(စ)-စက်မှုဇုန်ရှိ အရက်ချက်၊ သကြားစက်ရုံနှင့် အခြားစက်ရုံပေါင်းစုံမှ ညစ်ညမ်းစွန့်ပစ်ပစ္စည်း များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မနှင့် အညီ ဆောင်ရွက်ရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၉.၇.၂၀၁၂)

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်ရှိ အရက်ချက်စက်ရုံ၊ သကြားစက်ရုံနှင့် အခြားစက်ရုံပေါင်းစုံမှ ညစ်ညမ်းစွန့်ပစ်ပစ္စည်းများသည် အမရပူရမြို့နယ်အတွင်းရှိ နတ်ရေကန် ကျေးရွာအုပ်စု၊ စောက်တောဝကျေးရွာအုပ်စုနှင့် ဆာဒိုးမြို့ပြင်ကြီးကျေးရွာအုပ်စုအနီးတို့မှ ဖြတ်သန်း၍ ဒုဋ္ဌဝတီမြစ်အတွင်းသို့ စွန့်ပစ်လျက်ရှိကြပါတယ်။ ညစ်ညမ်းစွန့်ပစ်ပစ္စည်းများကြောင့် အမရပူရ မြို့နယ် တောင်အင်းနှင့် မြောက်အင်းများ၌ ‌ဂေဟစနစ်ပျက်စီးလျက်ရှိပြီး ဒုဋ္ဌဝတီမြစ်ရေ ညစ်ညမ်းခြင်း၊ နတ်ရေကန်ကျေးရွာအုပ်စုမှ စည်ပင်၊ ဝဝ၊ ချောက်ဆိပ်ကုန်း၊ စောက်တောဝကျေးရွာ အုပ်စုမှ မင်းရွာမြေ၊ ဆာဒိုးမြို့ပြင်ကြီးကျေးရွာအုပ်စုမှ ဆာဒိုးရွာ၊ မြို့ပြင်ကြီးရွာတို့ရှိ ကျေးရွာနေ ပြည်သူများကနေ ဖြတ်သန်းသွားလာနေသော ရဟန်းရှင်လူပြည်သူများ အနံဆိုးရှူရှိုက်နေရသော ကြောင့် ကျန်းမာရေး ဆိုးကျိုးများ ခံစားနေကြရသည်မှာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်ရှိ အရက်ချက်စက်ရုံ၊ သကြားစက်ရုံနှင့် အခြားစက်ရုံပေါင်းစုံမှ ညစ်ညမ်းစွန့်ပစ်ပစ္စည်းများအား အမရပူရမြို့နယ်အတွင်း စွန့်ပစ်နေမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(စ)၊  ပုဒ်မ ၇ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲ(ဈ)၊ ပုဒ်မခွဲ(ည)အရလည်းကောင်း၊  ပုဒ်မ ၁၀ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ဆ)၊  ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (ဃ)၊  ပုဒ်မ ၁၄၊  ပုဒ်မ ၁၅ အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့မှဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ဆောင်ရွက်ရန် အစီအစဉ်ရှိလျှင် မည်သည့်အချိန်ကာလ၌ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း
အဖြေ

ဒီကိစ္စရပ်နှင့်သက်ဆိုင်သော စက်မှု ဝန်ကြီးဌာန၊ နောက်တစ်ခုကတော့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ရဲ့ ကိုယ်စား လည်း စုစည်းပြီးတော့ တင်ပြဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနရဲ့ သက်ဆိုင်တဲ့အခန်းအနေနဲ့ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားတဲ့ အတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း(၇)မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ် အောက်မှာရှိတဲ့ ပုဒ်မ ၁၅ အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ညစ်ညမ်းမှုကိုစတင်ဖြစ်ပေါ်စေသည့် လုပ်ငန်း၊ ပစ္စည်း သို့မဟုတ် နေရာတစ်ခုခုရဲ့ပိုင်ရှင် သို့မဟုတ် လက်ရှိဖြစ်သူသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုများအတွက် လုပ်ငန်းခွင် အထောက်အကူပစ္စည်း သို့မဟုတ် ထိန်းချုပ်ရေးပစ္စည်းကိရိယာကို တပ်ဆင်ခြင်း သို့မဟုတ် သုံးစွဲခြင်းမပြုနိုင်ပါက စွန့်ပစ် ပစ္စည်းများအား ပတ်ဝန်းကျင်ကို မထိခိုက်စေသောနည်းလမ်းနှင့်အညီ စွန့်ပစ်နိုင်ရန် စီစဉ်ဆောင်ရွက် ရမည်ဟု ပြဋ္ဌာန်းထားရှိပါတယ်။ သို့ဖြစ်ရာ အဆိုပါစက်မှုဇုန်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သလို စီစဉ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါ တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၇ ပုဒ်မခွဲ(ဆ)အရ စက်မှုလုပ်ငန်းများဆောင်ရွက်ရာ တွင် ဓာတုပစ္စည်း သို့မဟုတ် အခြားဘေးအန္တရာယ်ရှိသည့် ပစ္စည်းများ ထုတ်လုပ်သုံးစွဲရာမှ ထွက်ရှိ လာနိုင်သော စွန့်ပစ်သည့် ဘေးအန္တရာယ်ရှိ ပစ္စည်းအမျိုးအစားနှင့် အတန်းအစားများ သတ်မှတ်ခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(ည)တွင် စက်မှုနယ်မြေများနှင့် အခြားလိုအပ်သောနေရာ၊ အဆောက်အအုံများတွင် စွန့်ပစ်ရေး၊ သန့်စင်မှုဆိုင်ရာစည်းကမ်းချက်များ သတ်မှတ်ခြင်း၊ စက်ယာဉ်ယန္တရားများအား ထုတ်လုပ် မှုဆိုင်ရာစည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ(ဆ) အရ စွန့်ထုတ်အရည်စံချိန်စံညွှန်းများကို သတ်မှတ်ခြင်း၊ ပုဒ်မ ၁၃ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဃ)တို့ အရ စက်မှုလုပ်ငန်းများနှင့် ညစ်ညမ်းဘေးအန္တရာယ်ရှိပစ္စည်းများ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ အညစ်အကြေးစွန့်ပစ်ရေးနှင့် သန့်စင်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပတ်သက်၍လည်း ကောင်း၊ မိမိတို့ ဝန်ကြီးဌာနကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း၍ဖြစ်စေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဘက်စုံဒေါင့်စုံကြီးကြပ်စစ်ဆေးရေးစနစ် ထားရှိ ၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု ဖော်ပြထားခြင်း၊ ဥပဒေအခန်း(၇) ပုဒ်မ ၁၄ တွင် ညစ်ညမ်းမှုကို ဖြစ်စေသည့်ပစ္စည်းများကို သတ်မှတ်ထားသည့် ပတ်ဝန်းကျင်အရည်အသွေး၊ စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်ချက်များအတိုင်း သန့်စင်ခြင်း၊ ထုတ်လွှတ်ခြင်း၊ စွန့်ပစ်ခြင်းနှင့် စုပုံခြင်း များ ပြုလုပ်ရမည်ဟု ဖော်ပြထားခြင်းများ ပါဝင်ပါတယ်။ သို့ပါ၍ တင်ပြခဲ့သည့် စက်မှုဇုန်များမှ ထွက် ရှိလာသည့် စွန့်ပစ်ပစ္စည်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင် ရွက်သွားနိုင်ရေးအတွက်ကို မိမိတို့ဝန်ကြီးဌာနမှ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲနေပြီဖြစ်ပါတယ်။ အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်ပြီးပါက ဥပဒေ နှင့်အညီ ဆက်လက်ပြီးတော့ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ သူတို့ရဲ့တင်ပြချက်အရတော့ဖြင့် ရေပေးရေး နှင့် အညစ်အကြေး၊ သန့်ရှင်းရေးဆိုင်ရာ ဥပဒေအခန်း(၈) အပိုဒ် ၅၆ အပိုဒ်ခွဲ (ဆ)တွင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ရေဆိုးများ၊ ရေနုတ်မြောင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် သို့မဟုတ် ကန်အတွင်းသို့ သတ်မှတ်ထားသော စံချိန်စံညွှန်းအထိ သန့်စင်ခြင်းမပြုဘဲ တိုက်ရိုက်စွန့်ထုတ်ခြင်း မပြုရန်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေအခန်း(၇) အပိုဒ် ၄၇ အပိုဒ်ခွဲ (င)တွင် မိလ္လာအရည်များ၊ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းတစ်ရပ်မှ စွန့်ပစ်ပစ္စည်းများကို ကော်မတီမှ သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်းမပြုဘဲ၊ ရေမြောင်းများ၊ ရေကန်များနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းခြင်းမပြုလုပ်ရန် ဖော်ပြထားပြီး နည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ ၂၄၊ ၂၅၊ ၂၆ နှင့် ၂၇ တို့အရ တရားစွဲဆို အရေးယူနိုင်သည်ဟု သတ်မှတ်ထားရှိပြီးတော့ ဒီဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တင်ပြထားပါတယ်။ စက်မှုဝန်ကြီးဌာန အနေနဲ့လည်း မန္တလေးစက်မှုဇုန်ဟာ ပြည်ကြီးတံခွန် မြို့နယ်တွင် တည်ရှိပြီး မြေနေရာဧက ၁၂၄၉.၃၃ ဧကရှိမြေကွက်ပေါ်တွင် မြေကွက်ပေါင်း ၃၁၄၀ ကွက် တည်ထားတယ်ဆိုတဲ့အကြောင်းနှင့် ဒီစက်မှုဇုန်ကိုတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော မန္တလေးစက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ဦးစီးဆောင်ရွက်လျက်ရှိကြောင်း တင်ပြထားပါတယ်။ မန္တလေးခရိုင်တွင် မှတ်ပုံတင်ထားရှိသော ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များ ၄၁၃၉ ခု ရှိ ပြီးတော့ ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ ပုဂ္ဂလိကစက်မှုလုပ်ငန်း၏ စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်အရည်များနှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိပြီးတော့ စွန့်ပစ်ပစ္စည်းအမှိုက်များကို မန္တလေးမြို့ရှိ စည်ပင်သာယာရေးအဖွဲ့များမှ သိမ်းယူလျက်ရှိကြောင်း စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်ပစ္စည်းများသည် အက်စစ်ဓာတ်လွန်ကဲခြင်း၊ အယ်လ်ကာလီဓာတ်လွန်ကဲခြင်း၊ အပူချိန်မြင့်မားခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ ပါဝင်နေခြင်း၊ ဥပမာအားဖြင့် ဆိုင်ယနိုဒ်၊ အာဆီနစ်၊ ပြဒါး၊ ကက်ဒမီယမ်၊ ခဲ၊ ခရိုမီယမ်၊ ပီစီဘီများစသည့်အခြေအနေများတွင် မြစ်ချောင်းအင်းအိုင်များအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ခြင်း မပြုလုပ်ရန် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ၂၃-၉-၂၀၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၁၁) ဖြင့်ဖွဲ့စည်းထားရှိသော စက်ရုံအလုပ်ရုံ များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးများကို စနစ်တကျစွန့်ပစ်ရေး၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ရာ ယင်းအဖွဲ့သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း ပြီးတော့ စွန့်ပစ်ပစ္စည်းအညစ်အကြေးများကို ပြန်လည်သန့်စင်ခြင်း ဆောင်ရွက်ထားမှုရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေးပြီးတော့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းကို ပြုလုပ်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် မန္တလေးစက်မှုဇုန်၏ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အန္တရာယ်ထိခိုက်မှု ကျရောက်မှုများ ရှိ၊ မရှိ နှစ်စဉ်စစ်ဆေး၍ သက်ဆိုင်ရာစက်မှုဇုန်ကြီးကြပ်ရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီများသို့ အကြံပြုဆောင်ရွက်လျက်ရှိပါတယ်။ သက်ဆိုင်ရာစက်မှုဇုန်နှင့် စည်ပင် သာယာရေးလုပ်ငန်းများမှလည်း နည်းပညာ၊ အရင်းအနှီး၊ မြေအခြေအနေပေါ်မှာ မူတည်ပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ထားလျက်ရှိကြောင်းလည်း သိရှိရပါတယ်။  သို့ဖြစ်ပါ၍ စက်မှုဇုန်များအပါအဝင် စက်ရုံအမျိုးမျိုးမှ ထွက်ရှိသည့် ညစ်ညမ်းစွန့်ပစ်ပစ္စည်းများကို ထိန်းချုပ်ကြပ်မတ်ရန်လည်းကောင်း၊ စက်ရုံအနီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရန် လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းထားတဲ့ စက်မှုစီမံကိန်း များ၊ စက်ရုံကြီးများ၊ မြို့ပြရပ်ရွာဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ကနေပြီးတော့ သက်ဆိုင်ရာ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာနတို့နှင့် ပူးပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။