြို့၊ ခြေတုလက်တုဆိုင်ရာပြန်လည် သန်စွမ်းရေးဌာန၊ ကရင်ပြည်နယ် စံမံချက်ဝင်မြို့နယ်များတွင် ပါဝင်သဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း (ICRC) အထောက်အပံ့ဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ခြေတုလက်တုများ တပ်ဆင်ပေးခြင်း၊ ခရီးစရိတ်များ ထောက်ပံ့ပေးခြင်းများကို ပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ဘားအံမြို့ရှိ ခြေတု လက်တုဆိုင်ရာ ပြန်လည် သန်စွမ်းရေး ဌာနမှ ဒေသအနှံ ခြေတုရရှိရေးအစီအစဉ်၏ ကွင်းဆင်းတာဝန်ခံများက ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ကျောက်ကြီးမြို့နယ် အတွင်းရှိ ခြေလက်အင်္ဂါ ချို့ယွင်းသွားသူများအတွက် ခြေတုတပ်ဆင်ပေးခြင်း လုပ်ငန်းများကို မြို့နယ်ကြက်ခြေနီအသင်းဝင် များနှင့်ပူးပေါင်း၍ နှစ်စဉ် အနည်းဆုံးနှစ်ကြိမ်မှ သုံးကြိမ်အထိ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ခြေတု လက်တုမတပ်ဆင်ရသေးသူများကို ရှာဖွေဖော်ထုတ်တပ်ဆင်ပေးခြင်း၊ တပ်ဆင်ပြီး သူများအနက် အသစ်ပြန်လည် လဲလှယ်ရန် လိုအပ်သူများအတွက် ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိသည့်အပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း The Leprosy of Mission International (TLMI) အဖွဲ့၊ Letter Day Seint Charity (LDSC) နှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန် မစွမ်းအဖွဲ့အစည်းစသည့် ပြည်တွင်း၊ ပြည်ပလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပုံမှန်ခြေတု တပ်ဆင်လှူဒါန်းရာ ၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ၃-၁၁-၂၀၁၂ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်မစွမ်းသူများ ပူးပေါင်း၍ ခြေတုအချောင်းပေါင်း ၄၀ နှင့် ၃၀-၅-၂၀၁၃ ရက်နေ့တွင် တောင်ငူမြို့ ခပေါင်းခန်းမ၌ ခြေတု အချောင်းပေါင်း ၅၀ လှူဒါန်းနိုင်ခဲ့ ပါကြောင်း၊ နောင်နှစ်တွင်လည်း ဆက်လက်၍ ဤကဲ့သို့ ပုံမှန်နှင့် အထူးစီမံချက် လုပ်ငန်းများ ဆက်လက် တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားရှိလျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသွားပါသည်။
