ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာအနေဖြင့် မိုးမိတ်မြို့မှ ၁၈ မိုင်ကွာဝေးပြီး ဘော်ဒေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ၁၉-၉-၁၉၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့အချိန် အထိ ၁၇ နှစ်ကြာမြင့်ပြီး ဗမာလူမျိုး၊ ကချင်လူမျိုး၊ လီဆူးလူမျိုး၊ လားဟူလူမျိုးစသဖြင့် တိုင်းရင်းသား ပေါင်းစုံစည်းလုံးချစ်ကြည်စွာဖြင့် မိမိ၏ရင်သွေးငယ်များ ပညာရည်နို့သောက်စို့ရာနေရာလည်းဖြစ် ပါတယ်။ အဆိုပါမိုးမောက်ကျေးရွာအုပ်စု ဘော်ဒေအခြေခံပညာအလယ်တန်းကျောင်းအနေဖြင့် မိုးမောက်ကျေးရွာအုပ်စုမှကျေးရွာ ၃ ရွာ၊ နှမ်းပွတ်ကျေးရွာအုပ်စုမှကျေးရွာ ၃ ရွာ၊ သစ်ဆိမ့်ကုန်း ကျေးရွာအုပ်စုမှ ၉ ရွာ၊ ပုသိမ်ကျေးရွာအုပ်စုမှ ၁ ရွာ၊ စုစုပေါင်းကျေးရွာ ၁၆ ရွာ၏ဗဟိုဖြစ်ပြီး အခြေခံပညာအလယ်တန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (မူလွန်ပါ) ၁၄ ကျောင်းတို့မှ ကျောင်းသူကျောင်းသားများအပြင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မိုးမောက် ကျေးရွာအုပ်စု ဆာဒင်ကျေးရွာတွင် တွဲဖက်အခြေခံပညာမူလတန်းကျောင်းနှင့် သစ်ဆိမ့်ကုန်းကျေးရွာ၊ ဝဲပေါင်း၊ ငှက်ပျောတောရွာ တွဲဖက်အခြေခံပညာမူလတန်းကျောင်းတို့အား ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုဖွင့်လှစ်ခဲ့သဖြင့် ယခုအခါကျေးရွာပေါင်း ၁၈ ရွာမှ ကျောင်းသူကျောင်းသားတို့ မှီခိုအားထားရာကျောင်း ၁ ကျောင်းလည်းဖြစ်ပါတယ်။ မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ အခြေခံပညာအလယ်တန်းအဆင့် သင်ယူပြီးပါက အခြေခံပညာအထက်တန်းအဆင့် သင်ယူနိုင်ရန်အတွက် အဆိုပါဘော်ဒေကျေးရွာနှင့် ၈ မိုင်ခန့်ကွာဝေးသော မကျည်းပင်အထကသို့လည်းကောင်း၊ ၁၆ မိုင်ခန့် ဝေးကွာသော ညောင်ပင်စောက် အ.ထ.က နှင့် ၁၈ မိုင်ခန့်ဝေးကွာသော မိုးမိတ်မြို့အထကကျောင်းများသို့ သွားရောက်ပညာဆက်လက် သင်ကြားရပါတယ်။ ယင်းသို့ ပညာသင်ကြားရာမှာ ကျောင်းသူ ကျောင်းသား ၁ ယောက်နေထိုင်တည်းခိုစားသောက်စရိတ်ဟာ ကျောင်းဝေယျာဝစ္စမပါ ၁ လလျှင် ၆၀၀၀၀ မှ ၁၀၀၀၀၀ အထိကုန်ကျသဖြင့် ပညာသင်ယူနေကြသော အခြေခံပညာအလယ်တန်း အောင်သူ တိုင်းရင်းသားများအနေဖြင့် အခြေခံပညာအထက်တန်းအဆင့်ကို သင်ယူနိုင်ရန် အခွင့် အလမ်းနည်းပါးလျက်ရှိသည်ကိုလည်း တွေ့နေရပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံရေးနေ့ များနှင့် ၁၉-၅-၂၀၁၂ ရက်နေ့မှာ မိုးမောက်ကျေးရွာအုပ်စု၊ ဆာဒင်ကျေးရွာ တွဲဖက်အခြေခံပညာ မူလတန်းကျောင်းအား ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုကျောင်းဖွင့်ပွဲတွင် အဆိုပါကျေးရွာ အုပ်စုများရှိကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာတွင် ဘော်ဒေကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းခွဲရရှိပါက အနီးပတ်ဝန်းကျင်မှ အခြေခံပညာအလယ်တန်းအောင် ကျောင်းသူကျောင်းသား များမှာ အခြေခံပညာအထက်တန်းအဆင့်သို့သင်ယူရန် အဆင်သင့်ရှိနေကြောင်းနှင့် အစစအဆင်ပြေ စေရန်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူမှာ ၁၀၀ ဦးခန့်ရှိမည်ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ အဆိုပါ မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းအား သက်ဆိုင်ရာဌာနမှ သတ်မှတ်ချက်ပြည့်စုံသည့် ကျောင်းဖြစ်သည့် အတွက် အ.ထ.က(ခွဲ)အဖြစ်တိုးမြှင့်ရန် တင်ပြထားသော်လည်း ယနေ့တိုင်မရရှိသေးပါ။ အဆိုပါ ကျောင်းအနေဖြင့် မိုးမိတ်-တွင်းငယ်-မန္တလေးကားလမ်းမပေါ်တွင် ရှိခြင်း၊ အနီးပတ်ဝန်းကျင်ရွာများမှ နွေမိုးဆောင်းရာသီမရွေးသွားလာနိုင်ခြင်း၊ Building လည်းရှိခြင်း စသဖြင့် အဘက်ဘက်မှ အခြေခံ ပညာအထက်တန်းအဆင့် သင်ယူလိုသော ကျောင်းသူကျောင်းသားများအတွက် ပညာသင်ယူမှု အခက်အခဲမရှိနိုင်ကြောင်းလည်းသိရပါတယ်။ သို့ဖြစ်ပါ၍ မိုးမိတ်မြို့နယ်၊ မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်းခွဲ အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကိုသိလိုသည့်အတွက် မေးမြန်းပါသည်။
လက်ရှိ ပြည်ထောင်စုချုပ်အနေနဲ့ အလယ်တန်း ကျောင်းစုစုပေါင်း ၁၀၂၄ ကျောင်းရှိပါတယ်ခင်ဗျား။ လာမယ့်ပညာသင်နှစ်လေးနှစ်အတွက် အလယ်တန်းကျောင်းသားအဆင့် ၃၀၀ နဲ့အထက်ရှိတဲ့ကျောင်းများကို ပေးဖို့လျာထားတဲ့အခါမှာ စုစုပေါင်း ၃၇၅ ကျောင်းရှိပါတယ်။ ကျောင်းသားသတ်မှတ်ချက်မပြည့်သော်လည်း ဆက်သွယ်မှု ဝေးလံခေါင်းပါးခြင်း၊ သဘာဝအတားအဆီးရှိခြင်းစသည့်အခက်အခဲများကိုမူတည်ပြီးမှ ၇၅ ကျောင်းကို အထက်တန်းကျောင်းခွဲပေးဖို့လျာထားပါတယ်။ ယခုတင်ပြတဲ့ကျောင်းကတော့ သတ်မှတ်အရေအတွက် မမီသော်ငြားလည်း သဘာဝအတားအဆီးနှင့် ပင်မကျောင်းနဲ့အလှမ်းကွာဝေးလွန်းမယ့် ဦးစားပေး အစီအစဉ်လျာထားချက်မှာထည့်သွင်းမယ်ဆိုရင် လာမယ့် ၂၀၁၃-၂၀၁၄ စာသင်နှစ်မှာ အ.ထ.က ခွဲ ခွင့်ပြုပေးနိုင်မှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ တစ်ဆက်တည်းပဲ ကျွန်တော် အထက်တန်းကျောင်း များ၊ အလယ်တန်းကျောင်းများနှင့်ပတ်သက်ပြီး လေးနှစ်စီမံချက်နဲ့ဆောင်ရွက်မယ့် အခြေအနေလေးကို အကျဉ်းချုပ်တင်ပြလိုပါတယ်။ အထက်တန်းကျောင်းသား အရေအတွက်နဲ့ လေးနှစ်စီမံချက်အတွက် လျာထားချက်က ၂၆၂ ကျောင်းဖြစ်ပြီးတော့ သတ်မှတ် အရေအတွက်မပြည့်မီသော်လည်း နယ်စပ် ဝေးလံခက်ခဲ၊ အတားအဆီးစသည့်ထူးခြားတဲ့ဖြစ်စဉ်နဲ့ စုစုပေါင်း ၅၂ ကျောင်း၊ အားလုံး Packer အထက်တန်းကျောင်းကပညာသင်နှစ် လေးနှစ်ကာလအတွက် ၃၁၄ ကျောင်းလျာထားစီမံချက် ရေးဆွဲပြီးဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ အလယ်တန်းကျောင်း Packer ၃၈၁ ကျောင်း၊ မူလတန်းကျောင်း Packer ၁၀၁၄ ကျောင်း၊ စုစုပေါင်း ၁၇၀၉ ကျောင်းကို လေးနှစ်ကာလအတွင်းမှာ သူ့စနစ်နဲ့ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒါသည် ကျွန်တော်တို့ အနည်းဆုံးအရေအတွက်သာ ဖြစ်ပါတယ်။ ဒီအရေအတွက်ထက် နိုင်ငံတော် ဘတ်ဂျက်အနေအထား၊ ပြည်သူလူထုက ဒီကျောင်းများရဲ့စာသင်ခုံ၊ ပရိဘောဂ၊ သိပ္ပံခန်းစသည် အားဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုများ ပေါင်းစပ်ပြီးလုပ်မယ်ဆိုရင် လက်ရှိကျောင်းအရေအတွက် ထက်ပိုတဲ့ အရေအတွက်ကို ထပ်မံတိုးမြှင့်ဖို့အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြ လိုပါတယ်။ အလားတူပဲ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်းကျောင်းခွဲ၊ မူလတန်းလွန်ကျောင်းအားလုံးပေါင်း ၂၅၈၆ ကျောင်းကို အဆင့်တိုးမြှင့်ပေးဖို့အတွက် လျာထားပြီး ဖြစ်ပါတယ်။ လေးနှစ်ကာလအတွက် ၄၂၉၅ ကျောင်းကိုလျာထားပြီးဖြစ်ကြောင်းနှင့် ဒီကျောင်း အားလုံးကို လေးနှစ်မပြည့်ခင် နှစ်နှစ် သို့မဟုတ် သုံးနှစ်နဲ့ပြီးအောင်အဆင့် တိုးမြှင့်ဖို့ကိစ္စသည် မိဘပြည်သူများရဲ့ကျောင်းအပေါ် ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာပံ့ပိုးမှုက အဓိကအခန်းကဏ္ဍက ပါဝင် ပါတယ်။ အလားတူ နိုင်ငံတော်ရဲ့စီးပွားဖွံ့ဖြိုးမှုဘဏ္ဍာငွေခွဲဝေပေးနိုင်မှု အပေါ်လည်းမူတည်ပါတယ်။ လောလောဆယ် လေးနှစ်အတွက် ဆရာလစာတစ်ခုတည်း ကွာခြားငွေသည် ၁၆ ဘီလီယံ နိုင်ငံတော်ကကျခံသွားမှာဖြစ်ကြောင်း၊ ကျောင်းအဆင့်တိုးခြင်းနှင့် ပတ်သက်၍အကျဉ်းတင်ပြအပ် ပါတယ်။ တစ်ဆက်တည်းပဲ မေတ္တာရပ်ခံတင်ပြလိုတာကတော့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်က ဇွန် ၁ ရက်မှာဖွင့်ပါတယ်။ ကျောင်းအဆင့်တိုးခြင်း၊ ကျောင်းအသစ် Section ပေးခြင်းများသည် ဧပြီလ ကလေးများအောင်စာရင်း မထွက်မီမှာတစ်ပါတည်း မည်သည့်ကျောင်းကတော့ အထက်တန်း ကျောင်းခွဲ၊ မည်သည့်ကျောင်းကတော့ အ.ထ.က Packer ၊ မည်သည့်ကျောင်းကတော့ မူလွန်စသည် အားဖြင့် ပြည်သူလူထုရော၊ ကလေးတွေရော၊ ကျောင်းအချိုးရော ကြေညာနိုင်မယ်ဆိုရင် ကလေးများရဲ့ကျောင်းပြောင်းရွှေ့တာ/အပ်တာ၊ ဆရာဆရာမများခန့်တာအားလုံးသည် အားလုံး ချောမွေ့ပြီးတော့ သူ့ပုံမှန်အတိုင်း လည်ပတ် နိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်မှလွဲ၍ လာမည့်နှစ်မှာလည်း လေးနှစ် Plan ဖြစ်ပြီးတဲ့အတွက် ဇန်နဝါရီလလောက်ဆိုရင် တစ်ပြည်လုံးအချုပ်သည် နိုင်ငံတော်က ပေးနိုင်မည့် ဘတ်ဂျက်အင်အား၊ ခန့်နိုင်မည့်ဆရာ အရေအတွက်၊ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုအင်အားစသည်ဖြင့် အားလုံးပေါင်းတွက်ချက်ပြီးတော့ ဧပြီလဆန်းနဲ့ပဲ ကျွန်တော်တို့ ကျောင်း Section များကို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် တစ်ပြေးညီဖြစ်ပြီးတော့ အကျိုးထိရောက်မှုလည်း ပိုမိုရှိမှာဖြစ်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်။ အခြားတင်ပြရန်မရှိကြောင်း ဖြေကြားပါသည်။
