(ဃ)-စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခဲ့သည့် ယင်းကန့်ကွက်ချက်အပေါ် ဥပဒေရေးရာ ကော်မရှင် အနေဖြင့် မည်သို့သုံးသပ်ရရှိကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၅.၉.၂၀၁၂)

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ        ၃ ရက် သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) တွင် ပြည်သူ့လွှတ်တော်ကစုံစမ်းရေးအဖွဲ့ဖွဲ့စည်းရာမှာ စွပ်စွဲ ပြစ်တင်ရန်လက်မှတ်ရေးထိုးခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးတို့အနက်မှ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခြင်းမပြုနိုင်ကြောင်းနှင့် ပြည်သူ့ လွှတ်တော်မှ ဖွဲ့စည်းထားတဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့်အဖွဲ့ဝင်များကို ကန့်ကွက် ခဲ့သည်ဟု ၄-၉-၂၀၁၂ ရက်နေ့ထုတ်သတင်းစာများတွင် ကျွန်တော်ဖတ်ရှုတွေ့ရှိခဲ့ရပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယင်းကန့်ကွက်ချက်အပေါ် ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်အနေဖြင့် မည်သို့သုံးသပ်ရရှိကြောင်းကိုသိရှိလိုပါ၍ မေးမြန်းပါသည်။


ဖြေကြားသူ
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးမန်းမောင်မောင်ဉာဏ်
အဖြေ

ပထမအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကသတင်းထုတ်ပြန်တဲ့ (၂/၂၀၁၂) စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌကို အဖွဲ့ဝင်များဘက်ကနေကန့်ကွက်ထားတဲ့စာကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒုတိယတစ်ချက်က ဒီကန့်ကွက်စာရဲ့အပိုဒ် ၂ မှာ ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း တဲ့နေရာမှာ ထိုပုဂ္ဂိုလ် ၃၀၁ ဦးက စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်သော်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း ဆောင်ရွက်ခြင်း မပြုနိုင်ပါ။ ဤသဘောတရားကို ပြစ်မှုဆိုင်ရ ာဥပဒေကျင့်ထုံး၊ ပုဒ်မ ၅၅၆ တွင်လည်းကောင်း၊ ယခင် နိုင်ငံတော်ကောင်စီရုံးမှထုတ်ပြန်သည့် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲစာအုပ်အပိုဒ် ၄၁ တွင်လည်းကောင်းပြဆိုထားပါသည်လို့ ဖော်ပြထားပါတယ်။ PREM'S Law of Habeas Corpus, Certiorari, Mandamus and Emergency Legislation မှာလေ့လာတဲ့အခါကျတော့ ဘယ်သူမှမိမိပါဝင်ပတ်သက်နေတဲ့ အမှုကိစ္စမှာပါဝင်စီရင်ဆုံးဖြတ်ခြင်း မရှိစေရလို့ အဓိပ္ပာယ်ဖော်ပြထားတာရှိပါတယ်။ ဒီဥပဒေ တစ်ရပ်လုံးဟာ တစ်ကမ္ဘာလုံးရဲ့ တရားမျှတသောတရားစီရင်ရေးမှာ အထွတ်အထိပ်သတ်မှတ်ထားတဲ့ ဥပဒေမူသဘောတရားဖြစ်တယ် လို့ဖော်ပြထားပါတယ်။ Rule of Natural Justice သဘာဝ သဘောတရားမှာ တရားမျှတမှုဆိုင်ရာ နည်းဥပဒေတွေမှာ လက်တင်ဘာသာဖြင့် ရေးထားတာ ရှိပါတယ်။ (Nemo Judex in Causa Sua ) (No Man Shall be Judged in his Own Case အဓိပ္ပာယ်ကတော့ ဘယ်သူမှမိမိအကျိုးစီးပွားနှင်‌့ သက်ဆိုင်တဲ့အမှုကိစ္စတွေမှာ စီရင်ဆုံးဖြတ်ခြင်း မပြုရဘူးလို့ အဓိပ္ပာယ်ဖော်ပြထားပါတယ်။ ဒီနေရာမှာ အထက်ပါသဘောတရားမှာ တရားစီရင်ရေးကိစ္စနှင့်စပ်လျဉ်းပြီးတော့ Judge and Magistrate အဲ့ဒီအပေါ်မှာပဲ သဘောတရား အရ စောင့်ထိန်းရတဲ့ ထိန်းကွပ်တဲ့သဘော၊ တရားစီရင်ရေးဆိုင်ရာမူ တစ်ရပ်သာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိစ္စရပ်များနှင့်ပတ်သက်ပြီးတော့ လုံးဝမသက်ဆိုင်ပါဘူး။ နောက်တစ်ချက်က အဲ့ဒီကန့်ကွက်လွှာမှာ ပြစ်မှုဆိုင်ရာကျင်‌့ထုံးဥပဒေပုဒ်မ ၅၅၆ မှာလည်းပဲ တရားသူကြီးကိုယ်တိုင် အမှုသည်ဖြစ်နေတဲ့ကိစ္စ သို့မဟုတ် ၎င်းပုဂ္ဂိုလ်ဆိုင်ရာအကျိုးစီးပွား Personal Interest ပါဝင်နေတဲ့ အမှုများကို စစ်ဆေးဆုံးဖြတ်ခြင်းမပြုရန်နှင့် မိမိကိုယ်တိုင်တရားစီရင် ဆုံးဖြတ်ခဲ့တဲ့အမှုများအပေါ်မှာ အယူခံမှုကိုစစ်ဆေးစီရင်ဆုံးဖြတ်ခြင်းမပြုရန် တားမြစ်ထားတာဖြစ်ပါတယ်။ နောက် အဲ့ဒီအမှုကိစ္စ တရားစီရင်ရေးဆိုင်ရာကိစ္စမဟုတ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာ ဆောင်ရွက်ရန်သာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအပေါ် စွပ်စွဲပြစ်တင်ခြင်းအဆိုကို အမျိုးသားလွှတ်တော်က စတင် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၁၊ ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၃၄ တို့အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံကျော်က အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၁၊ ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၃၄ တို့အရ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ ကြားနာခြင်း၊ ဆုံးဖြတ်ခြင်းတို့နှင့် စပ်လျဉ်းပြီးတော့ ပြဋ္ဌာန်းတဲ့အချက်တွေကို နည်းနည်းတင်ပြပါ့မယ်။ (၁) ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီးတော့ မိမိတို့စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော် အကြီးအမှူးထံ တင်ပြရပါမယ်။ နံပါတ်(၂) အဲ့ဒီစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်က လွှတ်တော် ကိုယ်စားလှယ်များရဲ့ စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထောက်ခံလာလို့ရှိရင် ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်ရမယ်။ နံပါတ်(၃) လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ဖို့အတွက် ထောက်ခံလာလို့ရှိရင် အခြားလွှတ်တော်တစ်ရပ်က အဲ့ဒီစွပ်စွဲချက်ကို အဖွဲ့ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသားလွှတ်တော်က စွပ်စွဲပြစ်တင်မှုအဆိုကို အတည်ပြုဆုံးဖြတ်ပြီးတော့ အဲ့ဒီစွပ်စွဲချက်ကို ပြည်သူ့လွှတ်တော်က ကြားနာဆုံးဖြတ်ရမှာ အခြေခံဥပဒေပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းမှာလည်းပဲ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုးထားသည်ဆိုသော်လည်းပဲ အဆို စတင်စဉ်တုန်းက ပြည်သူ့လွှတ်တော်က ပြုလုပ်ခဲခြင်းမဟုတ်ပါဘူး။ အမျိုးသားလွှတ်တော်က ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ Personal Interest မဟုတ်ပါဘူး။ အမှုတွင်ပါဝင်တဲ့အမှုသည်များလည်း မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုသူများပဲဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ ကိုယ်စားလှယ်များ သာဖြစ်ရာ ကန့်ကွက်ချက်သည် ကြောင်းကျိုးဆီလျော်မှုမရှိပါ။ တရားစီရင်ရေးမှုခင်းကိစ္စမျိုးလည်း မဟုတ်ပါ။ ဒါကြောင့် စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များအပေါ်မှာကန့်ကွက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ သဘာဝတရားမျှတမှုဥပဒေသဘောနှင့်မူသဘော နှင့်လည်း ဆန့်ကျင်မှုဖြစ်နေကြောင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၅၆ ပြဋ္ဌာန်းချက်၊ ဝန်ထမ်း စည်းကမ်း ထိန်းသိမ်းရေးလက်စွဲစာအုပ်အပိုဒ် ၄၁ နှင်‌့လည်းကောင်း သက်ဆိုင်မှုမရှိကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးအဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေးမှုကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သုံးသပ်ရရှိချက်ကို ပြည်သူ့လွှတ်တော်သို့ အသေးစိတ် အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်အဆုံးအဖြတ်ကို ခံယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။