(ဃ)အမျိုးသားပညာရည် မြင့်မားရေး နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၃-၃-၂၀၁၁)

နိုင်ငံတော်ကြီး အခုလို ဖွံ့ဖြိုးတိုးတက်ရာမှာ ပညာရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကို ကမ္ဘာ့အဆင့်မီ ပညာရေးစနစ် ဖြစ်ရန်မှာ အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်နှင့်တကွ ကျောင်းသူ၊ ကျောင်းသားများ ပြည်သူလူထုကြီးတစ်ရပ်လုံးက နိုင်ငံတော်၏ ပညာရေးစနစ်တိုးတက်လာမှုကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကြပါတယ်။ ကိုယ့်သားသမီး များ ကမ္ဘာ့အဆင့်မီပညာရပ်များ သင်ကြားရပြီလို့ ဝမ်းမြောက်ကြည်နူးနေသော ကာလလည်း ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ လည်း  အမျိုးသားပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်ရဲ့ ပညာရေးဆိုင်ရာ မူဝါဒချမှတ် ဆောင်ရွက်ခြင်း၊ သင်ကြားရေးနှင့် သုတေသနပြုရေး ကိစ္စရပ်များကို အရည်အသွေး မြင့်မားစွာဆောင်ရွက်နိုင်ရန် စီမံနေခြင်း၊ တက္ကသိုလ်များတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးမာတိကာများ နိုင်ငံတကာအဆင့်မီရန် Curriculum Development Teams-CDT များဖွဲ့၍ နိုင်ငံတကာ အဆင့်မီသင်ရိုးများအဖြစ် ဆောင်ရွက်နေခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် အာဆီယံတက္ကသိုလ်ကွန်ယက် ASEAN Universities Network - AUN အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်နေခြင်း၊ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ တရုတ် အစရှိသော တက္ကသိုလ်များနှင့်ချိတ်ဆက်၍ သုတေသန ပြုလုပ်ခြင်း၊ သင်ကြားရေးဌာနများ ပူးပေါင်းဖွင့်လှစ်ခြင်း၊ ဧည့်သည်ပါမောက္ခများ လာရောက်ပို့ချခြင်း စသောလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ဖြစ်အောင် ဆောင်ရွက်နေကြောင်း သိရပါ သဖြင့် အလွန်အားရ ကျေနပ်ဝမ်းသာနေမိပါတယ်။

လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ပညာရေးစနစ် တိုးတက်သည်ထက်တိုးတက်အောင် အမျိုးသား ပညာရည်မြင့်မားရေး အနှစ် ၃၀ နှစ်ရှည်စီမံကိန်း လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်နေ ကြောင်းလည်း သိရပါတယ်။ အခုကျွန်တော်တင်ပြခဲ့တာကတော့ တက္ကသိုလ်အဆင့်ဖြစ်ပါတယ်။ အဲဒီတော့ အခြေခံပညာကဏ္ဍမှာလည်း နှစ် ၃၀ နှစ်ရှည်စီမံကိန်းများဖြင့် ပညာရည်မြင့်မားအောင် ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။ ယင်းကဲ့သို့ ပညာရေးအဆင့်အတန်း မြင့်မားစေရန် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွန်တော်တို့အနေနဲ့ တစ်ဖက်တစ်လမ်းက အစဉ်တစိုက် ဝိုင်းဝန်း ကူညီ စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါကြောင့် ဆက်လက်ဆောင်ရွက်မည့် ပညာရေးကဏ္ဍမှာ ရှေ့ယခင်ဝိုင်းဝန်းကူညီ ပံ့ပိုးခဲ့သည့်အတိုင်း ဆက်လက်ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်အောင် ကြိုတင် စီမံနိုင်ဖို့အတွက် ပညာရေးကဏ္ဍမှာ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာချမ်းငြိမ်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရည်မြင့်မားရေးဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဦစားပေးဆောင်ရွက်နေပါတယ်။ ပထမ အချက်အနေဖြင့် မြန်မာနိုင်ငံ မည်သည့် နေရာတွင် နေထိုင်သည်ဖြစ်စေ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ၊ ပညာရပ်များ အခွင့်အလမ်း   နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြမှာဖြစ် ပါတယ်။ အခြေခံပညာကဏ္ဍတွင် အခြေခံပညာကျောင်းပေါင်း ၄၉၀၀၀ ကျော်ဖွင့်လှစ်ထားသဖြင့် ယခင်ကထက် ၁.၂ ဆကျော် တိုးတက်လာပါတယ်။ ကျေးရွာ ငါးရွာတွင် သုံးကျောင်းနှုန်း ဖွင့်လှစ်ထားပြီး ပျမ်းမျှအကွာအ‌ဝေး အနေဖြင့် ၁.၄ မိုင်သာ ကွာ‌ဝေးပါသဖြင့် အခြေခံပညာကို ကျောင်းနေအရွယ် ကလေးအားလုံး အခက်အခဲ မရှိလွယ်ကူစွာ တက်‌ရောက်သင် ကြားနေနိုင်မည်ဖြစ်ပါတယ်။ အဆင့်မြင့် ပညာကဏ္ဍ အနေနဲ့လည်း တစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်စုစုပေါင်း ၁၆၁ ခု တည်ထောင်ထားရှိ ပါတယ်။ ၁၉၈၈ခုနှစ်ကထက် ငါးဆ တိုးတက်လာပြီဖြစ်ပါတယ်။ ပညာရေး ဝန်ကြီးဌာနတွင် တက္ကသိုလ် ဆရာ၊ ဆရာမပေါင်း ၁၂၀၀၀ ကျော် ရှိပါတယ်။ ၁၉၈၈ ခုနှစ်ထက် နှစ်ဆ ကျော်တိုးတက် လာပါတယ်။ ကျောင်းသူ၊ ကျောင်းသားဦးရေဟာလည်း ၅.၀၅သိန်းကျော် ရှိတဲ့အတွက် ၁၉၈၈ ခုနှစ်ထက် နှိုင်းစာလျှင် ၄.၅ ဆပိုမိုလာပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတစ်ဝှမ်းလုံးရှိ အဆင့်မြင့်ပညာသင်ကြား လိုသူများအတွက် အဆင့်မြင့်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများ တစ်ပြေးညီ ရရှိလာပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ အခြေခံနဲ့ အဆင့်မြင့်ပညာကဏ္ဍတွင် နိုင်ငံတကာ အဆင့်မီ အရည်အသွေးပြည့်ဝရေး၊ Quality နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေး တင်ပြမှာဖြစ်ပါတယ်။ အခြေခံပညာကဏ္ဍမှာ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများအဖြစ် အဆင့်မြင့်မြှင့်တင်ရေးဆွဲထားပြီးဖြစ်တဲ့အပြင် လေ့ကျင့်သင်ကြားပေးလျက်လည်း ရှိပါတယ်။ ပညာရေးတက္ကသိုလ် နှစ်ခုနှင့်၊ ပညာရေးကောလိပ် ၂၀ ဖွင့်လှစ်ထားရှိပြီး အရည်အသွေးမြင့်မားတဲ့ ဆရာ၊ဆရာမများကို မွေးထုတ်ပေးလျက်ရှိပါတယ်။ အဲဒီအပြင် အခြေခံဆရာ၊ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် ဘာသာရပ် သင်ကြားရေး မွမ်းမံသင်တန်းများ၊ ဉာဏ်သစ်လောင်း သင်တန်းများ ဖွင့်လှစ်ပေးထားတဲ့အပြင် ပညာရေးမဟာဘွဲ့၊ ပညာရေး ပါရဂူဘွဲ့ များကိုလည်း ဖွင့်လှစ်ပညာသင်ကြားပေးခြင်းအားဖြင့် ဆရာ၊ဆရာမများရဲ့ အရည်အသွေးကိုမြှင့်တင်ပေးလျက် ရှိနေပါတယ်။ ထို့အပြင် ပါရဂူဘွဲ့ရ တက္ကသိုလ် ဆရာ၊ဆရာမ ၅၆ဦးကိုလည်း အထက်တန်း ကျောင်းအုပ်ကြီးများအဖြစ် ခန့်အပ်ပေးထားပြီး အခြေခံပညာကဏ္ဍရဲ့ ပညာသင်ကြားရေးကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ အခြေခံပညာကျောင်းများရဲ့ သင်ကြားရေးနဲ့ စီမံခန့်ခွဲရေးလုပ်ငန်းများ ထိရောက်စွာကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေး ဝန်ထမ်းများ ဖြစ်တဲ့ မြို့နယ် ပညာရေးမှူးများအား အခြေခံပညာကျောင်းအုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနများရဲ့ကြီးကြပ်မှုဖြင့် အခြေခံပညာ ကျောင်းများနဲ့ တက္ကသိုလ်ကောလိပ်များကို သုံးလ တစ်ပတ်လျှင်ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည် များကို ပံ့ပိုးပေးလျက်ရှိနေပါတယ်။ အဆင်‌့မြင့်ပညာကဏ္ဍအနေနှင့် နိုင်ငံတကာအဆင့်မီ ဘွဲ့၊ မဟာဘွဲ့သင်တန်းများ၊ မဟာသုတေသနသင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ နိုင်ငံခြားပညာသင်စေလွှတ်ခြင်း၊ နိုင်ငံခြားတက္ကသိုလ်များနှင့် ချိတ်ဆက်၍ နိုင်ငံခြား ပါမောက္ခများ မြန်မာနိုင်ငံတက္ကသိုလ်များတွင် ဆွေးနွေးပို့ချခြင်း၊ ပါရဂူဘွဲ့ကျမ်းများ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ သုတေသနပြုရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း စသည်များကို ဆောင်ရွက်လျက် ရှိပါတယ်။ သုတေသနဂျာနယ်များကိုလည်း တက္ကသိုလ်အလိုက်၊ တက္ကသိုလ်များစုပေါင်း၍ လည်းကောင်း ထုတ်ဝေခြင်း၊ ခေတ်မီသုတေသနသုံး စက်ပစ္စည်းများ တပ်ဆင်ထားပြီး သုတေသန စင်တာများ ဖွင့်လှစ်ထားရှိခြင်းများ ပြုလုပ်လျက် ရှိပါတယ်။ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ ကိုလည်း နိုင်ငံတကာ အဆင့်မီရေးအတွက် ပြန်လည်စိစစ်ရေး အဆင့်မြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ဘွဲ့ကြိုသင်တန်းများမှာလည်း Project ဒါမှမဟုတ် Team Paper  သို့မဟုတ် Thesis များဖြင့် ပြုစုဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ခြင်း အနေဖြင့် အခြေခံပညာကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများဖြစ်တဲ့ UNICEF, UNESCO အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ JICA, KOICA စသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ အဆင့်မြင့်ပညာကဏ္ဍအနေဖြင်‌့ ASEAN Universities Network (AUN)အဖွဲ့တွင် ပါဝင်ခြင်း၊ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်၍ မြန်မာ၊ အိန္ဒိယ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသင်တန်း ဖွင့်လှစ်ခြင်း၊ မြန်မာ၊ အိန္ဒိယ အင်္ဂလိပ်‌စာ လေ့ကျင့်သင်ကြားရေးဌာန ဖွင့်လှစ်ခြင်းများကို ဆောင်ရွက် လျက်ရှိပါတယ်။ကိုးရီးယားနိုင်ငံ KOICA နှင့်ပူးပေါင်း၍ ASIA Research Centre ထူထောင် ဆောင်ရွက်ပြီး ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အရှေ့တောင်အာရှ ဝန်ကြီးများအဖွဲ့ ၊ပညာရေးဝန်ကြီးများ အဖွဲ့၊ ဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဌာန  Centre For History and Tradition ကိုဖွင့်လှစ်၍ အာဆီယံ နိုင်ငံများရှိ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာတက္ကသိုလ်များ သို့ ပညာသင်များစေလွှတ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

          တတိယ အချက်အနေနှင်‌့ အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့တွင် ရွေးချယ်သင်ယူမှု အခွင့်အလမ်းများ အပြည့်အဝရရှိရေး Diversity နှင့်ပတ်သက်၍ ဆက်လက် တင်ပြမှာ ဖြစ်ပါတယ်။ အခြေခံပညာကဏ္ဍနှင့်ပတ်သက်၍ အလယ်တန်းအဆင့်တွင် အသက်မွေး အခြေခံများကို ထည့်သွင်းသင်ကြားခြင်း၊ အထက်တန်းအဆင့်တွင် ရွေးချယ် သင်ယူမှုရှိသည့် ဘာသာရပ်များနှင့် လေ့ကျင့်သင်ကြားခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဆင်‌့မြင့်ပညာ ကဏ္ဍအနေနှင့် ၁၉၈၈ ခုနှစ်တွင် သင်ကြားရေးအစီအစဉ်ပေါင်း ၇၉ ခုသာ ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၂၁၅ ခု အထိ သင်ကြားသဖြင့် သင်ကြားရေးအစီအစဉ်ပေါင်း ၂.၇ ဆ တိုးတက်လာပါတယ်။ ဘာသာ ရပ်နယ်ပယ်အသီးသီးတွင် မဟာသုတေသနဘွဲ့ သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများကို တိုးချဲ့ သင်ကြားပေးလျက်ရှိပါတယ်။ ခေတ်နှင့်အညီ တိုးတက်လာသော ဘာသာရပ်များဖြစ်သည့် နာနို နည်းပညာ Nano Technology၊ ဇီဝနည်းပညာ Bio Technology နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဘာသာရပ် Renewable Energy ဘာသာရပ်များကိုလည်း ထည့်သွင်း သင်ကြားပေးခြင်း အားဖြင့် ဘာသာရပ်နယ်ပယ်စုံကို လေ့လာသင်ယူမှုအခွင့်အလမ်းများ အပြည့်အဝရရှိလျက် ရှိနေပြီ ဖြစ်ပါတယ်။ အထက်ပါ ဘာသာရပ်ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိသည့်အပြင် မြန်မာနိုင်ငံသားတိုင်းအတွက် အဓိကမရှိမဖြစ်လိုအပ်သော ငယ်စဉ်ကပင် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ထွန်းကားပြန့်ပွားရေး ဘာသာရပ်သင်ခန်းစာများ ကိုလည်း ထည့်သွင်းသင်ကြားပေးလျက် ရှိသည့်အပြင် အခြေခံပညာအဆင့်၌ ကျောင်းဆုပေးပွဲများပြုလုပ်ခြင်း၊ အခြေခံပညာကျောင်းများ ၊တက္ကသိုလ်များတွင်နေ့ကြီး၊ရက်ကြီးများ၌ အထိမ်းအမှတ် အခမ်းအနားများ တွင်ဆရာ၊ဆရာမများမှဟောပြောပညာပေးခြင်း၊ ကျောင်းသားများအားစာပေ၊အနုပညာပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်၏ အမျိုးသားပညာရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထက်တွင်တင်ပြခဲ့သည့် သင်ယူမှု၊ သင်ကြားမှုအခွင့်အလမ်းများ အပြည့်အဝရရှိရေး၊ အရည်အသွေးမြင့်မားရေး၊ သင်ယူလိုသည့် ဆန္ဒ၊ ဝါသနာအလျောက် ၊ ဒေသလိုအပ်ချက်အလျောက် သင်ယူလိုသည့်ပညာရပ်များကို ရွေးချယ်သင်ယူ ခွင့် အခွင့်အလမ်းများရှိတဲ့အပြင် နိုင်ငံသားတိုင်းအတွက် အသက်တမျှ အရေးကြီးသည့် လိုအပ်လျက် ရှိသော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေး သင်ခန်းစာများကို သင်ကြားပို့ချ လျက်ရှိပါကြောင်းနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။