(ခ)-သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ခန့်အပ်နိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ (၆.၇.၂၀၁၂)

မိုင်းပြင်း မြို့နယ်မှာ ပြည်သူလူထုကနေပူးပေါင်းပြီး မီးသတ်မော်တော်ယာဉ်တစ်စီးကိုဝယ်ယူထားရှိပြီးဖြစ်တဲ့ အပြင် မီးသတ်ရုံးနှင့် မီးသတ်မြေနေရာ၊ ယာဉ်မောင်းရဲ့လစာစတဲ့ ကိစ္စအဝဝကို မိုင်းပြင်းမြို့ ပြည်သူလူထုက အကုန်ကျခံဆောင်ရွက်လာသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ပါတယ်။ နှစ်စဉ်မိုင်းပြင်း မြို့နယ်မှာ မီးလောင်မှုတွေဖြစ်ပွားပါတယ်။ နေအိမ်ထူထပ်ကျဉ်းမြောင်းတဲ့အတွက်၊ တစ်အိမ်နဲ့ တစ်အိမ်နီးကပ်တဲ့အတွက် သဘာဝမီးဘေးအန္တရာယ်ကိုစိုးရိမ်ရပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ အရန် မီးသတ်တပ်ဖွဲ့ဝင်များကလည်း သူ့အနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးနိုင်သော်လည်း အချိန်ပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အမြဲတမ်းမီးသတ်တပ်ဖွဲ့ဝင် ခန့်အပ်ပေးနိုင်ဖို့ ကျွန်တော်တင်ပြမေးမြန်းလိုခြင်းဖြစ်ပါတယ်။ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ခန့်ထားပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလို၍မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်
အဖြေ

မိုင်းပြင်းမြို့နယ်ဟာ ၂ ယူနစ်မီးသတ်စခန်းဖွဲ့စည်းပုံအရ သတ်မှတ်ထားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ ဝင်နှစ်ဦးသာရှိနေတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ ၁၁ ဦး ရှိရမှာဖြစ်တဲ့အတွက် ယခုနှစ်ဘတ်ဂျက် အတွင်းမှာပဲ ဖွဲ့စည်းပုံရဲ့သုံးပုံနှစ်ပုံဖြစ်တဲ့ ၇ ဦးပြည့်အောင်တပ်စုမှူးတစ်ယောက်အပါအဝင် ကျန်တဲ့  ၅ ဦးကိုကျွန်တော်တို့ အမြန်ဆုံးဖြည်‌့တင်းဆောင်ရွက်ပေးသွားပါမယ်လို့တင်ပြလိုပါတယ်။ ထို့အပြင် မီးသတ်ယာဉ်တစ်စီးကိုလည်း နောက်ထပ်တစ်စီးဖြည့်တင်းပေးခြင်းအားဖြင့် ယာဉ်နှစ်စီးပြည့်အောင် ဒီနှစ်ဘတ်ဂျက်အတွင်းမှာပဲဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြန်ကြားအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျွန်တော်တင်ပြလိုတာက တော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မြို့နယ်တွေမှာ မီးသတ်ယာဉ်တစ်စီးမှမရှိသေးတဲ့ မြို့နယ်တွေနှင့် မီးသတ်ယာဉ်တစ်စီးတည်းသာရှိတဲ့ မြို့နယ်တွေမှာ အနည်းဆုံးမီးသတ်ယာဉ်နှစ်စီးစီရှိရအောင် ယခုနှစ် ဘတ်ဂျက်အတွင်းမှာ ကျွန်တော်တို့ဖြည့်တင်း ပေးသွားမှာဖြစ်တဲ့အတွက် လိုအပ်တာများကို ကြိုတင်ပြင်ဆင်စဉ်းစားထားပေးပါရန် ရှင်းလင်းဖြေကြားပါသည်။