(ဃ)-ဆည်(စံပြ)ကျေးရွာတွင် ချောင်းရေတိုက်စားမှုကာကွယ်ပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၉.၇.၂၀၁၂)

မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲရှိ ဆည်(စံပြ) ကျေးရွာ၌ မိုးရာသီတွင် ရွာ၏အရှေ့ဘက်နံဘေးရှိ ဥယျာဉ်ချောင်းကြီးဟာ ရေစီးအားသန် သဖြင့် ယမန်နှစ်က လူနေအိမ်ခြေ ၅၀ သဲပုတ်သွားခြင်း၊ ဥယျာဉ်ခြံမြေ ၃ ခု သဲပုတ်သွားခြင်း၊ စိုက်ပျိုးမြေ ၁၅ ဧက သဲဖုံးလွှမ်းသွားခြင်း၊ ဘုန်းကြီးကျောင်းတံတိုင်း ၅ ကန့် ပျက်စီးသွားခြင်း၊ မူလတန်းလွန်ကျောင်း အခန်း ၃၀ ပျက်စီးသွားခဲ့ပါတယ်။ ရပ်ရွာအနေနဲ့လူအင်အား၊ နွားလှည်း အင်အားဖြင့် ဆည်ဖို့ကာကွယ်ခြင်း၊ မြေတွန်းစက်ကြီးများဖြင့် ရေလွှဲမြောင်းပြုလုပ်ပေးခြင်း၊ သစ်ပင် များစိုက်၍ကာကွယ်ခြင်း၊ ထန်းလုံး၊ အုန်းလုံးများ၊ ဆူးလုံးများဖြင့် ကာကွယ်ခြင်း၊ သဲအိတ်များဖြင့် ကာကွယ်ခြင်းစတဲ့ ၄ ကြိမ် ကြိုးစားပြုလုပ်ခဲ့ပါသော်လည်း ရေစီးအားသန်သဖြင့် ၄ ကြိမ်ကြိုးစား လုပ်ထားသမျှအားလုံး မျှောပါပျက်စီးသွားခဲ့၍ အချည်းအနှီးဖြစ်သွားခဲ့ရပါသည်။ ယခုနှစ် ဇွန်လ       ၉ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မိုးကုတ်ဝိပဿနာ အဆောက်အဦတံတိုင်းပါသွား ခဲ့ပါတယ်။ သို့ပါ၍ နည်းပညာဖြင့် ကာကွယ်ထိန်းသိမ်းမှရမည်ဖြစ်ပါတယ်။ အချိန်မီကာကွယ် ထိန်းသိမ်းမှုမပြုလုပ်ပါက နောက်ထပ် အိမ်ခြေ ၇၀၀ ခန့် တိုက်စားသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရေရှည်တည်တံ့ခိုင်မြဲအောင် မည်ကဲ့သို့လုပ်ပေးနိုင်မည်။ မည်သည့်အချိန်တွင် လုပ်ပေးနိုင်မည်ကို သိရှိလိုပါသည့်အတွက် မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်
အဖြေ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ရှိတဲ့ ပုပ္ပားတောင်ကို အခြေပြုပြီးတော့ ပုပ္ပားတောင်ရဲ့ အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက် ပတ်ပတ်လည်မှာ ချောင်းတွေဖြစ်ပေါ်ပြီးတော့ တချို့လည်း ဧရာဝတီမြစ်ထဲကို စီးဆင်းပါ တယ်။ တချို့လည်း သက်ဆိုင်ရာမြို့နယ်ကို စီးဆင်းတာတွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်ကြီး ဦးအောင်ကြိုင် မေးထားတဲ့မေးခွန်းကတော့ ပုပ္ပားတောင်ခြေကို အခြေပြုပြီးတော့ အနောက် မြောက်ဘက် ရာဟု‌ထောင့်ကို စီးဆင်းတဲ့ချောင်းနှင့်ပတ်သက်ပြီးတော့ မေးထားတာဖြစ်ပါတယ်။ ဒီချောင်းဟာဆိုလို့ရှိရင် ငါ့သရောက် မြို့နယ်ခွဲမှာ တည်ရှိပြီးတော့ ငါ့သရောက်ဆည်ထဲကို စီးဆင်းတာ ဖြစ်ပါတယ်။ ငါ့သရောက်ဆည်ထဲကို တခြားချောင်းလည်း စီးဆင်းပါတယ်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မေးခွန်းရပြီးတော့ တိုင်းတာစစ်ဆေး‌ခဲ့ပါတယ်။ စစ်ဆေးချက်များအရ ဥယျာဉ်တော်ချောင်းဟာဆိုလို့ရှိရင် ကံတိမ်ကျေးရွာအနီးမှာ စီးဆင်းပြီးတော့ ဆည်(စံပြ)ကျေးရွာအနီးမှာ ချောင်းမကြီးချောင်းနှင့်ပေါင်းပြီးတော့ ငါ့သရောက်ဆည်ထဲကိုစီးဆင်းတာ ဖြစ်ပါတယ်။ အဲဒီတော့ ချောင်းကြမ်းပြင်တွေဟာ ချောင်းကမ်းပါးတန်းနီးပါး မြင့်တက်လာခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းတဲ့အခါမှာ ကမ်းပါးနိမ့်ကျတဲ့နေရာနားမှာ ချောင်းရေများ ရေလျှံပြီးတော့ စိုက်ပျိုးမြေများနှင့် ကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့ ရွာကို ရေလွှမ်းမိုးမှုဖြစ်တာတွေ့ရပါတယ်။ ယခင်က ဆည်(စံပြ)ကျေးရွာအား ချောင်းရေတိုက်စားမှုမှ ကာကွယ်ဖို့အတွက် ဆည်မြောင်းဦးစီး ဌာနမှ အလျား ပေ ၂၀၀၀၊ အမြင့် ၈ ပေနဲ့၊ တာပေါင် ၃၂ပေ ရှိတဲ့ ဆည်ကိုတည်ဆောက်ခဲ့ ကြောင်းလည်း မှတ်တမ်းများအရ သိရှိရပါတယ်။ အဆိုပါ မြေသားတာပေါင်ဟာ ယခင်က ရွာကလှည်း တွေဖြတ်သန်းသွားရင်းနဲ့ တာပေါင်များ နိမ့်ကျလာပြီးတော့ ပုပ္ပားတောင်ခြေကတော့ ၂၀၁၀ ခုနှစ်မှ စပြီးတော့ ပုပ္ပားတောင်ခြေက အလုံးအရင်းနှင့် ရွာတဲ့မိုးရေဟာဆိုလို့ရှိရင် ဆည်မြောင်းကလုပ်ထားတဲ့ တာပေါင်စားသွားတာဖြစ်ပါတယ်။ တာပေါင်စားသွားပြီးတော့ စုစုပေါင်း အလျားပေ ၂၀၀၀ ရှိတဲ့ တာပေါင်ကြီးက ၃၅၀ ပေပဲ ကျန်ပါတော့တယ်။ ၃၅၀ ပေကျန်တဲ့ တာပေါင်ဟာဆိုလို့ရှိရင် ပြုပြင်မှု မရှိဘဲ ဒီတစ်ခါမိုးရွာတဲ့အခါကျတော့ ဒီတာပေါင်ကို ထပ်မံစားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တာပေါင်ကို ပြုပြင်ဖို့အတွက် ရေလမ်းကြောင်းပြောင်းလဲသွားဖို့အတွက် စံပြကျေးရွာရဲ့အထက် ဖက်မှာ သုံးလမ်းသွားမျှောတိုင်တန်း ကျောက်ဖြစ်ရေကာတာ ပေ ၁၀၀၊ အလျား ၃ ပေကို ပေ ၁၅၀ ခြားပြီးတော့ တည်ဆောက်ထားဖို့ အကြံပြုထားပါတယ်။ ၎င်းအပြင် ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ထားတဲ့ တာပေါင်လည်း ပြန်လည်ပြုပြင်ဖို့ တည်ဆောက်ထားပါတယ်။ အညာဒေသမှာ ယခုကဲ့သို့ ချောင်းများမှာ မိုးသည်းထန်စွာရွာလို့ရှိရင် ချောင်းများကိုစားပြီးတော့ ရွာတွေကမ်းပြိုတာ ဆိုလို့ရှိရင် အညာဒေသမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့လို့ရှိရင်လည်း ကျွန်တော်တို့ရွာတွေမှာလည်း ဒေသခံရွာတွေပဲ စုစည်းပြီးတော့ ကိုယ်အားကိုယ်ကိုးပြီးတော့ ပြုပြင် မွမ်းမံရမှာဖြစ်ပါတယ်။ တင်ပြချက်ဟာ ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ဆိုလို့ရှိရင် အမြဲတမ်းသ‌င်္ဘော များသွားလာနေတဲ့ ချောင်းမြောင်းများ၊ မြစ်များကိုသာလျှင် ဂရုတစိုက်ပြုပြင်ထိန်းသိမ်းတာရှိပါတယ်။ တစ်ပြည်လုံးမှာရှိတဲ့ ဤကဲ့သို့ သဲချောင်းများကို ထိန်းသိမ်းဖို့အတွက် များစွာအခက်အခဲရှိကြောင်း တင်ပြချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီချောင်းဟာဆိုလို့ရှိရင် ငါ့သရောက်ဆည်ထဲမှာစီးဆင်းတဲ့ ချောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဦးစီးဌာနကနေပြီးတော့ တာဝန်ယူပြီးတော့ ဒီနှစ်မှာလည်း အလျားပေ ၂၀၀၀၊ အမြင့် ၈ပေ၊ အောက်ခြေအကျယ် ၃၂ ပေ၊ ထိပ်ဝ ၁၂ ပေရှိတဲ့ မြေသားတာပေါင် နှင့် ခုနက အကြံပြုခဲ့တဲ့ ရေလွှဲ၊ ရေကာတာနှစ်ခုတည်ဆောက်ဖို့ စီစဉ်ထားပြီးတော့ လက်ရှိတိုင်းတာဆဲ ဖြစ်ကြောင်း ဒီနှစ်အပြီး ဆောက်မှာဖြစ်ကြောင်း ဖြေကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနကတော့ လိုအပ်တဲ့ နည်းပညာအကူအညီပေးသွားမှာ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။