(ခ)-နိုင်ငံရေးပင်စင်ခံစားခွင့် ဆောင်ရွက်ပေးမှုအခြေအနေကို သိရှိလိုကြောင်းနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၆) ရက်မြောက်နေ့ (၃၀.၈.၂၀၁၂)

 

ဝမ်းတွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ကျွန်တော်မေးခွန်းတင်တဲ့ ဇွန်လ ၂၂ ရက်နေ့အထိ လျှောက်ထားသူစာရင်းဟာ  ၁၆၆  ဦးရှိပါတယ်။  အဲ့ဒီ  ၁၆၆ ဦးထဲက ၁၇ - ၈ - ၂၀၁၁ မှာ  ၁၅  ဦး၊  ၁၉-၈-၂၀၁၁ မှာ ၈ ဦး၊ ၂၃-၈-၂၀၁၁ မှာ ၂၇ ဦး၊ စုစုပေါင်း ၅၀ ဦးတို့ဟာ နိုင်ငံရေးပင်စင်လစာများ ထုတ်ယူ ခံစားနေရပြီဖြစ်ပါတယ်။ နောက်ထပ် ၇ ဦး နိုင်ငံရေးပင်စင်ထပ်မံကျတယ်လို့သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျန်ရှိတဲ့ဦးရေ ၁၀၉ ဦး စာရင်းအရသိရှိရပါတယ်။ ဝမ်းတွင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကနေပြီးတော့ နိုင်ငံရေးပင်စင်ထုတ်ယူရန်ကျန်ရှိနေတဲ့ ၁၀၉ ဦးအတွက် နိုင်ငံရေးပင်စင်ထုတ်ယူရရှိရေးအတွက် ဆောင်ရွက်ထားခဲ့ပါတယ်။ အဲ့ဒီ ၁၀၉ ဦးမှာ ကိုယ်တိုင် လျှောက်ထားတဲ့လူ ၈၅ ဦးဟာလည်း ပင်စင်လစာမရရှိသေးတဲ့အတွက် မှီခိုနေရတဲ့မိသားစုများဟာ လည်း ဘဝရပ်တည်ရေးခက်ခဲပင်ပန်းကြရပါတယ်။ ဒါ့အပြင် ပင်စင်စားလင်ယောက်ျားသေဆုံးသွားတဲ့ အတွက် မိသားစုပင်စင်လျှောက်ထားတဲ့ ၂၄ ဦးတို့မှာလည်း အဆင်မပြေမှုများနဲ့ကြုံတွေ့နေကြရပါ တယ်။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့မြို့နယ်အတွင်း နိုင်ငံရေးပင်စင် ကိုယ်တိုင်လျှောက်ထားသူ ၈၅ ဦးနှင့် မိသားစုပင်စင် ၂၄ ဦး၊ စုစုပေါင်း ၁၀၉ ဦးရှိနေသကဲ့သို့ ကိုယ်စားလှယ်များရဲ့မြို့နယ်များမှာလည်း အခက်အခဲများရှိနေမယ်လို့ယုံကြည်မိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တင်ပြခဲ့တဲ့ နိုင်ငံရေးပင်စင်ထုတ်ယူရန်ကျန်ရှိတဲ့ပုဂ္ဂိုလ်များအတွက် အမြန်ဆုံးထုတ်ပေး ဆောင်ရွက်နိုင်ရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန - ၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

နိုင်ငံရေးပင်စင် လျှောက်ထားသူ ၁၆၆ ဦးအနက်မှ ၅၇ ဦးကတော့ တိုးမြှင့်နိုင်ငံရေးပင်စင်ခံစားခွင့်ရရှိပြီးဖြစ်ပါတယ်။ နိုင်ငံရေးပင်စင် ခွင့်ပြုရန်ကျန်ရှိတဲ့ ၁၀၉ ဦးအနက်က ၇၄ ဦးရဲ့လျှောက်လွှာများသာ နိုင်ငံတော်သမ္မတရုံးသို့ ရောက်ရှိခဲ့ပြီး ကျန် ၃၅ ဦးကလျှောက်လွှာများ မရောက်ရှိသေးကြောင်း တွေ့ရှိရပါတယ်။ မရောက်ရှိ သေးသူများမှာ ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်ဆက်သွယ် ဆောင်ရွက် ပေးရန်လိုအပ်ပါတယ်။

ဝမ်းတွင်းမြို့နယ်မှ နိုင်ငံရေးပင်စင်လျှောက်လွှာရောက်ရှိသူ ၇၄ ဦး အနက်ကနေ ၅၀ ဦးကိုတော့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လထဲမှာပဲ ပင်စင်ဦးစီးဌာနသို့ခွင့်ပြုမိန့် ချထားပေးပြီး ဖြစ်ပါတယ်။ နောက်ဆက်တွဲ(က)နဲ့ဖော်ပြထားသော်လည်း အချိန်ကိုငဲ့ကွက်သော အားဖြင့် ဖော်ပြခြင်း မပြုတော့ပါဘူး။ ဆောင်ရွက်ဆဲ ၂၄ ဦးအနက်မှ နိုင်ငံရေးပင်စင်ခံစားခွင့်မရှိသူ ၄ ဦးရှိပါတယ်။ အဲ့ဒီ ၄ ဦးကတော့ ပါတီတာဝန်ရပ်စဲခြင်းခံရသူ ဦးထွန်းစိန် အတွင်းရေးမှူး၊ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ နောက်တစ်ယောက်ကတော့ ပါတီတာဝန်ရပ်စဲခြင်းခံရသူ ဦးတင်အောင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌ၊ မြို့နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဖြစ်ပါတယ်။  နံပါတ် (၃) အနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ အရအရေးယူခြင်းခံရသူ ဦးသန်းမြင့် ဥက္ကဋ္ဌ၊ ရွှေတောင် ကျေးရွာ၊ နံပါတ် (၄) အနေနဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ အရအရေးယူခြင်းခံရသူ ဦးချစ်မောင် အတွင်းရေးမှူး၊ ဒါးလှကျေးရွာတို့ ဖြစ်ပါတယ်။ တောင်ဆည်ကျေးရွာအုပ်စု ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးသန်းအောင်ကတော့ ၁၆-၈-၉၉ ရက်စွဲပါစာအမှတ်ခွင့်ပြုမိန့်နဲ့ နိုင်ငံရေးပင်စင်ခံစားခွင့်ပြုပြီးဖြစ်ပေမယ့် ထပ်မံတင်ပြလျှောက်ထားတဲ့ အကြောင်းကိုတွေ့ရှိရပါတယ်။ နိုင်ငံရေးပင်စင်ပုံစံအား ဝမ်းတွင်းမြို့နယ်သို့ ထပ်လျှောက်ထားတာ ဖြစ်တဲ့အတွက် ဝမ်းတွင်းမြို့နယ်သို့ ပြန်လည်ပေးပို့ပြီးဖြစ်ပါတယ်။ ဦးသန်းအောင်အနေဖြင့် တိုးမြှင့်နိုင်ငံရေးပင်စင်လျှောက်မယ်ဆိုရင် ဝမ်းတွင်းမြို့နယ်ရဲ့ ထောက်ခံချက်၊ ပင်စင်စာအုပ်(မူရင်း) နှင့်အတူ ပြန်လည်တင်ပြလျှောက်ထားရန်လိုအပ်ပါတယ်။ နောက်ထပ် နိုင်ငံရေးပင်စင် ခံစားခွင့်ပြုရန် ကျန်ရှိတဲ့ ၁၉ ဦးကိုတော့ ဆက်လက်စိစစ်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံရေးပင်စင်မှန်ကန်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံရေးပင်စင် လျှောက်ထားသူများမှာ ပင်စင်ပုံစံမှာပါတဲ့အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်သွင်းရန် လိုအပ်ပါတယ်။ နိုင်ငံရေးပင်စင်ပုံစံပါအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည်‌့စွက်ဆောင်ရွက် ပေးမယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းကို အထောက်အကူပြုနိုင်ပါတယ်။ ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့လည်း ပြစ်မှု၊ ပြစ်ဒဏ်ရှိသူများနှင့် နိုင်ငံရေးပင်စင်ရရှိပြီး သူများအား ထပ်မံလျှောက်ထားခြင်းမပြုရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်းရှင်းလင်း ဖြေကြားပါသည်။