ပြည်သူ့လွှတ်တော် ဥပဒေရေးရာကော်မရှင်အနေဖြင့် ၂-၉-၂၀၁၂ မြန်မာ့ အလင်းသတင်းစာနှင့် ၄-၉-၂၀၁၂ မြဝတီသတင်းစာတို့မှာ ဒေါက်တာမာလာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရေးသားသည့် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖတ်ရှုပြီးပါပြီလား။ ဖတ်ရှုပြီးပြီဆိုပါ က ထိုဆောင်းပါးအပေါ် ဥပဒေရေးရာကော်မရှင်အနေနှင့် မည်ကဲ့သို့ ထင်မြင်ပါသလဲ။ မေးခွန်း (၂) ဒေါက်တာမာလာအောင်သည် ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဟု ဖော်ပြထား ပါတယ်။ ဤပုဂ္ဂိုလ်သည် တက္ကသိုလ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေခြင်း ဟုတ်၊ မဟုတ်နှင့် ဟုတ် လျှင် ဒေါက်တာမာလာအောင်၏ ရေးသားဖော်ပြချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ သဘောထားမှတ်ချက်ပြုသည်ကို သိရှိလိုကြောင်း တင်ပြအပ်ပါတယ်။
ပြည်သူ့လွှတ်တော်ခန်းမတွင်းမှာ ပြန်ကြားရေးဒုတိယဝန်ကြီးလည်း ရောက်ရှိနေတဲ့အတွက် ပြန်ကြားရေး ဆိုင်ရာမေးခွန်းကို ဆက်လက်မေးမြန်းတင်ပြခွင့်ပြုပါရန် လေးစားစွာ ခွင့်တောင်းခံအပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလိုအခြေအနေမျိုးမှာ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုကိုတွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်/မဟုတ် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဥပဒေပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်က မူလကဆိုလို့ရှိရင် ဒဿနိကဗေဒနဲ့ မဟာ ဝိဇ္ဇာဘွဲ့ရအောင် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားပြီးတဲ့ နောက်ပိုင်းမှာမှ ဥပဒေပညာကိုသင်ယူပြီး နှစ်ပေါင်း ၃၀ ကျော်လောက် ဥပဒေပညာနဲ့အသက် မွေးဝမ်းကျောင်းနေတဲ့ ရှေ့နေတစ်ဦးပါ။ ဒါပေမယ့် ဒီဥပဒေရေးရာကော်မရှင်မှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေရေးရာကော်မရှင်မှာပါဝင်တဲ့ ကော်မရှင်အဖွဲ့ဝင်များနဲ့ တိုင်ပင်ပြီး ဒီဆွေးနွေးတိုင်ပင်ချက်ကို အခြေခံပြုပြီး ဦးသိန်းထွန်းဦးရဲ့ မေးမြန်းချက်ကို ဖြေကြားပါ့မယ်။ ၂-၉-၂၀၁၂ ရက်နေ့ မြန်မာ့အလင်းသတင်းစာနှင့် ၄ - ၉ - ၂၀၁၂ ရက်နေ့ မြဝတီသတင်းစာတို့မှာ ဒေါက်တာမာလာအောင် အမည်နဲ့ရေးသားတဲ့ဆောင်းပါးကို ကျွန်တော်ဖတ်မိပါတယ်။ ဒီဆောင်းပါးပါ အကြောင်းအရာများကို လွှတ်တော်မှာ တင်ပြခွင့်ရလို့ရှိရင် တင်ပြနိုင်အောင်ဆိုပြီးတော့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ဥပဒေရေးရာကော်မရှင်မှာလည်း ကျွန်တော်တို့ ယခင်ကပင်ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ရေးသားထားတာတွေကို ကျွန်တော်တို့လေ့လာလိုက်တဲ့အခါ ဆောင်းပါးဟာ တဖက်သတ်အမြင်၊ မှန်ကန်မှုမရှိတဲ့အမြင်တို့ဖြင့် တြင်ပထားတာဖြစ်ပါတယ်။ ဆောင်းပါးရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အရေးပါပုံကို တင်စားဖော်ပြထားပြီး လွယ်လင့်တကူ ပြင်ဆင်နိုင်သည့် အလေ့အထမရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင် ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကောင်းစွာနားမလည်တဲ့အတွက်ကြောင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မျက်ကွယ်ပြုရေးသားထားတာတွေလည်း တွေ့ရပါတယ်။ ဆောင်းပါးရှင်အနေနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတာကို ခွဲခြားပြီးတော့ လေ့လာ ထားပုံမရဘူးဆိုတာ တွေ့ရပါတယ်။ သူ့ရဲ့ဆောင်းပါးမှာ တရားရုံးများ၊ ခုံရုံးများသို့ အဆုံးအဖြတ် ခံယူရန် တင်သွင်းလျောက်ထားခြင်းဟာ အဆိုပါခုံရုံးများရဲ့ အဆုံးအဖြတ်ကို လိုက်နာပါမည်လို့ သဘောတူညီချက်ပေးရာရောက်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်နိုင်ငံအကြားမှာ ရေနယ်နိမိတ်သတ်မှတ်ရေးကိစ္စမှာ ဖြစ်ပွားခဲ့တဲ့အမှုကို ဥပမာပေးထားပါတယ်။ ဒီဥပမာနဲ့ အခု ကျွန်တော်တို့ လွှတ်တော်အသီးသီးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့ကြားမှာ ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေ ဘာမှမဆိုင်ပါဘူး။ အဲဒီနှစ်နိုင်ငံအမှုဟာ အပြည်ပြည်ဆိုင်ရာဥပဒေအရ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနဲ့သက်ဆိုင်ပြီးတော့ အခု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးရဲ့ လွှတ်တော်ကော်မတီနှင့် ကော်မရှင်များရဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဖြစ်၊ မဖြစ်ဆိုသော စကားရပ် အပေါ်မှာ အနက်အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အဆုံးအဖြတ်ကို တရားဝင်ပြစ်တင်ဝေဖန်ခြင်း ပြုလုပ်တာ တရားရုံးအားမထီမဲ့မြင်ပြုမှု ( Contempt of Court ) ွဖင့် တရားစွဲဆိုခြင်း ခံရနိုင်တယ်လို့ ရေးသားပါတယ်။ ဒီလိုရေးသားထားတာ ဘာမှမဆိုင်တဲ့ဥပမာကို ပေးလိုက်တာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သုံးသပ်တွေ့ရှိရပါတယ်။ ခုံရုံးကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မလိုက်နာဘဲ စွပ်စွဲပြစ်တြင်ခင်းဟာ တရားရုံးများကို မထီမဲ့မြင်ပြုမှုကို ဦးတည်နေတယ်လို့ စွပ်စွဲ ထားတာကိုလည်း တွေ့ရပါတယ်။ ဒီကိစ္စဟာ သာမန်တရားရုံး လုပ်နည်းလုပ်ဟန်ကိစ္စမျိုး မဟုတ်ပါဘူး။ ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံအွခေခံဥပဒေကိစ္စ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စု တရားသူကြီးတွေကိုပင် ဒီပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်မှုတွေဟာ ဥပဒေနှင့်ကင်းကွာနေလို့ရှိလျှင် စွပ်စွဲပြစ်တင်၊ အရေးယူ ဆောင်ရွက်နိုြင်ခင်း ပြုလုပ်နိုင်ပါတယ်။ ဒီလိုဆောင်ရွက်တာကို သာမန် တရားရုံးများ မထီမဲ့မြင်ပြုမှုကိစ္စနဲ့ နိုင်းယှဉ်ရေးသားတာကတော့ အလွန်မှအရုပ်ဆိုးလှပါတယ်။ မစပ်ဟပ်တဲ့ ကိစ္စတစ်ခုလို့ပဲ ကျွန်တော်တို့ သုံးသပ်ရရှိကြောင်း တင်ပြလိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေက လွှတ်တော်များကိုသာ စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို ပေးထားတာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့တာဝန်ကို မကျေပွန်တဲ့အတွက် စွပ်စွဲပြစ်တင်ခြင်းကို ဆောင်ရွက်တာွဖစ်တယ်။ ဆောင်းပါးရှင်ရဲ့ ရေးသား ချက်ကိုကြည့်လို့ရှိရင် ဒီရေးသားချက်ဟာ ဥပဒေပညာရှင်များနဲ့ ဥပဒေလောကသားတစ်ခုလုံးကို အထင်အမြင်သေးစေတဲ့လုပ်ဆောင်ချက် ဖြစ်တယ်ဆိုတာလည်း တွေ့ရပါတယ်။ လွှတ်တော်များ ကိုလည်း သတင်းစာဖတ်ပြည်သူများက အထင်အမြင်လွဲမှားစေနိုင်အောင် လုပ်တဲ့လုပ်ရပ်လို့လည်း ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်။ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ နိုင်ငံတော် ပိုင်သတင်းစာမှာ ပါရှိလာတဲ့ ဥပဒေဆောင်းပါးအဆင့်အတန်း ဒီလိုထိုက်တန်တဲ့ အဆင့်အတန်း မဟုတ်တာလည်း သုံးသပ်ရကြောင်း တွေ့ရပါတယ်။
ကော်မရှင်မှာပါဝင်တဲ့ ပြည်သူ့ကိုယ်စားလှယ်မဟုတ်တဲ့ နိုင်ငံသားများရဲ့ မှားယွင်းစွာအကြံပြုမှုအတွက် ၎င်းတို့၏တာဝန်ကို မည်သူခံယူပါမည်လဲလို့ ဆောင်းပါးရှင်က မေးခွန်း ထုတ်ထားပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၂ ပုဒ်မခွဲ(ဃ)၊ ပုဒ်မ ၁၁၅ နှင့် ၁၁၈ တို့နှင့် အညီ ဆောင်ရွက်တာဖြစ်လို့ လွှတ်တော်ရဲ့လုပ်ငန်းကို ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာတာဝန်မှမရှိကြောင်းကိုလည်း ွဖေကြားလိုပါတယ်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်တွေ ကို သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ဥပဒေရေးရာ၊ အပြည်ပြည်ဆိုင်ရာ၊ နိုင်ငံရေးရာ၊ လူမှုရေးရာနှင့် စီးပွားရေးရာ ပညာရှင်များနဲ့ အတွေ့အကြုံရှိသူများကို ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကော်မရှင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ နိုင်ငံသားများ ပညာရှင်များ လည်း ပါဝင်ကြပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းနဲ့ စုပေါင်းတာဝန်ယူညှိနှိုင်းကြမှုနှင့် ဆောင်ရွက်မှု တွေလည်း ရှိကြပါတယ်။ ဖွဲ့စည်းပုံအွခေခံဥပဒေရဲ့ အနှစ်သာရဖြစ်တဲ့ အပြန်အလှန် ထိန်းကျောင်းမှု ယန္တရားနှင့် ညီမျှစေတဲ့ချိန်ခွင်လျှာကို ပျက်စီးစေတာလည်းခုံရုံးရဲ့ လုပ်ဆောင်ချက် ဖြစ်တယ်ဆိုတာကို တင်ပြလိုပါတယ်။ လွှတ်တော်မှာ ကော်မတီ၊ ကော်မရှင်များဟာ ခုံရုံးဆုံးဖြတ်ထားသလို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းမဟုတ်လို့ရှိရင် ဝန်ကြီးဌာနများရဲ့ ဆောင်ရွက်ချက်တွေကို Check and Balance ဘယ်လိုလုပ်နိုင်ပါ့မလဲ။ ဒါထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ လွှတ်တော်ဆိုတာ ပြည်သူလူထုရဲ့အဓိက လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေးကဏ္ဍများနဲ့ပတ်သက်လို့ ဥပဒေပြုရေးဆိုင်ရာ အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ရတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာလည်း သုံးသပ်တင်ပြလိုပါတယ်။
လွှတ်တော်နဲ့ လွှတ်တော်ကော်မတီများရဲ့ အဆင့်အနေအထားကို ဆောင်းပါးရှင်က ကိုယ်တိုင် သတ်မှတ်ပြီး ထင်မြင်ချက်ကို ဖော်ပြထားခြင်းကိုလည်း ကျွန်တော်တို့ တွေ့မြင်ရပါတယ်။ အမှန် ကတော့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(စ)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဇ)၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ဇ)၊ ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဃ)တို့မှာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆိုတဲ့အဓိပ္ပာယ်ကို အတိအလင်းဖွင့်ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင်က ဥပဒေပြဋ္ဌာန်းချက်တွေကို အသိအမှတ်မပြုပဲနဲ့ ရေးသားထားတယ်ဆိုတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပြင် နောက်ထပ်ပြဋ္ဌာန်းဥပဒေတွေ ရှိပါတယ်။ ဒီဥပဒေတွေမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုပြီး ဥပဒေမှာ သေသေချာချာ ခွဲခြားပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဆောင်းပါးရှင်က ဒါကိုမသိဘူးနဲ့ တူပါတယ်ခင်ဗျား။ ဆောင်းပါးရှင်ရဲ့အမြင်ဟာ တစ်ဖက်သက် အမြင်နဲ့မှားယွင်းတဲ့ ဆောင်းပါးကိုရေးသားထားတာဖြစ်ပါတယ်။ ဥပဒေပညာရှင်များနှင့် ဥပဒေ လောကတစ်ခုလုံးကို အရှက်ရစေတဲ့ ဆောင်းပါးလို့ပြောရင်လည်း မမှားပါဘူး။ ဒီဆောင်းပါးဟာ နိုင်ငံတော်ပိုင်သတင်းစာနှစ်စောင်မှာ ပါရှိလာတာကလည်း ဆောင်းပါး ရဲ့နောက်ကွယ်မှာ ပယောဂ တစ်စုံတရာများရှိနေသလားလို့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဒီလို အချိန်အခါမျိုးမှာ မီးလောင်ရာလေပင်၊့ ပွဲလန့်တုန်းဖျာခင်း မပြုလုပ်သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ မေးခွန်းထဲက အပိုဒ်(ခ) ဒေါက်တာမာလာအောင်သည် ဒုတိယပါမောက္ခချုပ် တာဝန်ဖြင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါတယ်။ ဒုတိယအချက်နဲ့ ပတ်သက်လို့ ဆောင်းပါးအတွက် ဝန်ကြီးဌာနအနေဖြင့် သီးခြားညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိပါကြောင်း၊
နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုကိုတွက်ဆပြီး ဖော်ပြပေးခြင်းဟုတ်/မဟုတ် သိလိုပါသည်လို့ဆိုသည့် မေးခွန်းနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနက ဖြေဆိုနိုင်က ဖြေဆိုပေးရန် ဖိတ်ခေါ်အပ်ပါကြောင်း၊
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စု အဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆောင်းပါးနှင့်ပတ်သက်၍ ၅-၉-၂၀၁၂ ပြည်သူ့ လွှတ်တော် အစည်းအဝေးနှင့်ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ဖြေကြား ပေးရန်ရှိကြောင်း အကြောင်းကြားချက်ကို ၄-၉-၂၀၁၂ ရက်နေ့ ည ၈ နာရီမှာ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးရုံးက လက်ခံရရှိခဲ့ပါတယ်။ လွှတ်တော်ရဲ့မေးခွန်းများကို ွဖေကြားရာမှာ တိကျ မှန်ကန်မှုရှိဖို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိရှိလိုတဲ့အချက်အလက်ကို ပြည့်ပြည့်စုံစုံပါဝင် နိုင်ဖို့အတွက် လိုက်နာရမယ့်အချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂-၁-၂၀၁၂ ပါ ရက်စွဲပါ စာအမှတ် ၂၁/ ၂၃၇ / အထွေထွေ အ.ဖ.ရ/၂၀၁၂ အရ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၏မေးခွန်းကို ဖြေကြားရမယ့်ကိစ္စဟာ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ပြီးမှသာ ပြည်သူ့လွှတ်တော်သို့ ပြည့်ပြည့်စုံစုံပြန်လည်ဖြေကြား ခွင့်ပြုပါရန် ဖြေကြားပါသည်။
ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ(ဃ)အရ ပြန်ကြားရေးဝန်ကြီးအား ကျွန်တော့်အနေနဲ့ တစ်ဆက်တစ်စပ်တည်းမေးခွန်းကို မေးမြန်းတင်ပြခွင့်ပြုပါခင်ဗျား။ ကျွန်တော့်ရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ မည်သည့်ရက်လောက်မှာ ပြန်လည်ဖြေကြားပေးမည်ကိုသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်
ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့လည်း ပြည့်ပြည့်စုံစုံပြန်လည်ဖြေကြားနိုင်ဖို့ ကြိုးစား ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လာမယ့်အပတ် တနင်္လာနေ့မှာ ကျင်းပမယ့် အစည်းအဝေးကျမှ ဖြေကြားခွင့်ပြုပါရန် ဖြေကြားပါသည်။
