၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီတွေပူးပေါင်းပြီးတော့ အချို့လည်း သီးခြားခွဲပြီးတော့ပေါ့။ တောင်သူလယ်သမားများကို သွင်းအားစုတန်ဖိုးများ အပါအဝင် စိုက်ပျိုးရေးချေးငွေတွေ ထုတ်ချေး ထားတာ ယခင့်ယခင်နှစ်များထက်ပိုပြီးတော့ အဆလည်းများတယ်။ ပမာဏလည်းများတယ်လို့ ကျွန်တော်မှတ်သားမိပါတယ်။ တောင်သူလယ်သမားများကိုယ်စား ကျွန်တော် ကျေနပ်ဝမ်းမြောက်မိပါ တယ်။ သို့သော်လည်းပဲ ဒီနှစ်ဆန်း ဇန်နဝါရီလလောက်ကစပြီးတော့ ကျွန်တော်တို့တော့ ကြွေးပြန် ဆပ်ဖို့အခက်အခဲရှိနေပြီ၊ ကြုံတွေ့နေပြီဆိုတဲ့စကားသံတွေ စတင်ပြီးကြားရပါတယ်။ ဇန်နဝါရီလ ဆန်းလောက်ကနေပြီးတော့ မတ်လလောက်မှာ ရွှေ့ပေးပါဆိုတာမျိုးလည်း ကြားပါတယ်။ မတ်လ လောက်ရောက်ပြန်တော့ တစ်မျိုးတစ်မည်ပြောကြဆိုကြတာတွေလည်း ကြားပါတယ်။ အကြောင်း ပြချက်အနေနဲ့ကတော့ နှစ်စဉ်ကြားနေကျ၊ နေရာတိုင်းမှာ စပါးဈေးကျတယ်ဆိုတဲ့ကိစ္စမျိုး၊ နောက်တစ်ချက်ကတော့ ရာသီဥတုဖောက်ပြန်တယ်ဆိုတဲ့ စကားမျိုးပါပဲ။ အဲဒီတော့ ကျွန်တော် မနေ့ကလည်းပြောပါတယ်။ စပါးစိုက်ပျိုးရေးလုပ်ငန်း အခုမှလုပ်လာတာ မဟုတ်ပါဘူး။ တိုင်းပြည် တည်ကတည်းက မြန်မာလူမျိုးတွေရဲ့ ကမ္ဘာမှာ မြန်မာ မြန်မာဟေ့လို့ မြန်မာလူမျိုးတွေ စပြီး အခြေတည်ကတည်းကိုက ဆန်စပါးစိုက်ပျိုးလာတယ်။ အဲဒီတော့ စိုက်ပျိုးစရိတ် လိုအပ်လာတယ်။ ချေးကြတယ်၊ သုံးကြတယ်ဆိုတာမျိုးက အစဉ်အလာတွေ ကြာမြင့်ခဲ့ပါတယ်။ ကျွန်တော့် အတှေ့အကြုံ အရဆိုလို့ရှိရင်လည်း စီမံကိန်းမှူးတစ်ယောက်အနေနဲ့ တောင်သူလယ်သမားတွေကို ငွေထုတ်ချေးတဲ့ ကိစ္စမျိုးတွေလည်း ရှေးအဆက်ဆက်ကတည်းက ကိုယ်တိုင်ပါဝင်ခဲ့ဖူးပါတယ်။ ဒီဥစ္စာတွေဟာ ဒီဘက် ခေတ်ကိုပြောင်းလာပြီပေါ့လေ။ အရင်တုန်းကတော့ နိုင်ငံတော်ကနေပြီးတော့ နောက်ကနေ ကမကထ လိုက်လုပ်ပေးတဲ့ခေတ်စနစ်ပေါ့။ ဒီဘက်ကျတော့ ကိုယ်ထူကိုယ်ထ ဈေးကွက်စီးပွားရေးခေတ်စနစ်ကို ရောက်လာပြီပေါ့လေ။ အဲဒီမှာ တစ်ယောက်ကမနိုင်ရင်တော့ နောက်တစ်ယောက်နဲ့ပူးပေါင်းပေါ့။ အဲဒီသဘောတရားမျိုးတွေလည်း ရှိလာကြပါပြီ။ အင်အားကြီးတဲ့လူက အင်အားသေးတဲ့လူကို ဖေးမကူညီပြီးတော့ လက်တွဲခေါ်ယူတဲ့ပုံစံတွေလည်းပဲ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒီအခြေအနေ၊ ဒီကာလကြီးရောက်တဲ့အချိန်မှာ Transactional Perious ဆိုတဲ့အခါမှာ စနစ်ဟောင်း လည်း နည်းနည်းကျန်မယ်ပေါ့လေ။ စနစ်သစ်ကိုလည်း တော်တော်များများလိုက်ပါကူးပြောင်းကြမှာ ပေါ့လေ။ အဲဒီလိုကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ပထမဆုံး အတွေ့အကြုံလို့တောင်စပြီး တော့တောင် မှတ်တမ်းတင်ပြီးတော့၊ သတ်မှတ်ပြီးတော့ Record လုပ်ရမယ့်ကာလဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးချင်တာကလေးက အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ဘဏ်တွေကနေပြီးတော့ မနှစ်ကထုတ်ပြီးချေးငွေတွေဟာ မည်မျှရှိပါသလဲ။ ယနေ့အထိ မည်မျှပြန်လည်ကောက်ခံရရှိပါသလဲ။ ကြွေးကျန်တွေရှိပါက ယခင်နှစ်များ၏ ကြွေးကျန်များနှင့် ပေါင်းလိုက်လို့ရှိရင် မည်မျှရှိပါသလဲ။ ချေးငွေမူဝါဒ ပြုပြင်ပြောင်းလဲရန် ရှိ၊ မရှိဆိုတာကို သိလိုတဲ့အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီ၊ ဆောင်းရာသီနှင့် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ လယ်သမားများသို့ စိုက်ပျိုးရာသီချိန်အမီ ထုတ်ချေးခဲ့ရာ စပါးတစ်ဧက ကျပ် ၄၀၀၀၀ နှုန်း၊ အခြား သီးနှံများ တစ်ဧက ကျပ် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာ စပါးတစ်ဧက ကျပ် ၅၀၀၀၀ နှုန်းဖြင့် တိုးမြှင့် ထုတ်ချေးပေးလျက်ရှိပါသည်။ ၂၀၁၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူလယ်သမားပေါင်း ၁၄၂၄၅၆၀ ဦးအား ချေးငွေကျပ် ၃၁၂.၁၁၃ ဘီလီယံ ထုတ်ချေးပေးခဲ့ရာ ၄-၇-၂၀၁၂ ရက်နေ့ထိ ကျပ် ၃၀၅.၅၀၆ ဘီလီယံ ပြန်လည် ကောက်ခံရရှိခဲ့ပါတယ်။ ကောက်ခံရရှိရန် ကျပ် ၆.၆၀၇ ဘီလီယံ ကျန်ရှိနေပါတယ်။ မိုးချေးငွေကို ယခင်က နှစ်စဉ် ဖေဖော်ဝါရီလကုန်တွင် ရာနှုန်းပြည့်ပြေကျေအောင် ကောက်ခံရရှိခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ် ပြန်လည်ပေးဆပ်ရန် ကာလကို မတ်လ ၃၁ ရက်နေ့ထိ တိုးမြှင့်၍ ဖြေလျော့ကောက်ခံ ပေးခဲ့ရာ ချေးငွေကျန်များ ဖြစ်ပေါ်နေကြောင်းကို စိစစ်တွေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူလယ်သမားပေါင်း ၄၁၄၆၉၁ ဦးအား ချေးငွေကျပ် ၃၉.၄၉၆ ဘီလီယံ ထုတ်ချေးပေးခဲ့ရာ ၄-၇-၂၀၁၂ ရက်နေ့ထိ ကျပ် ၂၉.၁၁၆ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး ၁၀.၃၈ ဘီလီယံ ကောက်ခံရန် ကျန်ရှိနေပါတယ်။ ချေးငွေများ အပြည့်အဝပြန်လည် ကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း တောင်သူ ၆၃၇၃ ဦး အား ငွေကျပ် ၁.၁၁၃ ဘီလီယံ ထုတ်ချေးပေးခဲ့ရာ ၄-၇-၂၀၁၂ ရက်နေ့ထိ ကျပ် ဝ.၂၄၆ ဘီလီယံ ပြန်လည်ကောက်ခံရရှိပြီးဖြစ်၍ ကျပ် ဝ.၈၆၇ ဘီလီယံ ကောက်ခံရန် ကျန်ရှိနေပါ တယ်။ ၎င်းချေးငွေများကို ကောက်ခံရန်အချိန်မစေ့ရောက်သေးပါ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်း၊ မိုးကြို စုစုပေါင်းချေးငွေကျပ် ၃၅၂.၇၂၂ ဘီလီယံ ထုတ်ချေးခဲ့ပြီး ကျပ် ၃၃၄.၈၆၈ ဘီလီယံကောက်ခံရရှိပြီးဖြစ်၍ ၁၇.၈၅၄ ဘီလီယံကောက်ခံရန် ကျန်ရှိနေပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီများမှ သွင်းအားစု တန်ဖိုးအပါအဝင် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုသည် ဆန်စပါး အထူးပြုကုမ္ပဏီ ၄၅ ခုမှ စပါးစိုက်ပျိုးသူ တောင်သူလယ်သမားများသို့ ကျပ် ၃၁.၀၆၁ ဘီလီယံ၊ ပဲမျိုးစုံအထူးပြုကုမ္ပဏီ ၁၀ ခုမှ ကျပ် ၅.၁၇၀ ဘီလီယံနှင့် သီးနှံစုံအထူးပြုကုမ္ပဏီ ၂ ခုမှ ကျပ် ၁.၉၆၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၃၈.၁၉၁ ဘီလီယံ ပံ့ပိုးထုတ်ပေးခဲ့ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီများမှ ထုတ်ပေး ခဲ့သည့်ကျပ် ၃၈.၁၉၁ ဘီလီယံအနက် ပြန်လည်ရရှိပြီးငွေပေါင်းမှာ ၂၄.၃၃၇ ဘီလီယံ ဖြစ်တဲ့အတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိမှု ကျပ် ၁၃.၈၅၄ ဘီလီယံဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် ကြွေးကျန် ဝ.၁၂၂ ဘီလီယံနှင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကြွေးကျန်ကျပ် ၁.၇၀၂ ဘီလီယံကို ပေါင်းလျှင် ပုဂ္ဂလိက သီးနှံအထူးပြုကုမ္ပဏီများက ပြန်လည်ရရှိရန် ကျန်စုစုပေါင်းမှာ ကျပ် ၁၅.၆၇၈ ဘီလီယံ ဖြစ်ပါတယ်။ သို့ဖြစ်၍ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း တောင်သူလယ်သမားများသို့ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိက သီးနှံအထူးပြုကုမ္ပဏီများက ထုတ်ချေးငွေ၊ ချေးငွေနှစ်ရပ် ပေါင်း၏ စုစုပေါင်းသည် ကျပ် ၃၉၀.၉၁၃ ဘီလီယံရှိပြီး ယင်းချေးငွေ နှစ်ရပ်ပေါင်းအပေါ်တွင် ကောက်ခံရရှိမှုမှာ ကျပ် ၃၅၉.၂၀၅ ဘီလီယံဖြစ်တဲ့အတွက် ကောက်ခံရန်ကျန်ရှိမှုသည် ကျပ် ၃၁.၇၀၈ ဘီလီယံ ဖြစ်ပါတယ်။ ပုဂ္ဂလိက သီးနှံအထူးပြုကုမ္ပဏီများ၏ နှစ်ဟောင်းကြွေးကျန်များပေါင်းလျှင် စုစုပေါင်းကောက်ခံရန် ကြွေးကျန်မှာ ကျပ် ၃၃.၅၃၂ ဘီလီယံဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများသို့ စိုက်ပျိုး စရိတ်ထုတ်ချေးမှုဆိုင်ရာ ချေးငွေမူဝါဒပြောင်းလဲရန် မရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
