နေပြည်တော်နယ်မြေအတွင်းရှိ သဘာဝတောင်ကုန်းများမှ မြေများအား စက်ယန္တရားများဖြင့် ဖဲ့ယူ တူးဖော်ခြင်းမပြုဘဲ စိုက်ပျိုးရေးပညာရှင်များအကူအညီဖြင့် တန်ဖိုးရှိနှစ်ရှည်ပင်များ စိုက်ပျိုးရန် စိုက်ပျိုးမည့်စီမံချက်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့ နေပြည်တော်စတင်တည်ဆောက်စဉ်က သန့်ရှင်းရမယ်၊ သပ်ရပ်ရမယ်၊ သာယာရမယ်၊ လှပရမယ်၊ စိမ်းလန်းစိုပြေတဲ့မြို့တော်ဖြစ်ရမယ်ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ မျှော်မှန်းတည်ဆောက်ခဲ့ပါတယ်။ ဝန်ကြီးဌာနရုံးဧရိယာအတွင်းမှာရှိတဲ့ သစ်တော၊ သစ်ပင်တွေ ထိန်းသိမ်းတယ်။ သဘာဝမိုးရေတွေကို အဟောသိကံမဖြစ်စေရန် လျှိုပိတ်ဆည်တွေ တည်ဆောက်ပြီးတော့ ရေသိုလှောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ဧရိယာနှင့် ပတ်ဝန်းကျင်ဧရိယာအတွင်းမှာပေါက်နေတဲ့ ကျွန်း၊ အင်အပါအဝင် သစ်၊ ဝါး များ အရိပ်ရကြီးထွားလာမှုရှိပြီး နေပြည်တော်တစ်ဝိုက် ရာသီဥတုပြောင်းလဲတဲ့အခြေအနေ တဖြည်း ဖြည်းဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိပြည်ထောင်စုအဆင့်ရုံးများ ပတ်ဝန်းကျင်သစ်တော ထိန်းသိမ်းမှုပြုလုပ်တဲ့ အရှိန်အဟုန်လျော့နည်းလာပြီး မြို့တော်အတွင်းမှာရှိတဲ့ လူနေအဆောက်အဦ တွေအတွက် သဘာဝတောင်ကုန်းများမှ မြေများကို ယန္တရားဖြင့် ဖဲ့ယူတူးဖော်မှု၊ အသုံးချမှုကြောင့် သဘာဝသစ်တောသစ်ပင်များ ပျက်စီးမှုရှိသလို သဘာဝတောင်ကုန်းများနှင့်အတူ သစ်တောများ ပျောက်ဆုံးကုန်တဲ့ဖြစ်စဉ်များတွေ့ရပြီး လူနေရပ်ကွက်များ ရာသီဥတုပူလောင်လာခြင်း၊ လေပြင်း တိုက်ခတ်မှုများလာခြင်း၊ မိုးကွက်ကြားရွာခြင်းတို့ဖြစ်လာတာ တွေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုးတက်တဲ့နိုင်ငံတိုင်း မြို့နယ်အတွင်း၊ ရပ်ကွက်အတွင်း၊ ကျေးရွာပတ်လည် အနည်းဆုံးတစ်မိုင်၊ နှစ် မိုင်သစ်တော၊ သစ်ပင်များဝိုင်းပတ်စိုက်ပျိုးတဲ့ အစိမ်းခါးပတ်ပြုလုပ်ထားမှုကြောင့် အဆိုပါသစ်ပင်၊ သစ်တောများမှ လေပြင်းကို ဟန့်တားကာကွယ် Wind Breaker အဖြစ် အဆောက်အဦများကို လေပြင်းတိုက်ခတ်မှုမှ သက်သာမှုရရှိပြီး လေဖိအားနည်းခြင်းမှဖြစ်ပေါ်လာမယ့် မုန်တိုင်းအန္တရာယ် ကာကွယ်မှုဖြစ်ခြင်း၊ မြို့တွင်းမှာရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ မီးခိုး၊ အညစ်အကြေးများကို ကာကွယ်ပေးခြင်း၊ သစ်တောမှာရှိတဲ့ သစ်ရွက်များမှ အမှုန်၊ ဖုန်၊ သဲများပါတဲ့ လေကိုသန့်စင်ပေးတဲ့ လေစစ် Filter အဖြစ် ရရှိခြင်း၊ အနာဂတ်မျိုးဆက်သစ်များ စိုက်ပျိုးရေးပညာဖြန့်ဖြူးပေးရန်နေရာအဖြစ် အသုံးပြုနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများရရှိလာတဲ့သာဓကများကို လေ့လာပြီးတော့ နေပြည်တော်ကိုလည်း မြန်မာ နိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းများကိုယ်တိုင် စနစ်တကျထိန်းသိမ်းတည်ဆောက်တဲ့ သန့်ရှင်း သပ်ရပ်တဲ့ အုပ်ချုပ်ရေးမြို့တော်အဖြစ် ဂုဏ်ယူဖွယ်ဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါတယ်။
နေပြည်တော်ပတ်ဝန်းကျင်ဟာ ယခင်က အဖိုးတန်ကျွန်းသစ် ထွက်ရှိရာအရပ်ဒေသဖြစ်ခြင်း၊ မြန်မာနိုင်ငံရဲ့ အောက်ပိုင်းဒေသ၊ အထက်ပိုင်းဒေသ၊ ရှမ်းပြည်နယ်၊ ရှမ်းရိုးမ၊ အလယ်ရိုးမ၊ အနောက် ရိုးမဆက်စပ်တဲ့ မဟာဗျူဟာကျတဲ့နေရာဖြစ်ခြင်း၊ မနိမ့်လွန်း၊ မမြင့်လွန်းတဲ့ သဘာဝတောင်တန်း လျှိုမြောင်၊ တောနဲ့ တောင်ကုန်းတောင်တန်းရှိခြင်း၊ သဘာဝလျှိုများကိုပိတ်ပြီးတော့ မိုးရေများ အဟောသိကံမဖြစ်ရေး ထိန်းသိမ်းနိုင်ခြင်း၊ သဘာဝသစ်တော၊ သစ်ပင်စိုက်ပျိုးရေးအပြင် မြို့တော် လှပစိမ်းလန်းစိုပြေရေးအတွက် ကားလမ်းတစ်လျှောက်မှာရှိတဲ့ သစ်ပင်ပန်းပင်များကို ဝန်ကြီးဌာန ဧရိယာနှင့်ဆက်စပ်နေတဲ့ တောင်ကုန်း၊ လျှိုများမှ ရေများကို Gravity Flow မြေအနိမ့်အမြင့် အသုံး ချသွယ်ယူဖြန့်ဖြူးခြင်းဖြင့် နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အထိုက်အလျောက်လျော့နည်းသွားမည်ဖြစ်ပါ တယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ နေပြည်တော်နယ်မြေအတွင်းမှာရှိတဲ့ ဆောက်လုပ်မှုကဏ္ဍမှာ ဆည်၊ လမ်း စိမ်းလန်းစိုပြေရေးစီမံကိန်းဆောင်ရွက်ရာမှာ အထူးဖွံ့ဖြိုးရေးစီမံကိန်းက ကျပ်သန်းပေါင်း ၁၄၅၀၀ ခန့် အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အလေအလွင့်နည်းပါးစွာဖြင့် ပြည်သူလူထုအကျိုးရှိရှိအသုံးပြုတဲ့ မြို့တော်စိမ်းလန်းလှပစိုပြေရေးနဲ့ သဘာဝပတ်ဝန်းကျင်မပျက်တဲ့ ဥယျာဉ်မြို့တော်တည်ဆောက်ရေး ဟန်ချက်ညီညီစီမံဆောင်ရွက်ရန် ရည်ရွယ်ပြီး တင်ပြခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နေပြည်တော် လှပစိမ်းလန်းစိုပြေဆောင်ရွက်ခြင်း၊ နေပြည်တော်မှာရှိတဲ့ ပြည်သူများနဲ့ ကျေးလက်ဒေသမှာရှိတဲ့ဒေသခံများ ဆင်းရဲချမ်းသာမှုကွာဟချက် လျော့နည်းစေရန် ချမှတ်အကောင်အထည်ဖော်တဲ့ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက် ဆောင်ရွက်တဲ့လုပ်ငန်းများနဲ့ ဟန်ချက်ညီညီ နေပြည်တော်နေထိုင်တဲ့ ဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများ၊ ဒေသခံများရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ အေးချမ်းမှုအပြည့်အဝရရှိစေရန်၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ အပန်းဖြေဖို့ အနားယူနိုင်ရန်၊ မျိုးဆက်သစ်လူငယ်များ စိုက်ပျိုးရေးသစ်တော အသိ ပညာဖြန့်ဖြူးပေးရန် ဥယျာဉ်မြို့တော်အဖြစ် ဆောင်ရွက်တဲ့လုပ်ငန်းကို အထောက်အကူပြုမယ့် လျှိုများကိုပိတ်ပြီး သဘာဝရေကန်အဖြစ် ဖန်တီးဆောင်ရွက်နိုင်ရန်နဲ့ တောတောင်သဘာဝမပျက်ဆီး စေရန်အတွက် နေပြည်တော် ရပ်ကွက်အတွင်းမှာရှိတဲ့ သဘာဝတောင်ကုန်းများအား ယန္တရား မြေကော်စက်နဲ့ တူးယူခြင်းမပြုလုပ်ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြစ်စေမယ့် Green Belt အစိမ်းရောင်ခါးပတ်ဖြင့် တည်ဆောက်ခြင်း၊ ဝန်ကြီးဌာနများနဲ့ပေါင်းစပ်ပြီး ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီးတော့ နေပြည်တော်စည်ပင်သာယာရေးဥပဒေကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြဋ္ဌာန်းကာ နိုင်ငံတော်ရဲ့မြို့တော် ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်ကို နိုင်ငံ တကာအဆင့်မီဖံှ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်းစိုပြေရေးလုပ်ငန်း များကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ်အတွင်း ပေါက်ရောက်လျက်ရှိတဲ့ သဘာဝသစ်ပင်များ၊ စိုက်ပျိုးထား တဲ့အရိပ်ရပင်များ၊ သစ်ပင်ပန်းပင်များ ထိန်းသိမ်းခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ(ဎ)မှာ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သဘာဝအလျှောက် ပေါက်ရောက်လျက်ရှိသော သစ်ပင်များ၊ နိုင်ငံတော်ပိုင်အိမ်ရာများတွင် စိုက်ပျိုးထားသော နှစ်ရှည် သီးပင်စားပင်၊ အရိပ်ရပင်များ၊ လမ်းဘေးဝဲ/ယာ၊ လမ်းလယ်ကျွန်းများနှင့် အဝိုင်းများတွင် စိုက်ပျိုး ထားသော သစ်ပင်ပန်းပင်များကို ကော်မတီရဲ့ခွင့်ပြုချက်မရှိဘဲ ချိုးဖဲ့ခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ခုတ်လှဲခြင်းမပြုရန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းတို့ ပြဋ္ဌာန်းထား ရှိပြီးတော့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ အမိန့်အမှတ်(၁/၂၀၁၂)ကိုထုတ်ပြန်ပြီးတော့ ဆက်လက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲလျက်ရှိ တဲ့ မြို့မြေများအတွင်းမှာ ကော်မတီရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ မြေအစိတ်အပိုင်းများ တူးဖော်ရောင်းချခြင်း၊ တူးဆွခြင်း၊ လွှဲပြောင်းခြင်းပြုလုပ်ပါက နေပြည်တော်စည်ပင်သာယာရေးဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ အမိန့်အမှတ်(၂၀/၂၀၁၃)ကို ထုတ်ပြန်ပြီး သဘာဝတောင်ကုန်းများမှမြေများကို စက်ယန္တရားများဖြင့် တူးဖော်ခြင်းမပြုနိုင်ရန် ထိန်းသိမ်းလျက်ရှိပါတယ်။ မြို့ပြစီမံကိန်းအတွက် လိုအပ်သလောက်ကိုသာ မြေပြုပြင်ဆောင်ရွက်ခြင်း ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက စိစစ်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်စေပြီးတော့ သဘာဝတောင်ကုန်းများ ထပ်မံမပျက်စီးရေးအတွက် ထိန်းသိမ်းလျက်ရှိပါတယ်။ နေပြည်တော်ကို သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြေတဲ့မြို့တော်အဖြစ် ရည်မှန်းဆောင်ရွက်လျက်ရှိရာမှာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ရုံးအဖွဲ့အစည်းများကို ဌာနပိုင်ရုံးမြေများ၊ စိုက်ပျိုးမြေများ ခွဲဝေ သတ်မှတ်ပေးပြီးတော့ သဘာဝဓမ္မတာမျိုးဆက်တောထိန်းသိမ်းခြင်း၊ နှစ်ရှည်သီးနှံစိုက်ခင်း၊ ရတနာ တန်းဝင်နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများအစီအစဉ်ဖြင့် ဆောင်ရွက် လျက်ရှိပါတယ်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ နေပြည်တော်အတွင်းမှာ လမ်းဘေးဝဲ/ယာ၊ လမ်းလယ်ကျွန်းများ စိမ်းလန်းစိုပြေရေးအတွက် နှစ်ရှည်အရိပ်ရနှင့် ပန်းအလှပင် များ ၁၈၀၀၀၀ ကျော်၊ နှစ်တိုပန်းအလှပင်များ၊ မြေကပ်ပန်းပင်များ၊ ကျွန်းပင်များ၊ စိုက်ပျိုးရေးပင်များ ကိုသီးနှံပင်များစိုက်ပျိုးပြီးတော့ ရှင်သန်အောင်မြင်လျက်ရှိပါတယ်။ ဒါ့အပြင် နေပြည်တော်နယ်မြေ အတွင်းမှာ ပန်းခြံပေါင်း ၆၈ ခု တည်ဆောက်ပြီးတော့ သာယာလှပရေး၊ စိမ်းလန်းစိုပြေရေးများ ဆောင်ရွက်လျက်ရှိပြီးတော့ နှစ်စဉ်ဆက်လက်တိုးချဲ့စိုက်ပျိုးလျက်ရှိပါတယ်။ နေပြည်တော်စည်ပင် သာယာရေးကော်မတီအနေနဲ့ နေပြည်တော်နယ်မြေအတွင်းမှာ သောက်သုံးရေနှင့် စိမ်းလန်းစိုပြေ ရေးလုပ်ငန်းတွေအတွက် ဆည်ကြီး ၁၃ ခု၊ လျှိုပိတ်တမံငယ် ၂၈ ခုကို တည်ဆောက်ထားပါတယ်။ အဲ့ဒီကနေပြီးတော့ ရေဂါလန်ပေါင်း ၁၁၄၀၀၀ သန်းကျော် စုဆောင်းလျက်ရှိပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနတွေရဲ့ ဧရိယာအတွင်းမှာတော့ လျှိုပိတ်ဆည်ပေါင်း ၅၉ ခုတည်ဆောက်ထားပြီးတော့ ရေဂါလန်သန်းပေါင်း ၄၅၀ သန်းကျော် စုဆောင်းထားနိုင်ပါတယ်။ နေပြည်တော်စိမ်းလန်းစိုပြေရေး အတွက် စုစုပေါင်း ဆည်၊ လျှိုပိတ်တမံ ၁၀၄ ခုကို သဘာဝရေကန်များသဖွယ် ဆောက်လုပ်နိုင်ခဲ့ပြီး တော့ ရေဂါလန် သန်းပေါင်း ၁၁၄၆၀၀ ကျော်ကို စုဆောင်းထားနိုင်ပြီး စိမ်းလန်းစိုပြေရေးအတွက် လက်ရှိ အသုံးပြုနေပါတယ်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ မြို့မြေအဖြစ် သတ်မှတ်ထားတဲ့ မြေများကို သာ စီမံခန့်ခွဲလျက်ရှိပါတယ်။ သစ်တော၊ သစ်ပင်များ ဝိုင်းပတ်စိုက်ပျိုးခြင်း Green Belt ပြုလုပ်လိုတဲ့ မြို့မြေ၊ ကျေးရွာမြေရဲ့ပတ်လည် တစ်မိုင်၊ နှစ်မိုင်ခန့်မြေတွေဟာ လယ်ယာမြေများ၊ သစ်တောမြေများ၊ စိုက်ပျိုးမြေများဖြစ်တဲ့အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အဆိုပါမြေများမှာ ကျွန်တော်တို့ တန်ဖိုးရှိနှစ်ရှည်ပင်များ၊ Green Belt များဆောင်ရွက်ခြင်း၊ သဘာဝဥယျာဉ်မြို့တော် အဖြစ် ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ တင်ပြညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ကျွန်တော်တို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲခွင့်ရှိတဲ့ မြို့မြေနယ်နိမိတ် အတွင်းမှာတော့ နှစ်ရှည်အရိပ်ရပန်းပင်များ၊ ရာသီပန်းအလှပင်များ၊ ရတနာတန်းဝင်အပင်ကြီးများ၊ ရာသီပန်းအလှပင်များကို စနစ်တကျစိုက်ပျိုးထိန်းသိမ်းခြင်း၊ သဘာဝတောင်ကုန်းမြေများထိန်းသိမ်း ခြင်း၊ ပန်းခြံများပြုလုပ်ထိန်းသိမ်းခြင်းနဲ့ ဆည်လျှိုပိတ်တမံများ တည်ဆောက်ထိန်းသိမ်းခြင်းတို့ကို ဥပဒေ၊ အမိန့်များနှင့်အညီ နေပြည်တော်ကို နိုင်ငံတကာအလယ်မှာ Green City အဖြစ် ပေါ်ထွက် လာရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
