မိမိအနေဖြင့် မေးခွန်းနှင့်ပတ်သက်၍ ဆက်နွယ်မှုလေးများကို တင်ပြချင်ပါကြောင်း၊ တစ်ချိန် က ကလေးဝမြို့ တွင် ကျောက်မီးသွေး ထွက်စဉ်က ကျောက်မီးသွေးမိုင်းအနေဖြင့် ဆေးရုံရှိပြီး ဆရာဝန်ဆရာမ အပြည့်အစုံ၊ လူနာတင်ကားများ အပြည်အစုံ၊ အ.ထ.က၊ အ.လ.ကရှိပါကြောင်း၊ အ.ထ.က အတွက် ကလေးဝမှ လာတက် ရသော ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားအတွက် ကျောင်းဖယ်ရီပေးခဲ့ပါကြောင်း၊ သို့သော်ယခု အချိန်တွင် စီးပွားရေးတံခါးဖွင့်ဝါဒအရ ပုဂ္ဂလိက ကုမ္ပဏီ၏ လက်အောက်သို့ ရောက်တော့မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းအကြိုအပို့ကိစ္စ၊ ရေ/မီးကိစ္စများ ဆက်လက်အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည့်အတွက် မန်နေဂျာကြီးမှလည်း အတတ်နိုင်ဆုံး ကူညီပေးခဲ့ပါကြောင်း၊ သို့သော် ၎င်းပြန်သွားသည့် အချိန်မှစ၍ မိမိတို့တွင် သယ်ပို့မှုအစီအစဉ်မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ခေတ်စနစ်အရ နိုင်ငံပိုင် သယံဇာတများအား ကုမ္ပဏီများသို့တူးခွင့်ပြုရာတွင် နိုင်ငံတော်နှင့် ကုမ္ပဏီများက ချုပ်ဆိုသည့်စာချုပ်၊ စာတမ်း၊ ကတိကဝတ်များတွင် ထုတ်ယူမည့်ကုမ္ပဏီများသည် ထုတ်ယူသည့် သယံဇာတ ထွက်ရှိရာဒေသ၊ မြို့နယ်များ၏ဖွံ့ဖြိုးတိုးတက်မှု ကူညီရန်ဟူသော အချက်အလက်များ စာချုပ်တွင်ပါဝင်မှုရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ကြောင့် စာချုပ်အရ ကုန်ထုတ်တန်ဖိုး၏ ရာခိုင်နှုန်းမည်မျှကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် သတ်မှတ်ခြင်း ရှိ/မရှိ၊ ကလေးဝမြို့နယ်၏ ကျောက်မီးသွေးများ၊ သစ်များထုတ်ယူသည့် ကုမ္ပဏီများမှ ကူညီမှုများပေးခြင်းရှိ/မရှိ၊ မြို့ရွာဒေသဖွံ့ဖြိုးရေးအတွက် အစိုးရမှ ကုမ္ပဏီများနှင့် မည်ကဲ့သို့ ညှိနှိုင်းပေးမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သတ္တုတွင်းဝန်ကြီး ဌာနသည် နိုင်ငံတော်၏အကျိုးစီးပွား၊ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် နိုင်ငံတော်၏ သယံဇာတများကို ထုတ်ယူသုံးစွဲနိုင်ရန် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများကအနေဖြင့်လည်း ပြဋ္ဌာန်းထားဆဲ ဥပဒေ၊ နည်းဥပဒေများပေါ်များ အပေါ် အခြေခံပြီး သယံဇာတများကို တူးဖော်နေကြတာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွ်လည်း သက်ဆိုင် ရာ ဒေသခံပြည်သူများ၏ အကျိုးစီးပွားအတွက် ဆောင်ရွကရန် ဝတ္တရားရှိသည်မှာလည်း မှန်ကန်ပါကြောင်း၊
သို့သော်လည်း ယခင် ယခင်က ချုပ်ဆိုခဲ့သော စာချုပ်များတွင် ထိုအချက်များနှင့် ပတ်သက်ပြီး ထည့်သွင်းချုပ်ခြင်း မရှိပါကြောင်း၊ ၂၀၁၃ ခုနှစ် နှစ်စပိုင်းက စတင်၍ နောက်ပိုင်းမှာ နောက်ပိုင်းစာချုပ်များတွင် ကုမ္ပဏီများအနေဖြင့် EIA ၊ SIA၊ HIA များ၊ Mine Closure Plan နှင့်ပတ်သက်ပြီး စာချုပ်ချုပ်ဆိုမှုများဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သက်ရောက်မှု၊ လူမှုစီးပွားသက်ရောက်မှု၊ ကျန်းမာရေး သက်ရောက်မှုစသည့် ဆန်းစစ်ချက်များအပေါ် ကုမ္ပဏီများက သေချာစွာ စီမံချက်ရေးဆွဲ တင်ပြပြီးတော့မှ စာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း။
စာချုပ်အရ ထုတ်ကုန်တန်ဖိုး၏ ရာခိုင်နှုန်းအချို့ကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် သတ်မှတ်ချက်ကိုလည်း ယခင်က လုပ်ငန်းသဘောတူစာချုပ်များမှာ ထည့်သွင်းခဲ့ခြင်းမရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကစတင်ကာ ကလေးဝမြို့နယ်တွင် ကျောက်မီးသွေးထုတ်လုပ်သော ကုမ္ပဏီများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၃ ရာခိုင်နှုန်းကို လူမှုရေးတာဝန်ယူမှု ရန်ပုံငွေအဖြစ် ထည့်ဝင်သွားရမည် ဖြစ်ပါကြောင်း၊
ကလေးဝမြို့နယ်မှာ ကျောက်မီးသွေးထုတ်လုပ်သော ကုမ္ပဏီ ငါးခုသည် လူမှုရေးတာဝန်ယူများများရှိပါကြောင်း၊ ယင်း ကုမ္ပဏီငါးခုသည် သာသနာရေးအလှူ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အလှူငွေ စုစုပေါင်း ၄၁,၁၂၃,၅၀၀ တန်ဖိုးရှိအလှူငွေများကို ဒေသအတွက်ကို လှူဒါန်းပေးခဲ့ကြောင်း။
ရွာဒေသများဖွံ့ဖြိုးရေးအတွက် အစိုးရမှ ကုမ္ပဏီများနှင့် ညှိနှိုင်းပေးနေသည်များနှင့် စပ်လျဉ်း၍ ပထမဆုံး သတ္တုတွင်းလုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မီးသွေးလုပ်ငန်းရှင်များအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါ ကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် အသားတင်အမြတ်ငွေ ၃ ရာခိုင်နှုန်းကို စီးပွားရေး လုပ်ငန်းဆောင်ရွက်နေ သည့် ကုမ္ပဏီများ၏ လူမှုရေးတာဝန်ယူမှု CSR ရန်ပုံငွေအတွက် ထည့်ဝင်ရန် အတည်ပြုဆုံးဖြတ်ခဲ့ပါကြောင်းနှင့် မြို့၊ ရွာဒေသများဖွံ့ဖြိုးရေးအတွက် အမှတ်(၃) သတ္တုတွင်းလုပ်ငန်းမှ ကုမ္ပဏီများနှင့် အခါအားလျော်စွာ ဆက်လက်ဆွေးနွေးညှိနှိုင်းလျက် ရှိပါကြောင်း၊
ကလေးဝမြို့နယ်တွင် သစ်ထုတ်လုပ်ခဲ့သော တင်ဝင်းထွန်းကုမ္ပဏီအနေဖြင့် ကလေးဝမြို့နယ်၊ သက္ကယ်ကျင်း ကျေးရွာအုပ်စု သက္ကယ်ကျင်း၊ အောင်ချမ်းသာ၊ ဆယ်အိုင်မကျေးရွာများတွင် သောက်သုံးရေးရရှိရေး၊ ပညာရေး၊ ဘာသာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၂၀၀၉-၁၀ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်ထိ ကျပ်သိန်းပေါင်း ၂၀၀၀ ဖိုးခန့် ဆောင်ရွက်ခဲ့ပါကြောင်း၊
စစ်ကိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်သဘာဝသယံဇာတပစ္စည်းများ တူးဖော်ထုတ်လုပ်လျက်ရှိသော ကုမ္ပဏီများ ကို တူးဖော်ထုတ်လုပ်သော မြို့နယ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရန် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် စာချုပ်တွင် မပါ ရှိသော်လည်း လက်ရှိအခြေအနေတွင် လုပ်ငန်းအခြေအနေပေါ်မူတည်ကာ သက်ဆိုင်ရာဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံပိုင်သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် နောင်တွင် ကုမ္ပဏီ၏ လုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အကျိုးအမြတ်ပေါ် ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး သယံဇာတထွက်ရှိရာဒေသ၊ မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်အချက်ကို စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားပါသည်။
