(ခ)မကြားမပြောနိုင်သော ပုဂ္ဂိုလ်များ အတွက် ဦးခေါင်း၊ ကိုယ်၊ လက်ဟန်ပန်သုံးစကား ဖြင့် တင်ဆက် ပေးမှုပြုရန် အစီအစဉ် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀-၃-၂၀၁၁)

မြန်မာ့ရုပ်မြင်သံကြားကနေပြီးတော့ သတင်း တင်ဆက်မှု ၊ သတင်းကြေညာမှု ၊ ပညာပေးဆွေးနွေးမှု၊ ဟောပြောမှုဆိုတဲ့ အခန်းတွေထုတ်လွှင့်ရာမှာ ကျွန်တော်တို့ ပြည်သူတွေထဲကပဲ ပေါ့လေ။ မကြား၊မပြောနိုင်သောပုဂ္ဂိုလ်များ၊  သူတို့တွေ အတွက် ဦးခေါင်း၊ ကိုယ်လက် ဟန်ပန်သုံးစကားဖြင့် တင်ဆက်ပေးမှုမျိုး ပြုရန်အစီအစဉ်များ ရှိ/ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံမှာ လူဦးရေ သန်း (၆၀)ကျော်ရှိပြီး အဲဒီပြည်သူများ အတွက် သတင်းအချက်အလက်များ ၊ ဖျော်ဖြေမှုများ၊ အသိဗဟုသုတ ပညာပေးမှုများကို ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ မီဒီယာမျိုးစုံကနေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဖြစ်တဲ့ Printed မီဒီယာနဲ့ပတ်သက်ပြီး ပြောရရင် သတင်းစာ(၅)စောင်၊ ဂျာနယ်ပေါင်း (၁၇၁)စောင်၊ မဂ္ဂဇင်းပေါင်း (၁၈၂)စောင်နဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ထုတ်ဝေဖြန့်ချီလျက်ရှိပါတယ်။ နေ့စဉ် သတင်းစာဖြန့်ချီတဲ့ စောင်ရေဟာ သုံးသိန်းကျော်ရှိတဲ့အတွက် လစဉ် စောင်ရေ ကိုးသန်းကျော်၊ တစ်နှစ်ဆိုရင် စောင်ရေ တစ်ရာ့ရှစ်သန်းကျော် ဖြန့်ဝေလျက်ရှိပါတယ်။ အလားတူပဲ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များအနေနဲ့လည်း ပျမ်းမျှအားဖြင့် နှစ်စဉ် စောင်ရေ သန်းလေးဆယ်ကျော် ဖြန့်ဝေနေပါ တယ်။ အခြား နိုင်ငံရေး ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဝတ္ထု စတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်များဟာလည်း နှစ်စဉ် ပျမ်းမျှအားဖြင့် အမျိုးအစား လေးထောင်ကျော်၊ စောင်ရေအားဖြင့် လေးသန်းကျော် ဖြန့်ဝေလျက်ရှိနေပါတယ်။ ထို့အတူပါပဲ ရေဒီယိုထုတ်လွှင့်မှုနဲ့ ပတ်သက်ပြီး ရှင်းပြရရင် မြန်မာ့အသံ ရေဒီယို၊ တိုင်းရင်းသားအစီအစဉ် ရေဒီယို၊ ပိတောက်မြေ၊  FM ရေဒီယို (၇)ခု တို့က နေ့စဉ် မနက် ငါးနာရီခွဲကနေ ညဆယ့်တစ်နာရီအထိ ထုတ်လွှွင့်ပေးလျက် ရှိနေပါတယ်။

ထို့အတူပါပဲ ရုပ်မြင်သံကြား ထုတ်လွှင့်မှုနှင့်ပတ်သက်ရင်လည်းပဲ MRTV  မြန်မာ့ရုပ်မြင် သံကြား၊ မြဝတီရုပ်မြင်သံကြား၊ Channel 4 ဆက်စပ်လိုင်း Channel ပေါင်း(၃၀)၊ Sky Net Channel ပေါင်း(၃၈)ခုတို့ နဲ့ ထုတ်လွှွင့်ပေးလျက်ရှိပါတယ်။ တချို့သော လိုင်းများဟာ ၂၄ နာရီပတ်လုံး ထုတ်လွှင့် နေတာမို့ ပြည်သူများ အချိန်ပြည့်  ကြည့်ရှုလို့ရပါတယ်။ အလားတူပဲ  မြန်မာအင်တာနေရှင်နယ် Channel ကိုလည်းပဲ အင်္ဂလိပ်ဘာသာနဲ့ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံး ကို ဖြန့်ချီ ထုတ်လွှွင့်ပေးလျက် ရှိနေပါတယ်။ ဒါ့ကြောင့် သန်းပေါင်း (၆၀)ကျော်သော ပြည်သူများ အနေနဲ့ သတင်းပြန်ကြားချက်များ၊ ဖျော်ဖြေမှုများ ၊ အသိဗဟုသုတ ပညာပေးပရိုဂရမ် အစီအစဉ်များကို ကမ္ဘာ့ပြည်သူများနည်းတူ အပြည့်အဝ ရရှိခံစားနေနိုင်ကြပြီ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးကြည်မြင့် မေးမြန်းတဲ့ နားမကြား၊ စကားမ‌ြပောနိုင်တဲ့ သူများအတွက် ကိုယ်၊ ခေါင်း၊ ခန္ဓာကိုယ်၊ လက် ဟန်ပန်စကား ထုတ်ပြန်ပေးဖို့ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြရရင် ကျွန်တော်တို့ နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအဝင် အာရှတိုက်နိုင်ငံအများစုမှာ ဟန်ပန်စကားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးမှု မရှိသေးတာကို တွေ့ရပါတယ်။ အချို့သော နိုင်ငံ အနည်းငယ်မှာသာ အရေးကြီးတဲ့ သတင်းထုတ်ပြန်တဲ့အခါ၊ အရေးကြီးတဲ့ နိုင်ငံတော်အကြီးအကဲရဲ့ မိန့်ခွန်းများထုတ်ပြန်တဲ့အခါမှာ ဟန်ပန်စကားနဲ့ ပူးတွဲပြီး ထုတ်ပြန်ပေးတာမျိုးကို တွေ့ရပါတယ်။ အဲဒီလို ထုတ်ပြန်တဲ့အခါမှာလည်းဘဲ  ရုပ်မြင်သံကြား Screen ဟန်ပန်စကားနဲ့ ထုတ်ပြန်ပေးတာမျိုး မဟုတ်ဘဲနဲ့ ရုပ်မြင်သံကြားမှန်သားပြင်ရဲ့ အောက်ခြေ အကွက်ငယ်ကလေးထဲမှာ ဟန်ပန်စကား နဲ့ထည့်ပြီးတော့ ပြိုင်တူထုတ်ပြန်ပေးတာမျိုး ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့ လေ့လာ Focus လုပ်မှုအရ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ လူဦးရေ သန်း(၆၀)ကျော်အနက် နားမကြား၊ စကားမပြောနိုင်တဲ့ ဦးရေဟာ တစ်သိန်းလေးသောင်းကျော် ရှိတယ်လို့ သိရပါတယ်။  အဲဒီ တစ်သိန်းလေးသောင်းကျော် အနက်မှာ ဟန်ပန်စကားကို နားလည်တဲ့သူက (၃၆၀)ကျော်ပဲ ရှိပါတယ်။ ကနေ့ ကျွန်တော်တို့ နိုင်ငံမှာ နားမကြား၊စကားမပြောနိုင်တဲ့ သူများအတွက် သင်တန်းကျောင်း(၂)ကျောင်းရှိပြီး၊နှစ်စဉ်သင်တန်းသား (၅၀၀)ကျော် သင်တန်းတက်တယ်လို့ သိရပါတယ်။ အဲဒီသင်တန်းတွေမှာ ဟန်ပန်စကား အပါ အဝင် ကျောင်းသင်ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါတယ်။ လူမှုဝန်ထမ်းဝန်ကြီးဌာန အနေနဲ့လည်း နားမကြား၊ စကားမပြောနိုင်တဲ့ သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးရှိဖို့ လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆန့်မှု မြှင့်တင်ဖို့အတွက် အမျိုးသားရေးအဆင့် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ချမှတ် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့လည်း လူမှုဝန်ထမ်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနများနဲ့ ညှိနှိုင်းပြီးဟန်ပန် စကားနဲ့ ထုတ်ပြန်ပေးနိုင်ဖို့ စတင်လေ့လာ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဘက်ဘက်က သင့်တော်တဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ လသာမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းတဲ့အတိုင်း နားမကြား၊ စကားမပြောနိုင်တဲ့သူများ အတွက် အရေးကြီးတဲ့ သတင်းတွေထုတ်ပြန်တဲ့အခါ၊ နိုင်ငံတော်သမ္မတကြီး အပါအဝင် အကြီးအကဲများရဲ့ အရေးကြီးတဲ့ မိန့်ခွန်းတွေပြောကြားတဲ့အခါမှာတော့ ဟန်ပန်စကားနဲ့ပါ ပူးတွဲ ထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိကြောင်း ဖြေကြားပါသည်။