(ဃ)-ရန်ကုန်-မန္တလေး လမ်းမကြီး ပေါ်တွင် အန္တရာယ်ကင်းရှင်းရေး နှစ်လမ်းမောင်းစနစ်ဖြစ်အောင် ပြုပြင်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀.၇.၂၀၁၂)

ယခုအခါမှာ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်မှာ ကုန်တင်ကားများ၊ လူစီးကားများဟာ ပြည့်ကျပ်စွာ သွားလာလျက် ရှိပါတယ်။ ကုန်တင်ယာဉ်ကြီးများအနေနဲ့လည်း ယခုအခါမှာ ၂၂ ဘီး ထွေလာယာဉ်ကြီးများ ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် လမ်းသွားလမ်းလာများ ကုန်တင်ယာဉ်များ ယာဉ်ငယ်များ အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းမပေါ်မှာ ဆိုင်ကယ်၊ စက်ဘီး၊ အနှေးယာဉ်လမ်းများပါရှိသည့် နှစ်လမ်းမောင်းစနစ်ဖြစ်တဲ့ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမသစ်ကြီးကဲ့သို့ နှစ်လမ်းသွားစနစ်မျိုး ဖြစ်အောင် လမ်းများကို ပြုပြင်ပေးသင့်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူလူထု ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်တဲ့လမ်းအရှည်ဟာ ၃၉၇ မိုင်နဲ့ ၇ ဖာလုံ ဖြစ်ပြီး တော့ ကတ္တရာလမ်းအမျိုးအစားဖြစ်ပါတယ်။ အဲဒီလမ်းကို Max Myanmar ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီ၊ ဟိုက်စတားကုမ္ပဏီ၊ ကမ္ဘောဇကုမ္ပဏီ၊ အေးရှားဝေါလ်ကုမ္ပဏီ၊ ယုဇနကုမ္ပဏီနှင့် သော်တာဝင်းကုမ္ပဏီစတဲ့ ကုမ္ပဏီ ခုနှစ် ခုအား BOT စနစ်ဖြင့် ၂၀၀၂ ခုနှစ်ကစပြီးတော့ လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ BOT စနစ်နဲ့အပိုင်းလိုက် ဆောင်ရွက်ခွင့်ပြုရာမှာ လက်ရှိအခြေအနေမှာ ၂၄ ပေအကျယ် ကတ္တရာလမ်းကောင်းအဖြစ် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်။ လမ်းပိုင်းများမှာ တစ်နှစ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိတဲ့ တစ်နေ့ ပျမ်းမျှယာဉ်စီးရေ AADT စာရင်းအရ လမ်းအကျယ်ကို သတ်မှတ်ဆောင်ရွက်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်မှာ တစ်နေ့ပျမ်းမျှယာဉ်စီးရေဟာ ၂၅၀၀ အထက်ကို သွားလာနေပြီဖြစ်တဲ့အတွက် လမ်းပိုင်းများကို တာဝန်ယူဆောင်ရွက်နေတဲ့ BOT ကုမ္ပဏီများကို       ၄၈ ပေအကျယ် လေး လမ်း သွားလမ်းဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တစ်နေ့ ပျမ်းမျှယာဉ်စီးရေပေါ်မှာ မူတည်ပြီးတော့ လမ်းအကျယ်ကို တိုးချဲ့ဆောင်ရွက် သွားမှာဖြစ်ပြီး ဆိုင်ကယ်၊စက်ဘီးလမ်းများပါတဲ့ နှစ်လမ်းမောင်းစနစ်ဆောင်ရွက်ရန် လောလောဆယ် အနေအထားမှာတော့ အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။