ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ် ဆရာဝန်ကြီး၏ နေအိမ်သည် ကြမ်းပြင်များဆွေးမြေ့ခြင်း၊ ပြတင်းပေါက်များ သည်လည်း ဆိုးရွားစွာပျက်စီးနေခြင်းအပြင် လက်ထောက်ဆရာဝန်များနှင့် ဝန်ထမ်း များ၏ နေအိမ်များသည်လည်း သွပ်ပြားများ၊ စံချိန်မမှီသော သစ်များဖြင့် အကာအ ကွယ်ပြုလျက် ဖြစ်သလိုနေထိုင်ကြရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ မြို့နယ်ကို ကျန်းမာရေးကဏ္ဍမြှင့်တင်ရန် လာရောက်ကြသော မြို့နယ်ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်ရေး အတွက် မိုင်းပြင်းမြို့၊ မြို့နယ်ဆေးရုံဝန်းကြီးအတွင်းရှိ မြို့နယ်ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်များနှင့် ဝန်ထမ်းများ၏ အိမ်ယာများကို အသစ်ပြုပြင်မွမ်း မံဆောက်လုပ်ပေးရန်(သို့) ပြန်လည်ပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်းရှိဝန်ထမ်းနေအိမ်များနှင့် ဆရာဝန်များ၏နေအိမ်များအား အသစ်ဆောက်လုပ်ပြုပြင်ရန်အတွက် မြို့နယ်များ၏ လိုအပ်ချက်များကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထောက်အကူပြု ကော်မတီများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့် ညှိနှိုင်း၍ ဒေသန္တရစီမံကိန်းများတွင်လည်း ထည့်သွင်းလျာထားနိုင်ရေးအတွက် ဆောင်ရွက်သင့်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက တင်ပြလာသော ဒေသန္တရစီမံကိန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကဏ္ဍအလိုက် စီမံကိန်းများကိုစီမံကိန်းကော်မရှင်နှင့် ဘဏ္ဍာရေး ကော်မရှင်တို့တွင် တင်သွင်းညှိနှိုင်းပြီးအတည်ပြုချက်ရရှိပါက ကျန်းမာရေး ဝန်ကြီးဌာနသို့ ခွင့်ပြုသော ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကာလအတွင်း မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများနေထိုင်ရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမားရေးဦးစီးဌာနနှင့် ပြုပြင်ထိန်းသိမ်းစရိတ်များမှ ကုန်ကျစရိတ်များတွက်ချက်မှုကို မြို့နယ်မှ တောင်းခံ၍ ယာယီအားဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
