(ဇ)-သဘာဝငါးမွေးကန်များသဖွယ်ဖြစ်နေသောမြစ် ကြီး၊ မြစ်ငယ်၊ချောင်းကြီး၊ချောင်းငယ်များအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးမည့် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၂.၇.၂၀၁၄)

ဦးအေး (ဟုမ္မလင်း) မြန်မာနိုင်ငံတွင် နှစ်စဉ်ငါးရစ်၊ ငါးသန်ကာလတွင် သတ်မှတ်ထားသော မေ၊ ဇွန်၊ စက်တင်ဘာအထိ ငါးများဖမ်းဆီးခြင်းမပြုရန်  တားမြစ်ထားပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ် အမိန့်ကြေညာချက်ထုတ်ပြန်လျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံနှင့်အဝှမ်း ဧရာဝတီ၊ ချင်းတွင်းနှင့် အခြားမြစ်များ ချောင်းများတွင် တားမြစ်မှုကို ချိုးဖောက်ပြီး အုပ်စုဖွဲ့ပြီး ဘက်ထရီရှော့ခ်တိုက်သည့် ငါးဖမ်းခြင်းလုပ်ငန်းများကို လုပ်ကိုင်နေကြပါကြောင်း၊ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်းသည် ငါးရွေးချယ် ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ငါးအရွယ်မျိုးစုံ၊ ရေနေသတ္တဝါမျိုးစုံ သေကြေပျက်စီးကြရပါကြောင်း၊ ယင်းကဲ့သို့ ဖမ်းဆီးခြင်းကို ကြေညာချက်တုတ်ပြန်ရုံဖြင့် တားဆီး၍မရနိုင်သဖြင့် ရေလုပ်သားများကို အုပ်စုလိုက် ပညာပေးခြင်း ဆောင်ရွက်ပြီး၊ ပညာပေးကာလ ကုန်ဆုံးသည့်အခါ  ဖမ်းဆီးအရေးယူ အပြစ်ပေးသင်‌့ပါကြောင်း၊ ယင်းဘက်ထရီရှောခ့်တိုက် အဖွဲ့များသည် ငါးလုပ်ငန်းဦးစီးဌာနတစ်ခုတည်းဖြင့် တားဆီး၍မရနိုင်ပါသောကြောင့် အချို့အဖွဲ့များတွင် တုန့်ပြန်ရန် လက်နက်များပင် အဆင်‌သင့်ဆောင်ထားကြပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သင်‌့ပါကြောင်း၊ သို့မှသာ ရိုးသားစွာ ဥပဒေအတွင်းလိုက်နာသော ရေလုပ်သားများအတွက် ကူညီပေးရာ ရောက်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းကို တားမြစ်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အတွင်း သဘာဝငါးမွေးကန်ကြီးများသဖွယ် ဖြစ်တည်နေကြသည် မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းငယ်များအတွင်းသို့ စီမံချက်ချပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငါးမျိုးများ စိုက်ထည့်ပေးသင့်ပါကြောင်း၊ ဂရန်ပေါက်အင်းများတွင် လေလံအောင်လုပ်ငန်းရှင်များက အင်းများကို စောင်‌့ရှောက်ခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်နေသည့်အတွက် အင်းကြီးများအတွက် လိုအပ်မှုရှိလာမည်မဟုတ်ပါကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ပေးပါက ငါးသယံဇာတပေါများလာပြီး၊ နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမူဝါဒကိုလည်း ကူညီရာရောက်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငါးမျိုး အလွန်ပြုန်းတီးစေသော ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်းကို တားဆီးရန် စီမံချက်ချဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် သဘာဝငါးမွေးကန်ကြီးသဖွယ် ဖြစ်တည်နေသော မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းကြီး၊ ချောင်းငယ်များအတွင်းသို့ ငါးမျိုးများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် စီမံချက်ချမှတ်၍ စိုက်ထည့်ပေးမည့် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေးဘက်ထရီရှောခ့်တိုက်ငါးဖမ်းခြင်းသည် ငါးမျိုး အလွန်ပြုန်းတီးစေသော  ငါးဖမ်းနည်းစနစ်တစ်ခုဖြစ်သည့်အတွက် ငါးလုပ်ငန်း ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများက စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေနှင့်တားမြစ်ခြင်း၊ ဥပဒေဖောက်ဖျက်ကျူးလွန်မှုများကို အရေးယူဆောင်ရွက်ခြင်း၊ ကွင်းဆင်းပညာပေးစည်းရုံး ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၈၈ ဇယား ၂ (၃) (စ) အရ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ရေးဆွဲအတည်ပြုထားသော ရေချိုငါးလုပ်ငန်းဥပဒေပါ တားမြစ်ချက်၊ ပြစ်ဒဏ်များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ဥပဒေအတည်မပြုရသေးသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တည်ဆဲရေချိုငါးလုပ်ငန်း ဥပဒေ (၁၉၉၁ ခုနှစ်) ပါဖော်ပြချက်များနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးခြင်းအပါအဝင် ငါးသယံဇာတပြုန်းတီးစေသော ငါးဖမ်းနည်းစနစ်၊ ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်း တားမြစ်ငါးဖမ်းကာလတွင် ငါးဖမ်းဆီးခြင်းများမပြုရန် တိုင်းဒေသကြီး/ပြည်နယ်များ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွ့ဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်အထောက်အကူပြု ကော်မတီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအဆင်‌့ အထောက်အကူပြုကော်မတီများနှင့် ညှိနှိုင်း ပေါင်းစပ်ပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ရေလုပ်သားများကို ကွင်းဆင်းပြီး ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာ စိုက်ထူခြင်း၊ TV-ရေဒီယို-သတင်းစာများမှ အမိန့်ကြော်ငြာစာများ၊ ဆောင်ပုဒ်များ၊ ပညာပေးဇာတ်လမ်းများထုတ်ပြန်ခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို  စည်းရုံးဆောင်ရွက်လျက် ရှိပါကြောင်း၊  ၂၀၁၃-၁၄ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဥပဒေနှင့် တားမြစ်အရေးယူ ဆောင်ရွက်မှု၊ ကွင်းဆင်းစစ်ဆေးပညာပေးမှုများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြစ်ချောင်းများ၊ သဘာဝရေကန်အင်းများတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင်‌့ကျေးရွာအုပ်ချုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများအား ရေချို ငါးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေချိုငါးလုပ်ငန်း ရေပြင်အတွင်း သဘာဝငါးမျိုးများအပြင် မွေးမြူရေး ငါးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ ငါးအထွက်နှုန်းတိုးစေရေး၊ ကျေးလက်နေတောင်သူများ ဟင်းစား ရရှိနိုင်ရေးအတွက် ဌာနပိုင်ငါးသားပေါက်စခန်း ၂၆ ခုမှ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငါးမျိုးစိုက်ထည့်မှုလုပ်ငန်းများကို ၂၀၀၀-၂၀၀၁ ခုနှစ် ကစပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊          သဘာဝမြစ်ချောင်းများအတွင်း ငါးသားပေါက်စိုက်ထည့်မှု၊ ဧရာဝတီမြစ်အတွင်း ငါးသားပေါက်စိုက်ထည့်မှု၊ ဆည်/ရေလှောင်တမံအတွင်း ငါးသားပေါက်စိုက်ထည့်မှု၊ စပါးခင်းများ အတွင်း ငါးသားပေါက်စိုက်ထည့်မှု၊ ဂရန်အင်းများအတွင်း ငါးသားပေါက်စိုက်ထည့်မှု၊ တပ်မတော်/ဌာနဆိုင်ရာ ငါးမွေးကန်များအတွင်း ငါးမျိုးစိုက်ထည့်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သဘာဝ မြစ်ချောင်းအင်းအိုင်များ၊ ဆည်/ကန်/ရေလှောင်တမံများနှင့်စပါးခင်းများတွင် ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်ဘတ်ဂျက်ဖြင့် စီမံချက်များချမှတ်၍ နှစ်အလိုက်ငါးသားပေါက်များ မျိုးစိုက်ထည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ချောင်းများ အတွင်း ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးခြင်းများအား အသိပညာပေးခြင်း၊ သတင်းရယူခြင်း၊ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းများဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများအား လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။