ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၉.၅.၂၀၁၄)
ကျွန်တော်ဆွေးနွေးတင်ပြ တောင်းခံမေးမြန်းလိုသော ကဏ္ဍများမှာ ပြည်သူများ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်နှင့်အညီ နိုင်ငံတော်အကြီးအကဲအဆင့်ဆင့်၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နယ်စွန် နယ်ဖျားမကျန် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူများအားလုံး တန်းတူ ညီတူ အခွင့်အရေးများနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးဟူသော ရည်မှန်းချက်ပန်းတိုင်များကို ပြီးစီးအောင်မြင်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်အသီး သီးတွင် စက်ယန္တရားအပါအဝင်ပြည့်စုံ၍ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာအပါအဝင် ကျေးလက်ဒေသလမ်းတံတား ဖောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး၊ လယ်ယာမြေ ဖော်ထုတ်ရေးလုပ်ငန်းများနှင့် ဘက်စုံကဏ္ဍစုံ တည်ဆောက်အကောင်အထည်ဖော်ရာတွင် ထိထိမိမိ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ရပ်မိရပ်ဖ မြို့နယ်ဖွံ့ဖြိုး ရေးအထောက်အကူပြုအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းချမှတ်၍ သက်ဆိုင်သော မြို့နယ်၏ ဌာနဆိုင်ရာများမှ တာဝန်ယူတာဝန်ခံ၍ တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းမူဝါဒတွင် တင်ပြဆွေးနွေးတောင်းခံရာ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ ကိုဖြစ်စေ သို့မဟုတ် ချွတ်ခြုံကျဆင်းရဲနွမ်းပါးသော မြို့နယ်များကို အထူးစီမံချက်ချမှတ် သတ်မှတ် ရွေးချယ်၍ဖြစ်စေ မြို့နယ်တစ်မြို့နယ်ကို နှစ်စဉ်ဖွံ့ဖြိုးရေးရန်ပုံငွေ ဘတ်ဂျက်အဖြစ် သန်း ၁၀၀၀ သို့မဟုတ် သန်း ၅၀၀ ချမှတ်ပေးရန် ထည့်သွင်းတောင်းခံခဲ့ခြင်းသည် အလယ်အလတ်စီမံကိန်း လုပ်ငန်းများကို မြို့နယ်အစီအစဉ်ဖြင့် အလျင်အမြန်တည်ဆောက်ပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်ခင်ဗျား။
နာယကကြီးနှင့် သမ္မတကြီးမှ ပေါင်းစပ်ညှိနှိုင်း၍ မဲဆန္ဒနယ်တစ်ခုကို လွှတ်တော်၏ ငွေလုံး ငွေရင်းဘတ်ဂျက်ထဲမှ သန်း ၁၀၀ ဖြစ်သော သိန်း ၁၀၀၀ ကိုချမှတ်၍ အစိုးရအဖွဲ့မှ စီမံချက်တင်၍ အကောင်အထည်ဖော်ရန် လုံလောက်မှုမရှိသော ရပ်မိရပ်ဖပြည်သူများရဲ့ အခြေခံလိုအပ်ချက်များ ဖြစ်သော သိန်း ၅၀ ထက်မပိုသောလုပ်ငန်းများကို မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ အခြေခံလိုအပ်ချက်များကို ချက်ချင်းတည်ဆောက်ပေးနိုင်သဖြင့် ကျေးလက်ဒေသ တွင်နေထိုင်သော တိုင်းရင်းသားပြည်သူများမှာ ဝမ်းမြောက်ဝမ်းသာကြိုဆိုထောက်ခံလျက်ရှိပါတယ် ခင်ဗျား။ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးထံမှတစ်ဆင့် မေးမြန်း လိုသောကဏ္ဍများမှာ ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းမူဝါဒတွင် တင်ပြဆွေးနွေးတောင်းခံခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တည်ရှိသော မြို့နယ်များအားလုံးကိုဖြစ်စေ သို့မဟုတ် ချွတ်ခြုံကျဆင်းရဲနွမ်းပါးသော မြို့နယ်များကို အထူးစီမံချက်ချမှတ် သတ်မှတ်ရွေးချယ်၍ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖမြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်၍ သက်ဆိုင်သော မြို့နယ်၏ဌာနဆိုင်ရာများမှ တာဝန်ယူတာဝန်ခံ၍ တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းမူဝါဒတွင် မြို့နယ်တစ်မြို့နယ်ကို ကျပ်သန်း ၁၀၀၀ သို့မဟုတ် သန်း ၅၀၀ စီချမှတ် ပေးရန် တောင်းခံမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဘယ်နည်းဘယ်ပုံစီစဉ်ချမှတ် အကောင်အထည်ဖော်ပေးမည်ကို သိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ထံမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်းအား လေးစားစွာဖြင့် မေးမြန်းပါသည်။
[ဦးခမိုင်မုံကွမ်၊ ဆွမ်ပရာဘွမ်မဲဆန္ဒနယ်ကိုယ်စား ဦးဇင်းဝမ်၊ နန်းယွန်းမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]
ဖြေကြားသူ
ဒေါက်တာလင်းအောင်(ပြည်ထောင်စုဝန်ကြီး၊ဘဏ္ဍာရေးဝန်ကြီးဌာန)
အဖြေ
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေနှင့် ကိုက်ညီအောင် ရေးဆွဲထားတဲ့ဥပဒေဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက် မယ့် ငွေလုံးငွေရင်းအသုံးစရိတ်များကိုလည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ သုံးစွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီသက်ဆိုင်ရာဝန်ကြီး ဌာနများအနေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တာဝန်ယူတာဝန်ခံပြီး တည်ဆောက် အကောင် အထည်ဖော်တဲ့နေရာမှာ အမျိုးသားစီမံကိန်းနှင့် ဘတ်ဂျက်ကို ချိတ်ဆက်ဆောင်ရွက်ဖို့လိုအပ်တဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးွမန်းတဲ့ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေ သန်း ၁၀၀၀ သို့မဟုတ် သန်း ၅၀၀ စီစဉ်ချမှတ်ပေးရန်ကိစ္စမှာ နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်း ရည်မှန်းချက်များ၊ နိုင်ငံတော်ရဲ့ဘဏ္ဍာရန်ပုံငွေအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် အထူး လိုအပ်နေတဲ့ အခြေအနေတို့ပေါ်မူတည်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က သုံးသပ်ဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များအနေနဲ့လည်း မိမိတိုင်း ဒေသကြီး/ပြည်နယ်အတွင်း မြို့နယ်ဒေသများရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လိုတဲ့လုပ်ငန်းတွေကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အမျိုးသားစီမံကိန်းဥပဒေကြမ်းရေးဆွဲရာမှာ ထည့်သွင်းပြီး ဒီဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုတဲ့အခါမှာ ရန်ပုံငွေစီစဉ်တောင်းခံမှုကို သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။
ဆက်လက်ပြီး တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်ပေးလျက်ရှိတဲ့အခြေအနေကို ဖြည့်စွက်တင်ပြလိုပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီး/ပြည်နယ်များကို လွှဲပြောင်း ထောက်ပံ့တဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို မြို့နယ်တစ်မြို့နယ်မှာ ကျပ်သိန်း ၁၀၀၀ နှုန်းနဲ့ စုစုပေါင်းကျပ် ၃၃ ဘီလီယံကို လျာထားပေးခဲ့ပါတယ်။ ဒီအသုံးစရိတ်တွေကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများပါဝင်တဲ့ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့တို့မှ ညှိနှိုင်းသတ်မှတ်တဲ့လုပ်ငန်းများအတွက် သုံးစွဲရန်ဖြစ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီကို တင်ပြပြီး အတည်ပြုချက်ရယူသုံးစွဲမှာဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ မွေးမြူရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနများအနေနဲ့လည်း နယ်စပ်ရေးရာဝန်ကြီးဌာနဆိုရင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းမှာ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ ရေရရှိရေးကိစ္စရပ်များအတွက် တိုင်းဒေသကြီး/ပြည်နယ်များအားလုံးပါဝင်တဲ့ ဘတ်ဂျက်ကို လျာထားဆောင်ရွက်လျက်ရှိပါတယ်။ ထိုနည်းတူစွာပဲ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့လည်း သူ့လက်အောက် မှာရှိတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသမီးလင်းရေး၊ ရေရရှိရေးကိစ္စရပ် များကို စောစောကတင်ပြသလိုပဲ တိုင်းဒေသကြီး/ပြည်နယ်အားလုံးပါဝင်ပြီးတော့ လျာထားဆောင် ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဒီ CDD Project လို့ခေါ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ Community Driven Development Project ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာဌာနများအနေနဲ့ ဒီလုပ်ငန်းများအတွက်ကို လေ့လာဆန်းစစ်မှုပေါ့ (Feasible Study) တွေ အရ ဆောင်ရွက်ပေးရမယ့် ဦးစားပေးအစီအစဉ်တွေကို ခွဲခြားသတ်မှတ်ပြီးတော့မှ ဘတ်ဂျက်လျာထား ဆောင်ရွက်သွားတာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ CDD Project နဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ထပ်မံတင်ပြလိုတာကတော့ ဒီ World Bank အထောက်အပံ့နဲ့ CDD Project ဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ကနေပြီးတော့ အထောက်အပံ့နဲ့ဆောင်ရွက်တဲ့ Project ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အထောက်အပံ့ဟာ ဒေါ်လာ သန်း ၈၀ နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုနဲ့ နေပြည်တော်ကောင်စီတို့မှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဆောင်ရွက်ပေးမယ့်လုပ်ငန်းတွေဟာ အခြေခံ အဆောက်အဦများဖြစ်တဲ့ ကျေးလက်လမ်း၊ စာကြည့်တိုက်၊ ရေရရှိရေးနဲ့ မီးလင်းရေးလုပ်ငန်းတွေဖြစ် ပါတယ်။ ဒီ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကနေပြီး ခြောက်နှစ်ကြာဆောင်ရွက်မှာဖြစ်ပြီးတော့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့၊ ရှမ်းပြည်နယ် နမ့်စန်(မြောက်)နှင့် ချင်းပြည်နယ် ကန်ပက်လက်တို့မှာ စတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီ ၂၀၁၄-၂၀၁၅ ခုနှစ် မှာတော့ တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုကို ဆောင်ရွက်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာဒေသ များမှ လူမှုရေးအဖွဲ့များနှင့်လည်း ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်။ ဒါ့အပြင် ဒီကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ နိုင်ငံတော်ဘတ်ဂျက်ကနေပြီးတော့ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာပေါင်း ၁၁၅၀ ကို မြစိမ်းရောင်စီမံကိန်းအနေနဲ့ ကျေးရွာ တစ်ရွာကို ကျပ်သိန်း ၃၀၀ နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ သတ်မှတ်ထားတဲ့အချက်အလက်များနှင့် ကိုက်ညီတဲ့ကျေးရွာတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း ပြည်နယ်/တိုင်းဒေသကြီးများကို စာရင်းတောင်းခံဆောင်ရွက်လျက်ရှိပါတယ်။ ဒီသတ်မှတ်တဲ့ အချက်တွေကတော့ နိုင်ငံတကာ အထောက်အပံ့မရရှိနိုင်တဲ့ဒေသများ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်မှုအား အခြေခံ ကောင်းမွန်တဲ့ ကျေးရွာ၊ မဖွံ့ဖြိုးသေးတဲ့ကျေးရွာ၊ ကျေးရွာကော်မတီများမှလည်း စိတ်ဝင်စားစွာဆောင် ရွက်နိုင်တဲ့ကျေးရွာဆိုပြီးတော့ ဒါအချက်တွေသတ်မှတ်ထားတာရှိပါတယ်။ ဆောင်ရွက်ပေးမယ့် လုပ်ငန်းတွေအနေနဲ့က အရင်းမပျောက်မတည်ငွေများထူထောင်ပေးခြင်း၊ ရရှိလာမယ့်အကျိုးအမြတ် တွေကို ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကော်မတီများဖွဲ့ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စောစောကတင်ပြတဲ့ ကမ္ဘာ့ဘဏ်ရဲ့ CDD Project ပုံစံမျိုးဖြစ်ပါတယ်။ ကော်မတီကို အဖွဲ့ဝင် ခုနစ်ဦး၊ ကိုးဦး၊ ၁၁ ဦးတို့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများမပါဝင်ဘဲ ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ကမ္ဘာ့ဘဏ်ရဲ့ ဆောင်ရွက်တဲ့ CDD Project နဲ့ လိုက်ဖက်ညီအောင်လို့ ကျွန်တော်တို့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဖြည့်စွက်ဆောင်ရွက်တဲ့ စီမံကိန်းတွေဖြစ်ပါတယ်။ ဒါ့အပြင်ကို ကျွန်တော်တို့ ဒီပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကနေပြီးတော့ တိုင်းဒေသကြီး/ပြည်နယ် တွေကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး/ပြည်နယ် အားလုံးကို တစ်ဘီလီယံထောက်ပံ့ခဲ့တာရှိပါတယ်။ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာတော့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက် တိုင်းဒေသကြီးခုနစ် ခုနှင့် ပြည်နယ်နှစ်ခုကိုတော့ တစ်ဘီလီယံစီထောက်ပံ့ပေးခဲ့ပြီးတော့ နယ်မြေဒေသအခြေအနေအရ ပြန်လည်ထူထောင်ရေးအတွက် အထူးပံ့ပိုးဆောင်ရွက်ပေးရန်လိုအပ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရခိုင် ပြည်နယ်ကိုဆိုလျှင် ၁၅ ဘီလီယံ ထောက်ပံ့ခဲ့တာရှိပါတယ်။ ဖွံ့ဖြိုးမှုနှင့် ဆင်းရဲမှုနှုန်းအခြေအနေနဲ့ နယ်မြေအခြေအနေအရ ချင်းပြည်နယ်ကို ငါးဘီလီယံ၊ ရှမ်းပြည်နယ်ကို လေးဘီလီယံနဲ့ ကရင် ပြည်နယ်ကို နှစ်ဘီလီယံသာ ထောက်ပံ့ခဲ့တာရှိပါတယ်။ ဒါတွေကတော့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ဒီလို ကျေးရွာမြို့နယ်တွေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များကို ထောက်ပံ့ပေးတဲ့ ထောက်ပံ့ငွေများအတွက်ကိုလည်း ယခုထက်ကို ကျွန်တော်တို့ ပိုမိုပြီးတော့ စနစ် တကျဆောင်ရွက်နိုင်ဖို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေအချိုးအစား၊ သူတို့ရဲ့ တစ်ဦးချင်းဝင်ငွေ (Per Capital Income)၊ ဆင်းရဲမှုရာခိုင်နှုန်း၊ နောက် အခွန်အခရရှိမှုအခြေအနေ၊ နောက်တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ GDP ဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းစသည်ဖြင့် အချက်အလက်များကို စုစည်းကောက်ယူပြီးတော့ နိုင်ငံတကာမှာ ဆောင်ရွက် နေတဲ့နည်းလမ်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ကိုလည်း ကျွန်တော်တို့ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။