(စ)-ချင်းပြည်နယ်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လုပ်ဆောင်နေသည့်လုပ်ငန်းများကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၂.၇.၂၀၁၄)

ဦးခွန်လိန်း (ဖလမ်း) ချင်းပြည်နယ်သည် ပုန်ကန်သူများမရှိဘဲ အလွန်‌အေးချမ်းသော နယ်မြေဒေသဖြစ်ပါကြောင်း၊ မိမိတို့ မည်သည့်ကိစ္စ၊ မည်သည့်စီမံချက်ကိုမဆို လုပ်ဆောင်မည်ဆိုပါက ဝိုင်းဝန်းပြီး လုပ်ဆောင်ရန် စည်းလုံးညီညွတ်ကြပါကြောင်း၊ မိမိတို့ပြည်နယ်အတွက် အစိုးရအဆက်ဆက်က တိုးတက်ရန် လုပ်ဆောင်ပေးခဲ့ပါသော်လည်း အကျိုးပြုနိုင်မှု မရှိခဲ့ပါကြောင်း၊ ရန်ပုံငွေများကို အသုံးပြုသည့်နေရာတွင် မြို့နယ်အလိုက် မည်သည့်အတွက် အသုံးပြု၍ ထိရောက်မှု မည်မျှ ရှိသည်ကို ပြန်လည်စစ်ဆေးမှုရှိ/မရှိ၊  အထောက်အကူပြုကော်မတီများ ရှိနေပြီဖြစ်သည့်အတွက် ယင်းကော်မတီများမှ မည်မျှ အထိ တာဝန်ယူဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း၊ ဒေသခံပြည်သူများကို အကျိုးပြုနိုင်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောတောင်ရေမြေသဘာဝနှင့် ကိုက်ညီမည့် သီးနှံပင်များ ဒေသအလိုက် သုတေသနလုပ်ရန်နှင့် ဈေးကွတ်များ ဖော်ထုတ်ပေးရန် ချင်ပြည်နယ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပြည်ထောင်စုအစိုးရမှ လုပ်ဆောင်နေသည့် လုပ်ငန်းများကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေးမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် Focal Ministry ဖြစ်သည်နှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်းပြီး ပြည်နယ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အစိုးရသည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လက်တွန်းထွန်စက်ဝယ်ယူခြင်း၊ လမ်းတံတား၊ သောက်သုံးရေ၊ လျှပ်စစ်၊ ယဉ်ကျေးမှု၊ ပြန်ကြားရေးနှင့်ဆက်ဆံရေးလုပ်ငန်း၊ မီးသတ်ရေလှောင်ကန်၊ အားကစားနှင့် ကာယပညာ အရေးပေါ်အတွက် ထောက်ပံ့ငွေအရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် လူမှုဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၂၀၀၀၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ အသုံးပြုရန် မြို့နယ်တစ်မြို့နယ်မှ ငွေကျပ်သန်း ၁၀၀၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုနွမ်းပါးမှုလျှော့ချရေး ရန်ပုံငွေကျပ်သန်း ၁၀၀၀၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုနွမ်းပါးမှုလျှော့ချရေး ရန်ပုံငွေကျပ်သန်း ၅၀၀၀ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထု၏တင်ပြချက်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များမှ စိစစ်ရွေးချယ်ပြီးှ ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပဉ္စမကာလတို (၅) နှစ် အမျိုးသားစီမံကိန်းရေးဆွဲပြီးှ ချင်းပြည်နယ်အတွင်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လမ်းတံတား၊ သာသနာရေးလုပ်ငန်းများတွင် သုံးစွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီ းဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း လမ်းတံတားလုပ်ငန်းအတွက် ငွေကျပ် ၅၀၈၁.၅ သန်း၊ ရေရရှိရေး လုပ်ငန်းအတွက် ငွေကျပ် ၄၄၄ သန်း၊ မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ် ၅၀ သန်း၊ စွမ်းအင်လုပ်ငန်းအတွက် ငွေကျပ် ၂၉၄.၁၇၅ သန်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအတွက် ငွေကျပ် ၂ သန်း၊ သာသနာရေးဆိုင်ရာလုပ်ငန်းများအတွက် ၃၂၅ သန်း စုစုပေါင်းငွေကျပ် ၆၂၄၀.၆၇၅ သန်းကို ခွင့်ပြုခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃) နှစ်တာ ကာလအတွင်း ငွေကျပ် သန်းပေါင်း ၆၂၆၈.၃၉ သန်းသုံးစွဲခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၁၁၂.၁၆ သန်း လျာထားခွင့်ပြုပြီး ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်တွင် ၂၀၁၄-၁၅ ခုနှစ်အတွင်း မြို့နယ် ၁၃ မြို့နယ်၌ လယ်မြေ ၅၈၃ ဧကကို တိုးချဲ့ဖော်ထုတ်ခြင်း၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (GAP) ကို လေ့ကျင့်ပညာပေးခြင်းနှင့် စံနမူနာပြစိုက်ခင်းများ ထူထောင်စိုက်ပျိုးပြသခြင်း၊ ပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို ၃၂၃ ကြိမ် ဆောင်ရွက်ခဲ့ပြီးှ ပုလဲသွယ်စပ်မျိုးစပါး၊ ရွှေရင်အေး၊ ဘာစမာတီ၊ မနောသုခနှင့် နံ့သာမွှေးစပါးမျိုးများကို ၁၆၁၃၄ ဧက မျိုးပြောင်းလဲရေး ဆောင်ရွက်နိုင်ခဲ့ပြီး လယ်ကြားမြောင်းများတူးဖော်ရန်နှင့် ရေလွှဲဆည်တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ လူမှုဖွံ့ဖြိုးရေးထောက်ပံ့ငွေကျပ်သန်း ၁၀၀၀ ချမှတ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ် (၈) မြို့နယ်ရှိသော ကျေးရွာ ၁၅၃ ရွာ ကို စိုက်ပျိုးစရိတ်အရင်းအနှီးများကို ကူညီထုတ်ချေးခြင်း၊ တောင်ယာစပါးကိုလည်း မြို့နယ် ၁၂ မြို့နယ်တွင် ကြွက်မြီးတန်းစနစ် သုတေသနပြုစိုက်ခင်းများကို စမ်းသပ်စိုက်ပျိုးခဲ့ပါကြောင်း၊ ပြင်သစ်နိုင်ငံအခြေစိုက် (GRET) အဖွဲ့မှလည်း ချင်းပြည်နယ်‌မြောက်ပိုင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အသေးစားချေးငွေလုပ်ငန်း အစီအစဉ်တို့ကို ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန် မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့တွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ (၅) နှစ်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

ချင်းပြည်နယ်တွင် ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်အတွင်း သစ်တောပြုစုထိန်းသိမ်းခြင်း၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ခြင်းလုပ်ငန်းမှာ စိုက်ခင်း ၈၉၅၀ ဧက ကို မီးကာကွယ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းလုပ်ငန်းမှာ ကာဗွန်စုပ်ယူသိုလှောင်နိုင်မည့် သစ်တောစိုက်ခင်းများကို ၃၅၈၀ ဧကစိုက်ပျိုးတည်ထောင်ပေးခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းများကို လ ၃၀ စီမံချက်နှင့် Action Plan ချမှတ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု ကော်မတီသည် သစ်တောလုပ်ငန်းကော်မတီ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်မည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေး Inclusive and Sustainable Development ရရှိစေရန် ပြည်သူလူထုဗဟိုပြု ချဉ်းကပ်မှုဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင် အထောက်အကူပြုကော်မတီ၏ လုပ်ငန်းတာဝန်များအပြင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း ညှိနှိုင်းပြီးှ ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးကဏ္ဍအသီးသီးတွင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အထိ ငွေကျပ်သိန်းပေါင်း ၆၃၅၉.၀၅ သိန်းနှင့် ပိုးစာပင်စိုက်ပျိုးရေး အတွက် ပိုးစာပင် ၄ သိန်း၊ ဓာတ်မြေသြဇာ ၆၀ တန်နှင့် စိုက်ပျိုးရေးသုံး ပလပ်စတစ်များ ၁.၈ တန် တန်ဖိုး ၆၉၄၆၀ အမေရိကန်ဒေါ်လာဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အတွက် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးလုပ်ငန်းများတွင် မွေးမြူရေးအစုအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ မွေးမြူရေးသင်တန်း ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ကျေးရွာများမှ ကျေးလက်လူငယ်အဖွဲ့များဖွဲ့စည်းပေးခြင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် မွေးမြူရေးတိရစ္ဆာန် များ ဖြန့်ဖြူးပေးခြင်းများကို ၂၀၁၄ ခုနှစ်၊ မေလအထိ လုပ်ဆောင်ခဲ့ရာ စုစုပေါင်းတန်ဖိုး ကျပ် ၉၆၉ သိန်းဖိုးကို ဘဏ်ချေးငွေစနစ်ဖြင့် ဖြန့်ဖြူးပေးပြီးတော့မှ ဆက်လက်ပြီး မွေးမြူသူတောင်သူဒေသခံများနှင့် ပြည်နယ်အစိုးရ၏ လိုအပ်ချက်ရှိပါက ဆိတ်၊ ဘဲ၊ ကြက်၊ ဝက်များ ဆက်လက်ဖြန့်ဖြူးပေးရန် အစီအမံများ ရေးဆွဲထားပြီးဖြစ်ပါကြောင်း။

တစ်ပိုင်တစ်နိုင် ငါးသားဖောက်စခန်းများကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်အတွင်း ဆင်းရဲမှုလျှော့ချရေးအထောက်အကူပြုစေရန် ငါးမွေးမြူသူများထံသို့ ငါးသားဖောက်ဖြန့်ဖြူးနိုင်ရေးအတွက် ငါးသားဖောက်စခန်းကို ဟားခါးခရိုင် ရန်ထလိုငါးသားဖောက်စခန်း၊ မင်းတပ်ခရိုင်မှာ ချီချောင်းငါးသားဖောက်စခန်း၊ ဖလမ်းခရိုင်မှာ (၉) မိုင် ငါးသားဖောက်စခန်းများကို တည်ဆောက်လျက်ရှိပါကြောင်း၊ ဖလမ်းခရိုင်နှင့် မင်းတပ်ခရိုင်အတွင်းရှိ ငါးမွေးတောင်သူများကို ငါးသားဖောက်များ ဖြန့်ဖြူးပေးခြင်း၊ ကျေးရွာ/ရပ်ကွက်များသို့ ကွင်းဆင်း၍ ငါးဆေးထိုး သားဖောက် ပြုလုပ်ပေးခြင်း၊ ငါးလုပ်ငန်းဆိုင်ရာ နည်းပညာဗဟုသုတများဖြန့်ဝေပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ပြီး မြစိမ်းရောင်စီမံကိန်း ဆရာဖြစ်သင်တန်းများ ကိုလည်း ကျေးလက်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ငါးလုပ်ငန်းဆိုင်ရာဗဟုသုတ၊ ငါးမွေးမြူခြင်းဆိုင်ရာဗဟုသုတနှင့် ငါးလုပ်ငန်း အခွန်ဆိုင်ရာများကိုလည်း ပို့ချသင်တန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွင့်ပြုချက်ဖြင့် ချင်းပြည်နယ်အတွင်း ကတ္တရာလမ်း၊ မြေသားလမ်း၊ သစ်သားတံတား၊ ရေပြွန်၊ ရေပေးရေးလုပ်ငန်း၊ ဆိုလာမီးလင်းရေးလုပ်ငန်းကို ကျေးရွာ ၁၆ ရွာတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေဖြင့် ဆက်လက် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ လူထုအခြေပြုစနစ်ကို အသုံးပြီး အခြေခံအဆောက်အအုံများနှင့် အခြေခံဝန်ဆောင်မှုများရယူသုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်၏ ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ နှင့် လူထုဗဟိုပြုစီမံကိန်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလကစပြီး ချင်းပြည်နယ်အတွင်း ကန်ပက်လက်မြို့နယ်ကို စီမံကိန်းဧရိယာအဖြစ်ရွေးချယ်ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို (၃)နှစ် ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖွဲ့စည်းဆောင်ရွက်ခဲ့သော ဘဏ္ဍာရေးနှစ် ၂ နှစ်တာ ကာလအတွင်း ချင်းပြည်နယ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွှက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတားနှင့်ပတ်သက်၍ ကတ္တရာလမ်း ၁၃ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၃၀ မိုင်၊ မြေသားလမ်း ၃၆၄ မိုင် ၂ ဖာလုံ၊ သစ်သားတံတား ၁၃၇၃ ပေ၊ ရေပြွန် ၁၀၅၀ ပေ၊ ရေပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြို့ရေပေးရေးလုပ်ငန်း နှစ်ခု၊ ကျေးလက်ရေပေး ရေးလုပ်ငန်း ၈၁ ခု၊ မီးလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျေးရွာ ၂၅ ရွာရှိ အိမ်ခြေ ၁၂၅၁ အိမ်၊ စံပြအိမ်ရာနှင့်ပတ်သက်၍ ကျေးရွာ ၁၃၇ ရွာရှိ အိမ်လုံးရေ ၂၆၈ လုံးတို့ကို ငွေကျပ်သန်းပေါင်း ၇၇၇၇.၁၄ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၉ မိုင်၊ ကျောက်ချောလမ်း ၂၄ မိုင်၊ မြေသားလမ်း ၂၆၈ မိုင် ၂ ဖာလုံ၊ သစ်သားတံတား ၈၄၀ ပေ၊ ရေပြွန် ၅၀၀ ပေတို့ကို ငွေကျပ် ၆၂၅၈.၆၁၇ သန်း၊ ရေပေးရေးလုပ်ငန်း ၆၅ ခုကို ငွေကျပ် ၁၁၆.၆ သန်း၊ ကျေးရွာ ၂၇ ရွာရှိ အိမ်ခြေ ၃၇၀၆ အိမ် ဆိုလာစနစ်မီးလင်းရေးလုပ်ငန်းများကို ငွေကျပ် ၇၄၁.၂ သန်း၊ ကျေးရွာပေါင်း  သုံးရွာတွင် ကျေးလက်အိမ်ရာ ၁၉ လုံးတို့ကို ငွေကျပ် ၅၇ သန်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ဟားခါး၊ တွန်းဇံ၊ ဖလမ်းမြို့နယ် ရှိ ကျေးရွာ ၂၄ ရွာတွင် တစ်ရွာတွင် ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၇၂၀၀ ကို ၂၀၁၄ ခုနှစ်၊ မေလ တတိယအပတ်အတွင်း ပြည်နယ်အစိုးရသို့ လွှဲပြောင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းရန်ပုံငွေကို ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများဆောင်ရွက်ရန်ဖြစ်ပြီး ကျေးရွာများတွင် ဖွဲ့စည်းထားသော မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ ကျေးရွာသူ ကျေးရွာသားများကို အဆိုပြုတင်ပြလာသော လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေထုတ်ချေးမယ့်ပမာဏ၊ အတိုးနှုန်း၊ ချေးငွေ/အတိုး၊ ပြန်လည်ပေးဆပ်ရမည့် ကာလတို့ကို သတ်မှတ်ပြီးှ ထုတ်ချေးသွားမည်ဖြစ်ပါကြောင်း၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များကို သင်တန်းပေးခြင်း၊ ကျေးရွာသူကျေးရွာသားများအား စီမံကိန်း၏ သဘောသဘာဝနှင့်ပတ်သက်ပြီး သိရှိစေရန် ရှင်းလင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့မှ ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးနှင့် အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောပညာရပ်ဆိုင်ရာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေခံလုပ်ငန်းများဖြစ်သော လမ်းတံတားများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်စံပြအိမ်ရာများ၊ မီးလင်းရေးလုပ်ငန်းများ နှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေနှင့် နိုင်ငံခြားအကူအညီအထောက်အပံ့များဖြင့် ချင်းပြည်နယ် ဆင်းရဲနွမ်းပါး မှုလျှော့ချနိုင်ရေး ပြည်ထောင်စုဝန်ကြီးများကိုယ်တိုင် ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။