(င)-ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အမျိုးသား လွှတ်တော်က မဲဆန္ဒသုံးပုံနှစ်ပုံကျော်ဖြင့် ဆုံးဖြတ်ပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စုံစမ်းရေးအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့အားစွပ်စွဲပြစ်တင်ရန် အမျိုးသားလွှတ်တော် ကနေပြီးတော့မှ ဆန္ဒမဲသုံးပုံနှစ်ပုံဖြင့်ဆုံးဖြတ်ပြီး အခြေခံဥပဒေပုဒ်မ ၃၀၂ နှင့်အညီ ပြည်သူ့လွှတ်တော်ကို ပေးပို့ လာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၁၊ ပုဒ်မ ၃၀၂ နှင့်အညီ ပြည်သူ့လွှတ်တော်ကနေပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစစ်ဆေးဆောင်ရွက်တယ် ဆိုတာ သိနေရပါတယ်။ သို့ဖြစ်ပါ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ လုပ်ငန်းဆောင်ရွက်မှုအွခေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသိရှိနိုင်ရန်အတွက် ဖြေကြားပေးနိုင်ရန် လေးစားစွာ မေးမြန်း အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၂ဖြင့် ၂၉-၈-၂၀၁၂ ရက်နေ့က သတ်မှတ်ပေးခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စွပ်စွဲခံရသူများအား ၃-၉-၂၀၁၂ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ကြောင်းနေရာနှင့် အချိန်အတိအကျ အကြောင်းကြားဖိတ်ခေါ် ခဲ့ပါသည်။ သို့ရာတွင် ရုံးတက်၊ ရုံးဆင်းအချိန်ပြည့် ရုံးခန်းဖွင့်လှစ် စောင့်ဆိုင်းခဲ့ပါသော်လည်း စွပ်စွဲခံရသူတစ်ဦးတစ်ယောက်မှ ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း လာရောက်စစ်ဆေးခံခြင်း မရှိခဲ့ပါ။ ယနေ့တွင် စွပ်စွဲခံရသူများက စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးကို ကန့်ကွက်ကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် ပေးပို့ ထားသဖြင့် စုံစမ်းစစ်ဆေးခြင်းကိုဆိုင်းငံ့ရန် ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားခဲ့ပါသည်။ သို့ရာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အဆိုပါကန့်ကွက်ချက်နှင့်ဆိုင်းငံ့ရန် တင်ပြချက်များသည် အကျိုးအကြောင်း ခိုင်လုံမှုမရှိခြင်းကြောင့် လက်မခံခဲ့ပါ။ သို့တိုင်အောင် စွပ်စွဲခံရသူများအပေါ် သဘောထားကြီးစွာ ငဲ့ညှာသောအားဖြင့် ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအစား ဥက္ကဋ္ဌဦးသိန်းဆွေဖြင့် အစားထိုးပြောင်းလဲခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ၄-၉-၂၀၁၂ ရက်နေ့အထိ ရုံးချိန်အပြည့် စောင့်ဆိုင်းသော်လည်း စွပ်စွဲခံရသူများသည် လူကိုယ်တိုင်လာရောက်ခြင်းသော်လည်းကောင်း၊ စာဖြင့် ဖြေရှင်းတင်ပြခြင်း သော်လည်းကောင်း မပြုလုပ်ခဲ့ကြပါ။ စွပ်စွဲခံရသူများ၏ ဤသို့ပြုမူမှုသည် ပြည်သူ့လွှတ်တော်ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကိုလည်းကောင်း ဖွဲ့စည်းပုံအွခေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်းကောင်း မခန့်လေးစားပြုမူခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။ ထို့ကြောင့် စွပ်စွဲခံရသူများက ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ၅-၉-၂၀၁၂ နေ့တွင် အစစ်ဆေးခံရန်ပျက်ကွက်လျှင် ညွှန်ကြားချက်အမှတ် ၁/၂၀၁၂ နှင့်အညီ ညွှန်ကြားချက်ပါ စုံစမ်းရေးအဆင့်အချို့ကို လိုက်နာရခြင်းမှ ခြွင်းချက်ပြုကာ စုံစမ်း စစ်ဆေးမှုပြီးဆုံးသည့်အနေဖြင့် သတ်မှတ်ရန်သာရှိပါသည်။ သို့ပါ၍အဖွဲ့၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှ အဆုံးအဖြတ်ခံယူရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
