ဝမ်းတွင်းမြို့နယ်အတွင်းမှာရှိတဲ့ အဆင့်တိုးမြှင့်ပေးရန်ရှိတဲ့ ကျောင်းများရဲ့စာရင်းကို သက်ဆိုင်ရာပညာရေးမှူးရုံးကနေပြီးတော့ ၎င်းတို့အထက်အဆင့် အဆင့်ဆင့် ကို ပေးပို့ထားတာကို သိရှှိရပါတယ်။ ပေးပို့ထားတဲ့စာရင်းတွေကတော့ အထက်တန်းကျောင်းအဆင့် ၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၄ ကျောင်း၊ အလယ်တန်းကျောင်းအဆင့် ၉ ကျောင်း၊ အလယ်တန်း ကျောင်းခွဲအဆင့် ၂၃ ကျောင်း၊ မူလတန်းကျောင်းအဆင့် ၁ ကျောင်းနဲ့ မူလတန်းကျောင်းခွဲ ၁ ကျောင်း စုစုပေါင်း ၄၂ ကျောင်းဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းတွင်းမြို့နယ်အတွင်းရှိတဲ့ A အဆင့်ဥပဓိရုပ် မကောင်းတဲ့ကျောင်းက ၁၉ ကျောင်း၊ B အဆင့် ဥပဓိရုပ်မကောင်းတဲ့ကျောင်းက ၁၈ ကျောင်း၊ C အဆင့် ဥပဓိရုပ်မကောင်းတဲ့ကျောင်းက ၃ ကျောင်း၊ D အဆင့်ဥပဓိရုပ်မကောင်းတဲ့ ကျောင်းက ၇ ကျောင်းနှင့် E အဆင့်ဥပဓိရုပ်မကောင်းတဲ့ ကျောင်းက ၅ ကျောင်း စုစုပေါင်း ၅၂ ကျောင်းကိုလည်း တင်ပြထားပြီးပြီလို့သိရှိရပါတယ်။ ဒါ့အပြင် ကျောင်းသားဦးရေနှင့် ကျောင်းဆောင် အချိုးမမျှတလို့ အဆောက်အဦဆောက်လုပ်ရန် ရန်ပုံငွေတောင်းခံထားတဲ့ ကျောင်းဆောင်နှင့် မြို့နယ် ပညာရေးမှူးရုံး က အဆောက်အဦ ၆ ခုအတွက် ခန့်မှန်းကုန်ကျငွေ သိန်းပေါင်း ၁၃၆၂ သိန်းကိုလည်း တင်ပြ တောင်းခံထားကြောင်း သိရှိရပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ အဆိုပါအဆင့်မြှင့်လိုတဲ့ ကျောင်းဆောင်များကို၊ ကျောင်းများကို အဆင့်မြှင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် ဥပဓိရုပ်မကောင်းတဲ့ ကျောင်းများကို ပြင်ဆင်ပေးနိုင်ရန် ရှိ၊ မရှိ။ ကျောင်းသားနှင့်ကျောင်းဆောင် အချိုးမမျှတလို့ တောင်းခံ ထားတဲ့ ရန်ပုံငွေကို ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ ဆောင်ရွက်ပေးမယ်ဆို ပါက ကဏ္ဍအလိုက်ဆောင်ရွက်ပေးမယ့် အချိန်ကာလကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဝမ်းတွင်းမြို့နယ် အတွင်းရှိ အဆင့်တိုးမြှင့်ပေးရန် လိုအပ်နေသော အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ရေးအတွက် အဆိုပါကျောင်းများသို့ တက်ရောက်နိုင်မယ့် ကျောင်းသားဦးရေအရ အစီအစဉ် အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ အခြေခံကျောင်းများအတွက် အဆောက်အဦအသစ်ဆောက်လုပ်ပြုပြင်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံတော်ရဲ့ ခွင့်ပြုငွေဖြင့်လည်းကောင်း နိုင်ငံတော်နှင့်မိဘပူးပေါင်း၍လည်းကောင်း၊ စေတနာရှင် အလှူရှင်များရဲ့ လှူဒါန်းမှုဖြင့် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လောလောဆယ် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရွာသစ်အခြေခံပညာအထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ် ၂၀၁၂-၂၀၁၃ ယခု ပညာသင်နှစ် စက်တင်ဘာ ၈ ရက်မှာ အဆင့်တိုးမြှင့်ပေးရန် လျာထားပြီးဖြစ်ကြောင်း တင်ပြအပ်ပါ တယ်။ ဥပဓိရုပ်မကောင်းတဲ့ အခြေခံပညာကျောင်း ၄ ကျောင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြုပြင်ပေးနိုင်ရန်အတွက် ရန်ပုံငွေခွဲဝေပေးသွားမည်ဖြစ်ပါကြောင်း ကျောင်းသားဦးရေနှင့် ကျောင်းဆောင်အချိုးမမျှတ၍ အသစ်ဆောက်လုပ်ပေးရန်လိုအပ်တဲ့ အခြေခံပညာကျောင်းများအား စိစစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်မှ ရန်ပုံငွေတင်ပြတောင်းခံပြီး ခွဲဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
