(ခ)-တစ်မူးမြို့ပေါ်ရှိ ခင်းထားသော ကတ္တရာလမ်းများအား နိုင်ငံတော်အထောက်အပံ့နှင့် ကတ္တရာ ထပ်ပိုးလွှာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးပထမနေ့ (၉.၁.၂၀၁၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ ဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမယ်ဆိုရင် မြို့တွင်းမှာရှိတဲ့ ရေစီးရေလာမြောင်းတွေရဲ့ စနစ်တကျ မကောင်းမှုတို့ကြောင့်မို့လို့ မြို့တွင်းရေလျှံမှု များဖြစ်ပြီး လမ်းများမကြာခဏပျက်စီးလေ့ရှိပါတယ်။ မြို့ပေါ်မှာခင်းထားတဲ့ ကတ္တရာလမ်းဟာလည်းပဲ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့အတွက် အချို့နေရာများဟာ ကတ္တရာမရှိတော့ဘဲ အချို့နေရာများဟာ ဆိုလို့ရှိရင် ပေါက်ပြဲနေပြီ ဖြစ်ပါတယ်။ မြို့တွင်းရဲ့ အဓိကလမ်းမကြီးများဖြစ်ကြတဲ့ မြို့ပတ်လမ်း၊ အလောင်းဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းတွေဟာ တစ်ဖက်အိန္ဒိယနိုင်ငံမှ တမူးမြို့သို့အလည်လာ ရောက်တဲ့အခါ အဓိကသွားလာနေကြတဲ့ လမ်းမကြီးများဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တမူးမြို့နယ်ရဲ့ မြို့နယ်စည်ပင်ရဲ့ ဘတ်ဂျက်တစ်ခုတည်းနဲ့ ဒီလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်ရန် အခက်အခဲများစွာရှိကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီလမ်းတွေကိုနိုင်ငံတော်ရဲ့ အထောက်အပံ့နှင့် ကတ္တရာထပ်ပိုးလွှာခင်းနိုင်ဖို့အတွက် ပြည်သူများက လိုလားလျက်ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ ဒေသခံပြည်သူများရဲ့ကိုယ်စား အောက်ပါမေးခွန်းအားမေးမြန်းအပ်ပါသည်။ အဆိုပါ လမ်းများအား နိုင်ငံတော်အထောက်အပံ့ဖြင့် ကတ္တရာထပ်ပိုးလွှာဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါက မည်သို့စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိလိုပါသဖြင့် မေးမြန်းအပ်ပါတယ် ခင်ဗျား။


 

ဖြေကြားသူ
ဦးသန့်ရှင်း (ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန-၁)
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေမေးမြန်းသည့် တမူးမြို့ပေါ်ရှိ ခင်းထား သော ကတ္တရာလမ်းများအား နိုင်ငံတော်အထောက်အပံ့ဖြင့် ကတ္တရာထပ်ပိုးလွှာဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်မှာ တမူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အကုန်တွင် အဖွဲ့ပိုင်မြို့ပြလမ်းအနေဖြင့် ကတ္တရာလမ်း ၈/၆ မိုင်၊ ကျောက်လမ်း ၆/၀ မိုင်နှင့် မြေသားလမ်း ၄/၂ မိုင်၊ စုစုပေါင်း ၂၅ မိုင်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြို့ပြလမ်းအနေဖြင့် မြေသားလမ်းမှ ကတ္တရာခင်းခြင်း ဝ/၃.၇၆ မိုင်၊ ကျောက်လမ်းမှ ကတ္တရာခင်းခြင်း ဝ/၁.၁၅ မိုင်အား ခွင့်ပြုငွေကျပ် ၂၉.၉၉၉ သန်းဖြင့် လျာထားဆောင်ရွက်လျက် ရှိပါတယ်။
    ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြို့ပြလမ်းအနေဖြင့် ‌ြမေသားလမ်းမကတ္တရာလမ်းခင်းခြင်း ၁/၃.၀၇ မိုင်၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဝ/၁.၁၆ မိုင်၊ ခွင့်ပြုငွေကျပ် ၆၄.၈၅ သန်း ဖြင့်ဆောင်ရွက် ရန် လျာထားပြီးဖြစ်သည့်အပြင် တမူးမြို့နယ် စည်ပင်သာယာရေးအနေဖြင့် အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း နှစ် ၂၀ စီမံကိန်းတွင် ကတ္တရာလမ်းခင်းခြင်း ၂၇/ ၇.၉၃ မိုင်အား ခန့်မှန်း ကုန်ကျငွေကျပ် ၁၆၄၀.၅၆၇ သန်းဖြင့် ဆောင်ရွက်ရန် လျာထားရေးဆွဲပြီး ဖြစ်ပါတယ်။
    ၎င်းအပြင် တမူးမြို့အတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် အဓိကလမ်းမကြီးဖြစ်သော ဗိုလ်ချုပ်လမ်း ၃၃၄၀ပေ၊ အကျယ် ၃၆ ပေ၊ ထု ၃ လက်မ ကတ္တရာထပ်ပိုးလွှာခင်းခြင်းအတွက် ငွေကျပ် ၈၈.၂ သန်း၊ အလောင်းဘုရားလမ်း ၉၅၈၃ပေ၊ အကျယ် ၃၆ပေ၊ ထု ၃ လက်မ ကတ္တရာထပ်ပိုးလွှာခင်း ခြင်းအတွက် ငွေကျပ် ၂၅၃.၀ သန်း၊ မြို့မလမ်း ၃၈၀၀ပေ၊ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းအတွက် ငွေကျပ် ၃၇.၃ သန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နိုင်ရန် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အိန္ဒိယ နိုင်ငံ၏ အကူအညီရရှိရေး စီမံထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ    ။    ။ ဦးသန့်ရှင်းဆွေးနွေးတင်ပြသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အခုစီမံဆောင်ရွက်မှုဟာ သက်ဆိုင်ရာတိုင်းဒေသကြီး ဘတ်ဂျက်ထဲကဆောင်ရွက်တဲ့ကိစ္စ ဟုတ်ပါ သလား။
ဦးသန့်ရှင်း(ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန-၁)။            ။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ဖြေရှင်းတင်ပြချက်ဖြစ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။        ။ ကောင်းပါပြီ။ ဒါ့ကြောင့်မို့လို့ ခုနက ဒုတိယဝန်ကြီးနတလကတော့ ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်နဲ့ သက်ဆိုင်တယ်။ ဒီအပေါ်မူတည်ပြီး ‌ြဖေကြားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဦးသန့်ရှင်းဆွေးနွေးတင်ပြချက်ကိုပဲ မိမိတို့ လွှတ်တော်က အတည်ပြုပြီးတော့ ဒီအတိုင်းဆောင်ရွက်ဖို့ ဆက်လက်ပြီးတော့ ဆောင်ရွက်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။