(ခ)-တုံတာမြို့နယ်ခွဲ အတွင်း မိုဘိုင်းဖုန်းများ တပ်ဆင်ပြောဆိုနိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀.၇.၂၀၁၂)

နိုင်ငံတော်အစိုးရ ဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆက်သွယ်ရေးမိုဘိုင်းဖုန်းများကို တစ်နိုင်ငံလုံးဖြန့်ကျက်ပြီး ဆက်သွယ်ရေးကွန်ရက်ကောင်းမွန်စေရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ်၊ တစ်နိုင်ငံလုံးမည်သည်‌့ နေရာဒေသမဆိုအလွယ်တကူပြောဆိုဆက်သွယ်နိုင်ရေး နိုင်ငံတကာအဆင့်မီစေရေး ဦးတည်ဆောင် ရွက်ပေးသည့်အတွက် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ဆက်သွယ်ရေးကဏ္ဍသည် တစ်စ တစ်စတိုးတက်ဖွံ့ဖြိုးလာသည်မှာ ကျေနပ်အားရမိပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်အတွင်း ဆက်သွယ်ရေးမိုဘိုင်းဖုန်းများ အချို့နေရာများတွင်ဆက်သွယ် ပြောဆိုနိုင်သော်လည်း ပြည်ထောင်စုလမ်းမကြီးအတွင်းရှိ မိုင်းပြင်း-ကျိုင်းတုံကြား တုံတာမြို့နယ်ခွဲ အတွင်း မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုနိုင်မှုမရှိသေးသည့်အတွက် ပြည်သူအများအားမလိုအားမရ   ဖြစ်ပြီး မိုဘိုင်းဖုန်းပြောဆိုဆက်သွယ်မှုများကို အထူးလိုလားတောင့်တလျက်ရှိကြောင်းသိရှိရပါတယ်။ သို့ဖြစ်ပါ၍ မိုင်းပြင်းမြို့နယ်၊ တုံတာမြို့နယ်ခွဲအတွင်း Mobile Phone, CDMA, GSM, WCDMA စတဲ့ဖုန်းများ အဘယ်ကြောင့်ပြောဆိုဆက်သွယ်နိုင်မှုမရရှိသေးသည်ကိုသိရှိလိုတဲ့အပြင် တုံတာမြို့နယ် ခွဲ၏ မိုဘိုင်းဖုန်းတပ်ဆင်ပြောဆိုနိုင်မှု အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်‌သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး အစီအစဉ်မရှိပါက အဘယ်ကြောင့် မဆောင်ရွက်ပေးနိုင်မည်ကို သိရှိ လိုသည့်အတွက် မေးမြန်းခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

မိုင်းပြင်းမြို့နယ်၊ တုံတာ မြို့နယ်ခွဲမှာ လိုင်း ၅၀ ပါ Exchange နှင့် MPT Satirize Terminal တွဲဖက်အသုံးပြုပြီးတော့ ဆောင်ရွက်နေပါတယ်။ GSM စခန်းကိုတော့ တယ်လီဖုန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ မိုင်းပြင်းမှာ လိုင်းအင်အား ၃၀၀၀ ကို ၂၀၁၂ ခုနှစ်၊ မတ်လမှာဆောင်ရွက်ဖွင့် လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ မိုင်းပြင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်ရဲ့မေးခွန်းကို ကျွန်တော်တွေ့တဲ့အခါမှာ စစချင်းကျွန်တော်လုပ်တဲ့ အလုပ်ကတော့ အဲ့ဒီနေရာ တုံတာကနေပြီးတော့ ဘယ်နေရာကနေပြီးတော့ အနီးဆုံး Transmission ဆက်ကြောင်းရနိုင်မလဲဆိုတဲ့ဟာကို ကျွန်တော်တို့ လေ့လာတာဖြစ်ပါတယ်။ တုံတာကို ကျွန်တော် ငယ်စဉ်ကသော်လည်းကောင်း၊ ကြီးမှသော်လည်းကောင်း ရောက်ဖူးတဲ့အတွက် တုံတာရဲ့ အရေးပါတဲ့ အခြေအနေကို သိရှိရပါတယ်။ အဲ့လိုလေ့လာလိုက်တဲ့အခါမှာ အနီးဆုံးနေရာ ဖြစ်တဲ့ ပွိုင့် ၆၂၀၀ ကနေပြီးတော့ Microwave ဆက်ကြောင်းရရှိနိုင်တာကိုတွေ့ရှိရတဲ့အတွက် တုံတာမြို့နယ်ခွဲမှာ ကျွန်တော်တို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီးခန့်မှန်းခြေစာရင်း RE မှာ ကြိုးစားပါမယ်။ ဒါမှမဟုတ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် BE မှာ GSM စခန်းတစ်ခုကို နိုင်ငံတော်ကို တင်ပြပြီးတော့ ဆက်လက်ပြီးတော့ဆောင်ရွက်ပေးသွာမှာဖြစ်ကြောင်း ဦးစိုင်းထွန်းစိန်ကို ဖြေကြားလိုပါတယ်။

          ဆက်လက်ပြီးတော့ ကျွန်တော် တင်ပြလိုတာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ယခုကဲ့သို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အနေဖြင့် ကျွန်တော်တို့ဆောင်ရွက်ရမယ့်ကိစ္စတွေကိုဆွေးနွေးကြတဲ့အတွက်လည်း အထူးကျေးဇူးတင် ရှိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေအဆင်ပြေချောမွေ့စွာဆက်သွယ်ပြောဆို နိုင်ဖို့နှင့် ကမ္ဘာ့စံချိန်စံညွှန်းတွေအတိုင်း ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုနိုင်ဖို့ဆောင်ရွက်သွားဖို့ဟာ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အဓိက တာဝန်ဖြစ်ပါတယ်။ ဒီလိုဖြစ်စေဖို့လည်းပဲ နိုင်ငံတော်သမ္မတကြီး ကနေပြီးတော့ ပြည်သူတွေစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်တဲ့ ပြည်သူ့ဗဟိုပြုဆက်သွယ်ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားပါလို့ လမ်းညွှန်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဝန်ကြီး ဌာနအနေနဲ့ ကျွန်တော်တို့ Reform Plan ကိုချမှတ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီးများ ယခုကဲ့သို့ ဆွေးနွေးကြခြင်းအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဒီလို Reform Plan ချမှတ်ဆောင်ရွက်တဲ့အခါမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီ ပို့စ်တို့ဟာ နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီများကို International Tender ခေါ်ယူပြီးတော့ Joint Venture ကုမ္ပဏီတွေဖွဲ့စည်းပြီးတော့ ဆောင်ရွက်သွားဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ အဲ့သလို နိုင်ငံတကာကုမ္ပဏီတွေနဲ့ ‌Joint Venture ဆောင်ရွက်ပြီးတော့ ပြည်သူတွေကိုဆက်သွယ်မှု၊ ဝန်ဆောင်မှုပေးတဲ့အခါမှာ ကျွန်တော်တို့ အရင် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတွေရဲ့ကြုံတွေ့ခဲ့တဲ့ သတိထားရမယ့်အချက်တွေကိုလည်း ကျွန်တော်တို့ သတိထားသွားမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကုမ္ပဏီ တွေနဲ့ ကျွန်တော်တို့ ထိတွေ့ညှိနှိုင်းဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကနေပြီးတော့ ဥပဒေ အကြောင်းအရာ ခိုင်ခိုင်မာမာရှိထားဖို့လိုပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ဆက်သွယ်ရေး ဥပဒေကို ရှေ့နေချုပ်ရုံးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ကိုရောက်ရှိလာတဲ့အခါမှာ လိုအပ်ချက်များ ရှိပါက ဝိုင်းဝန်း ဆွေးနွေး ပေးကြပါရန် အကြံပြုတင်ပြအပ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံတကာ အဖွဲ့အစည်း ကုမ္ပဏီကြီးတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကချမှတ်ထားတဲ့ ဆက်သွယ်ရေး ဆိုင်ရာ နည်းဥပဒေများကို နားလည်ကျေညက်အောင် ဦးစွာလေ့လာပြီးမှ ကျွန်တော်တို့နဲ့ စိစစ် ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်းပဲ ပြင်ဆင်ထားလျက်ရှိပါတယ်။ တောင့်တင်း ခိုင်မာတဲ့ ဥပဒေတွေ၊ ခိုင်ခံ့တဲ့ဆက်သွယ်မှုကွန်ရက်တွေ ပိုင်ဆိုင်တာတောင်မှ တိုင်းပြည်အချို့မှာ ကျွန်တော်တို့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်လို့ နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်း ကဥပဒေအရ ရင်ဆိုင်နေရမှု ရှိကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ ဆိုလို့ရှိရင် နိုင်ငံသားနှင့် နိုင်ငံခြားသား အချိုးဟာ ဆက်သွယ်မှုကဏ္ဍမှာပိုင်ဆိုင်မှုအချိုး ညီညွတ်မှု၊ မျှတမှုမရှိတာ နောက် အိမ်နီးချင်းနိုင်ငံကြီး တစ်ခုမှာ ခွင့်ပြုထားခဲ့တဲ့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်အချို့ကို ခွင့်ပြုလိုက်တာဟာ Operator ခွင့်ပြုလိုက်တာ ဟာများသွားတဲ့အတွက် ခွင့်ပြု လိုက်တဲ့ဆက်သွယ်ရေး လုပ်ငန်းအချို့ကို ပြန်လည်ပြီးတော့ ရုပ်သိမ်းရတဲ့ အတွက် နိုင်ငံ့ခေါင်းဆောင် အဆင့်ထိအောင်ပြန်လည်ပြီးတော့ညှိနှိုင်းနေရတဲ့ အခြေအနေမျိုးဖြစ်ခဲ့ရပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ အနောက်ဘက်နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံပိုင်ဆက်သွယ်မှုဥပဒေနဲ့ ကွန်ရက် ကို ခိုင်မာအောင် မလုပ်နိုင်ခင်မှာ Operator တွေကို အမြောက်အမြားပေးလိုက်တဲ့အတွက် နိုင်ငံပိုင် လုပ်ငန်းရဲ့ ဈေးကွက်ဟာ တစ်ရာခိုင်နှုန်းလောက်ပဲဖြစ်သွားတဲ့ဟာကိုလည်း တွေ့ရှိရပါတယ်။ ထို့အတူပဲ ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းရှိခဲ့တဲ့ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှာ Operator လုပ်ကိုင်ခွင့်တွေကို မြောက်မြောက် မြားမြားနဲ့ အပြိုင်ပေးလိုက်တဲ့အခါမှာ Operator တွေဟာ ငွေရ လွယ်ကူတဲ့ မြို့နဲ့ပတ်ဝန်းကျင်တွေမှာပဲ လုပ်တဲ့အတွက် တစ်နိုင်ငံလုံးပြန့်နှံ့မှုမရှိတဲ့အတွက် ကျေးလက် နှင့် မြို့ပြဆက်သွယ်မှု၊ ကွာခြားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီအချက်တွေကို သင်ခန်းစာယူပြီးတော့ နိုင်ငံတကာ Tender ခေါ်ယူတဲ့အခါမှာ Consultancy ဆိုတဲ့ အတွေ့အကြုံ ရှိတဲ့ကုမ္ပဏီများကနေပြီးတော့ Consultancy ကုမ္ပဏီများကနေပြီးတော့ Consultancy လိုအပ် ကြောင်းကိုတွေ့ရှိရပါတယ်။ ဒါကြောင့် မနေ့က ၉-၇-၂၀၁၂ ကစပြီးတော့ နိုင်ငံတကာ Tender ခေါ်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ Tender လုပ်ထုံးလုပ်နည်းတွေအတိုင်း ဖြစ်စေဖို့၊ နိုင်ငံတကာစံချိန် စံညွှန်းတွေအတိုင်းဖြစ်စေဖို့၊ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် Tender ခေါ်ယူတဲ့ အခါမှာ Tender ခေါ်ယူရန်ပြင်ဆင်တာ၊ Tender ခေါ်ယူတာ၊ Tender စိစစ်ရွေးချယ်တာစတဲ့ လုပ်ငန်း အဆင့်ဆင်‌့ တွေမှာ Telecommunication Tender Consultant အဖြစ် ဆောင်ရွက်ပေးနိုင်မယ့် နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ Telecommunication Tender Consultant ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ၊ အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေကို ရယူဆောင်ရွက်သွားနိုင် ဖို့အတွက်  Telecommunication Tender Consultant ကုမ္ပဏီအဖွဲ့အစည်းတွေကို အဆိုပြုလွှာ တင်သွင်းနိုင်ရန် မနေ့ကရော ယနေ့ရော မနက်ဖြန်အထိပါ သတင်းစာများမှာ ဖိတ်ခေါ်ထားရှိကြောင်း အသိပေးတင်ပြ အပ်ပါတယ်။ Consultancy Group တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြည့်စုံစွာ ညှိနှိုင်းပြီးတယ်ဆိုရင် ကျွန်တော်တို့ လုပ်ငန်းအစီအစဉ်အတိုင်းပဲ  International Tender ခေါ်ယူ ပြီးတော့ ဆက်သွယ်မှု၊ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော်တင်ပြလိုတာကတော့ ကျွန်တော်တို့ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန အနေနဲ့ ပြည်သူတွေကို ကမ္ဘာ့စံချိန်စံညွှန်း အတိုင်း ဈေးနှုန်းသက်သာစွာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတကြီးရဲ့လမ်းညွှန်ချက်ပါအတိုင်း ကျွန်တော်တို့ရဲ့ Reform Plan ကို စတင်ပြီးတော့ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အသိပေးတင်ပြလို ခြင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများမှ ကျွန်တော်‌့ကို ယခုကဲ့သို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနရဲ့လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက် ပြီးတော့ ဆွေးနွေးခွင့်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပါတယ်။ ဆက်လက်၍လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးကိစ္စများ နှင်‌့ပတ်သက်၍ရှိပါလျှင် ကျွန်တော့်ဆီကို ဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ အချိန်မရွေးဆက်သွယ် ဆောင်ရွက် ဆွေးနွေးနိုင်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။