ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ ၁၅-၃-၂၀၁၂ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၀၁/၂၀၁၂) ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော မြို့နယ်နှင့် မြို့နယ်ခွဲ ၈၇ မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များအား လစဉ်အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အပြင် လက်ရှိလစဉ်ထုတ်ယူရရှိနေသော လစာနှင့် ညီမျှသည့်ငွေကိုပါ ဒေသစရိတ်အဖြစ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ သတ်မှတ်ခံစားခွင့်ပြု လိုက်ကြောင်းသိရှိရပါတယ်။ ထိုသို့ အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာရာတွင် မိမိတို့ ကယား ပြည်နယ်အနေဖြင့် ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖာဆောင်းမြို့နယ်၊ မဲ့စဲ့မြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲတို့ပါဝင်သည်ကို ဝမ်းမြောက်ဝမ်းသာတွေ့ရှိရသော်လည်း ကယားပြည်နယ်တွင် ဝေးလံခေါင်သီ၍ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုရေးအခက်အခဲဆုံးဒေသဖြစ်သည့် ဖရူဆိုမြို့နယ် ကိုမူ ထည့်သွင်းသတ်မှတ်ခံစားခွင့်မပြုသည်ကို တွေ့ရှိရပါတယ်။ ဖရူဆိုမြို့နယ်ရဲ့ မြေမျက်နှာသွင်ပြင် အနေအထားမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ မှ ပေ ၇၀၀၀ အထိ မြင့်မားသော တောင်ကုန်းတောင် တန်းများအပေါ်တွင် တည်ရှိပြီး မြို့နယ်ဧရိယာရဲ့ သုံးပုံနှစ်ပုံခန့်ဟာ မြင့်မားသော တောင်တန်းများနဲ့ နက်ရှိုင်းသော လျှိုမြှောင်ကြီးများရှိပါတယ်။ လွိုင်ကော်-မော်ချီး-တောင်ငူသွားလမ်း ဘေးတစ်ဖက်တစ်ချက်တွင် မြေပြန့်အနည်းငယ်ရှိသည်မှအပ ကျန်ဒေသများမှာ တောင်ကုန်း တောင်တန်းများနဲ့ တောတောင်ထူထပ်ပေါများပြီး မိုးများသောအရပ်ဒေသလည်းဖြစ်ပါ တယ်။ ထို့ပြင် မိုးတွင်းကာလတွင် တောင်ကျရေများကြောင့် ကမ်းပါးပြိုခြင်း၊ ရေကြီးခြင်း၊ ရေစီးသန်ခြင်း၊ လမ်းပိတ် ဆို့ခြင်း၊ ချောင်းရေတိုက်စားမှုကြောင့် ချောင်းကူးတံတားများပြိုကျပျက်စီး မျောပါသွားခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးမကြာခဏ ပြတ်တောက်ကာ ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင် သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူအများခရီးသွားလာရာတွင် အခက်အခဲများစွာ ရင်ဆိုင် ကြုံတွေ့နေရသော နယ်မြေဒေသတစ်ခုလည်းဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်ဟာ မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၄ အုပ်စုတို့ဖြင့်ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပြီး တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းအင်အားစုစုပေါင်းမှာ ၅၄၄ ဦးခန့်ရှိပါတယ်။ အဆိုပါ နိုင်ငံ့ဝန်ထမ်းအများစုမှာလည်း ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများဖြစ်ကြပြီး ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ကျေးလက် ဒေသများတွင်တာဝန်ထမ်းဆောင်သူများဖြစ်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီး ဖရူဆို မြို့နယ်မှာ ကတ္တရာလမ်းဟူ၍ လွိုင်ကော်-မော်ချီး ကားလမ်းတစ်ခုတည်းသာရှိပြီး ဒေသဖွံ့ဖြိုးရေးလမ်း ဖြစ်သည့် ဖရူဆို-ဟိုယာ-ကေကော လမ်းပိုင်းသည် ဟိုယာ ၂၅ မိုင်အထိ ကျောက်ချောလမ်း ဖရူဆို-ဒိုကတယ်-ရပ်သူလမ်းပိုင်းသည် ဒိုကတယ် ၅ မိုင်အထိ ကျောက်ချောလမ်းရှိချင်းတို့မှအပ ကျန်လမ်း များအားလုံးသည် မြေသားလမ်းနှင့် တောင်ပေါ်လူသွားလမ်းများသာဖြစ်ပါတယ်။ ကျောက်ချောလမ်း ရှိသောကျေးရွာများကို ကား၊ ထော်လာဂျီများသွားလာ၍ရနိုင်သော်လည်း မြေသားလမ်းများကိုမူ မိုးတွင်းကာလတွင် လူသွားလမ်းများကဲ့သို့ ခြေလျင်မှတစ်ပါး အခြားနည်းလမ်းဖြင့်သွားလာ၍ မရနိုင် သော နယ်မြေဒေသတစ်ခုလည်းဖြစ်ပါတယ်။ မြို့ပေါ် ၅ ရပ်ကွက်နှင့် မြို့မခေတ်ပေါ်ဆို ကျေးရွာအုပ်စု တို့မှအပ ကျန်ကျေးရွာအုပ်စုများသည် မြို့နှင့် ၁၅ မိုင်မှ မိုင် ၇၀ ကျော်အထိ ဝေးလံခေါင်သီ၍ ခြေလျင်ခရီးဖြင့် ခက်ခဲကြမ်းတမ်းစွာသွားလာနေရသော လူမှုရေးခက်ခဲသည့်နယ်မြေဒေသတစ်ခု ဖြစ်ကြောင်းကိုလည်း ရိုးသားပွင့်လင်းစွာတင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ လမ်းပန်းဆက်သွယ်ရေး လွန်စွာမှ ခက်ခဲကြမ်းတမ်းသည့်ဖရူဆိုမြို့နယ်အား ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော မြို့နယ် ဒေသတစ်ခုအဖြစ် သတ်မှတ်ပြီး ယင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်း များအား လစဉ်အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အပြင် လက်ရှိလစဉ်ထုတ်ယူရရှိနေသော လစာနှင့် ညီမျှသည့်ငွေကိုပါ ဒေသစရိတ်အဖြစ်သတ်မှတ်ခံစားခွင့်ပြုပေးနိုင်မည့်အစီအစဉ်ရှိ၊မရှိ သိလို၍ ဒေသခံပြည်သူများ၏ကိုယ်စား အောက်ပါမေးခွန်းများမေးမြန်းပါသည် -
(၁) ဖရူဆိုမြို့နယ်အား ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော နယ်မြေဒေသတစ်ခုအဖြစ် သတ်မှတ်ခံစားခွင့်ပြုပေးနိုင်မည့် အစီအစဉ် ရှိ၊မရှိ သိလိုပါတယ်။
(၂) အကယ်၍ သတ်မှတ်ခံစားခွင့်ပြုပေးနိုင်မည်ဆိုပါက မည်သည့်အချိန်တွင် စတင် သတ်မှတ်ပေးနိုင်မည်နည်း။
(၃) အကယ်၍ သတ်မှတ်ခံစားခွင့်မပြုနိုင်ပါက မည်သည့်အကြောင်းကြောင့် မသတ်မှတ်ပေး နိုင်သည်ကိုသိလိုပါတယ်။
