(က)-မီးသတ်စခန်းတစ်ခု ထပ်မံချပေး နိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ (၆.၇.၂၀၁၂)

ပျော်ဘွယ်မြို့နယ်ဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီဒေသမှာတည်ရှိပြီးတော့ မကြာခဏ နွေရာသီမှာဆိုရင် မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ၄-၆-၂၀၁၂ ရက်နေ့ကလည်း ပျော်ဘွယ်ဈေးရဲ့ လေးပုံတစ်ပုံခန့်ဟာ မီးလောင်ကျွမ်းခဲ့ပါတယ်။ မိဘပြည်သူတွေအနေနဲ့ မီးဘေးကို လွန်စွာစိုးရိမ်ကြောင့်ကြနေပါတယ်။ ယခုနှစ် ၂လပိုင်းမှာလည်း စက်မှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာမှာလည်း မီးလောင်တာရှိပါတယ်။ ဒါကြောင့် ယခုလက်ရှိမှာလည်း ပျော်ဘွယ်မြို့အနေနဲ့ မီးသတ်စခန်းဟာ ၃ယူနစ်စခန်း ဖြစ်ပြီးတော့ ဝန်ထမ်းအင်အားဟာ သုံးပုံနှစ်ပုံသာခန့်ထားတာရှိပါတယ်။ ပျော်ဘွယ်မြို့ဟာ ယခုအချိန်အခါမှာ အိမ်ခြေထူထပ်ပြီးတော့ နိုင်ငံပိုင်စက်မှုဝန်ကြီးဌာန ချည်မျှင်နှင့်အထည်စက်ရုံ၊ ဝါကြိတ်စက်ရုံများ လည်း တည်ရှိနေပါတယ်။ ပျော်ဘွယ်မြို့ရဲ့အလယ်မှာ ရန်ကုန်-မန္တလေးမီးရထားလမ်းဟာ ဖြတ်သန်း သွားလာလျက်ရှိပါတယ်။ ယခုလက်ရှိမီးသတ်စခန်းဟာ ပျော်ဘွယ်မြို့ရဲ့အရှေ့ဘက်မှာ တည်ရှိပြီးတော့ ပျော်ဘွယ်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ မီးဘေးအန္တရာယ်ပေါ်ပေါက်ခဲ့လို့ရှိရင် မီးရထားလမ်း ဂိတ်ပိတ်ခြင်းများ ကြုံတွေ့ရတဲ့အတွက်ကြောင့် အခက်အခဲများလည်း ရှိပါတယ်။ ပျော်ဘွယ်မီးရထား လမ်းဂိတ်ဟာ ရထားသွားလာမှုအများဆုံးဂိတ် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပျော်ဘွယ်မြို့ သံလမ်း အနောက်ဘက်ခြမ်းရပ်ကွက်များအတွက် မီးသတ်စခန်းတစ်ခု လိုအပ်လျက်ရှိပါတယ်။ ပျော်ဘွယ်မြို့ ပြည်သာယာရပ်ကွက်မှာ အမှတ်(၂)မီးသတ်စခန်း တည်ဆောက်နိုင်ရန်အတွက် လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်ထဲက မြေကွက်လျာထားပေးခဲ့ပြီးဖြစ်ပါတယ်။ ပျော်ဘွယ်မြို့ မီးရထားသံလမ်းထိပ် အနောက်ဘက် ၄ ရပ်ကွက်၊ စက်မှုဝန်ကြီးဌာနရဲ့ ချည်ထည်စက်ရုံ၊ ဝါကြိတ်စက်ရုံတို့ တည်ရှိရာ နေရာအတွက် မီးသတ်စခန်းတစ်ခုလိုအပ်နေပါတယ်။ သို့ပါ၍ အမှတ်(၂)မီးသတ်စခန်းတစ်ခု ထပ်မံချပေးနိုင်၊ မပေးနိုင် သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်
အဖြေ

ပျော်ဘွယ်မြို့နယ်ဟာ ၃ယူနစ်မီးသတ်စခန်းဖွဲ့စည်းပုံအရ ရှိနေ တာဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်အင်အားအနေနဲ့လည်း ဖွဲ့စည်းပုံအဖြစ် တပ်စုမှူးတစ်ယောက်အပါအဝင် ၁၁ ဦး အပြည့်ရှိနေတာဖြစ်ပါတယ်။ မီးသတ်ယာဉ်အနေနဲ့ဆိုလို့ရှိရင်တော့ စေတနာရှင်လှူဒါန်းထား တဲ့ မီးသတ်ယာဉ်တစ်စီးအပါအဝင် အားလုံးပေါင်း မီးသတ်ယာဉ် ၄ စီး ရှိနေတာလည်း ဖြစ်ပါတယ်။ ပျော်ဘွယ်မြို့နယ် အနောက်ဘက်ခြမ်းမှာလည်းပဲ ဝါကြိတ်စက်ရုံနှင့် ချည်မျှင်နှင့်ချည်ထည်စက်ရုံမှာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၅ ဦးလေ့ကျင့်ပေးထားပြီး သီးသန့်အဆင်သင့် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် ဦးစားပေးလုပ်ငန်းအစီအစဉ်အရ ဒီနှစ်မှာ မီးသတ်စခန်းအသစ်တစ်ခု တည်ဆောက်ပေးဖို့ အခက်အခဲရှိပါတယ်။ သို့ရာတွင် ပျော်ဘွယ်မြို့နယ် ပြည်သူလူထုရဲ့ဆန္ဒအရ မီးဘေးအတွက် စိုးရိမ်ရတဲ့အချိန်ကာလတွေမှာ မြို့မမီးသတ်စခန်းက မီးသတ်ယာဉ်တစ်စီး သို့မဟုတ် နှစ်စီးကို မီးရထားလမ်းအနောက်ဘက်ခြမ်း သင့်တော်တဲ့နေရာမှာ တာဝန်ချထားမယ်ဆိုလို့ရှိရင် လိုအပ်တဲ့ လူအင်အားထုတ်နုတ်ပြီးတော့ မီးဘေးကာကွယ်ရေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက် ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပျော်ဘွယ်မြို့နယ်မှာ မီးသတ်စခန်းအသစ်တစ်ခု ထပ်မံ ဆောက်လုပ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။