ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုမြို့နယ်၌ စပါး ၁၀၉၈၉၉ ဧက စိုက်ပျိုးခဲ့ ရာ ရွှေဘိုပေါ်ဆန်းမွှေး စပါးခင်းများ အထူးအောင်မြင်သန်စွမ်းချိန်တွင် အဆစ်ပိုးကြောင့် မအောင်မြင်ဘဲ ထွက်ရှိစပါးတင်းရေ၏ ၅ ပုံ ၁ ပုံသာ ရရှိပါကြောင်း၊ အချို့လယ်သမား များသည် စပါးရိတ်သိမ်းစရိတ်နှင့် စပါးအထွက်နှုန်းမကာမိသည့်အတွက် ထိုစပါးခင်း များကို လုံးဝမရိတ်သိမ်းတော့ပါကြောင်း၊ ယခုကဲ့သို့ အဆစ်ပိုးကြောင့် စပါးခင်းပျက်စီးမှု များသည် ရွှေဘိုမြို့နယ်သာမက တပင်၊ ခင်ဦး၊ ရေဦးရှိ တောင်သူလယ်သမားများ လည်း များစွာနစ်နာဆုံးရှုံးလျက်ရှိရာ စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်မီပြန်ဆပ်နိုင် ရန် အခက်အခဲကြုံနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးစရိတ် ချေးငွေများကို အချိန် မီပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသဖြင့် ပေးဆပ်ရမည့်ကာလကို နောက်ဆုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သို့မဟုတ် နိုင်ငံတော်မှ ယခုကဲ့သို့ အခက်အခဲနှင့်ကြုံသည့်အခါ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ရွှေဘိုမြို့ကို ရောက်ခဲ့စဉ် ကလည်း ပြည်သူများ၏ တင်ပြချက်ကြောင့် စိုက်ပျိုးစရိတ်ချေးငွေများ နောက်ဆုတ်ပေးရန် စီစဉ်နေသည်ကိုလည်း ကြားသိရသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီစဉ်ထားသည်ကို သိရှိလိုကြောင်းမေးမြန်း ပါသည်။
တောင်သူလယ်သမားများ ချေးငွေပြန်လည်ပေးဆပ်ချိန်တွင် ခိုင်လုံသော အကြောင်းကြောင့် သတ်မှတ်ကာလအတွင်း ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်း မရှိ လျှင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နည်းဥပေဒေ အခန်း ၆၊ ပုဒ်မ ၃၀ အရချေးငွေပေး ဆပ်မှုကို ရွှေ့ဆိုင်းခွင့်ပြုပေးနိုင်ပါကြောင်း၊ သီးနှံပျက်စီးခြင်းတွင် သဘောဝဘေးအန္တ ရာယ်နှင့် ကပ်ဘေးတို့ကြောင့် အုပ်စုတစ်ခုလုံး၊ ဒေသတစ်ခုလုံး ပျက်စီးခြင်းကို သာ ချေးငွေရွှေ့ဆိုင်းခွင့်ပြုရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် လိုအပ်ပါကြောင်း၊ ရွှေ့ဆိုင်းပေးဆပ်လိုသော တောင်သူ လယ်သမားများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့မှ တဆင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံ တင်ပြပြီး၊ မြို့နယ် မန်နေဂျာ၊ မြို့နယ်ချေးငွေကြံပေးအဖွဲ့တို့၏ စိစစ်တင်ပြချက်များအပေါ် တိုင်းဒေသကြီး /ပြည်နယ် အစိုးရ၏ ထောက်ခံချက်အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ချေးငွေရွှေ့ဆိုင်း ခွင့် ပြုပေးနိုင်ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ၂၀၁၃ ခုနှစ်၊ မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းစပါးစိုက်ခင်း (၉၂၇၆)ဧက အနက် ဆစ်ပိုးများကျရောက်မှုကြောင့် ရွှေဘို၊ ဝက်လက်နှင့် ခင်ဦးမြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၄၂)အုပ်စုတွင် အထွက်နှုန်းထိခိုက်သည့် (၂၂၅) ဧကအတွက် (၁) ဧကလျှင် ကျပ် (၅၁၀၀၀)နှုန်းဖြင့် ကျပ်သန်း (၁၁.၄၇၅)ထောက် ပံ့ပေးနိုင်ပါရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြမှုအပေါ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ၆-၂-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၃၀၁/၃၀၈-ထောက်ပံ့ ၂-၂၂/ အဖရ(၂၀၁၄)ဖြင့် လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားပြီး ဖြစ်သည့်အတွက် အဆိုပါ စပါးစိုက်ခင်းများကို (၁)ဧကလျှင် ကျပ် (၅၁၀၀၀)နှုန်းဖြင့် ကျပ်သန်း (၁၁.၄၇၅)ကို နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျခံထောက်ပံ့ပေးနိုင်ရေးအတွက်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနမှ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက် သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
