ဟိုပန်မြို့တွင် ခရိုင်နှင့်မြို့နယ် စီမံကိန်းဦးစီးရုံးများ ကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့သည် ယခင်က မြို့နယ်အဆင့်ရှိ မြို့ တစ်မြို့သာဖြစ်သော်လည်း ယခုအခါ ခရိုင်မြို့အဖြစ် အဆင်‌့တိုးမြှင့်လာခဲ့ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ ရုံးစိုက်ရာမြို့တော်လည်း ဖြစ်လာပါကြောင်း၊ ထို့ကြောင့် ဟိုပန်မြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးအသီးသီးကို တိုင်းမြို့တော်၏ အင်္ဂါရပ်နှင့်အညီ ရုံးမြေနေရာသတ်သတ် မှတ်မှတ်ထားရှိ၍ ရုံးအဆောက် အဦများကိုလည်း အဆင်‌့မြှင့်တိုးချဲ့ ဆောက်လုပ်လျက် ရှိပါကြောင်း၊  သို့သော် ဟိုပန်မြို့နယ် စီမံကိန်းဦးစီးရုံးသည် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးချုပ်၏ ၁၅-၁၀-၂၀၀၆ ရက်စွဲပါစာအမှတ်၊ စ-၂၆/၀၀၁(၆၂၉၃)၏ ရည်ညွှန်းပါစာအရ ၃၀-၁၀-၂၀၀၆ ရက် နေ့မှစ၍ ဟိုပန်မြို့ (၁၀)ရက်ကွက်ရှိ ပုဂ္ဂလိကပိုင် အိမ်တစ်အိမ်ကို ငှားရမ်း၍ မြို့နယ်စီမံကိန်းရုံးအဖြစ် ဖွင့်လှစ်ခဲ့ရာ ယနေ့ထိတိုင် ဖြစ်ပါကြောင်း၊ အဆိုပါ ငှားရမ်းသည့် ရုံးအတွင်းမှာပင် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံကိန်း ဦးစီးရုံးနဲ့ မြို့နယ် စီမံကိန်းဦးစီးရုံးကို တွဲဖက် ဖွင့်လှစ်ထားသည့်အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိသည့်အပြင် တပ်မြို့တော် အင်္ဂါရပ်နှင့်လည်း ညီညွတ်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ဟိုပန် မြို့နယ်တွင် ခရိုင်မြို့နယ် အဆင်‌့ဌာနဆိုင်ရာ ရုံးများ ဆောက်လုပ်နိုင်ရန် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပိုင်ဆိုင်သော မြေ ၂၂ ဧကအား ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်၍ ခရိုင်မြို့နယ် စီမံကိန်းရုံး ဆောက်လုပ်နိုင်ရန်အတွက် မြေနေရာ အလျား ၂၀၀ ပေ၊ အနံ ၁၀၀ ပေကိုလည်း သတ်မှတ်ပေးပြီးသား ဖြစ်ရာ ဟိုပန်မြို့တွင် ခရိုင်နဲ့ မြို့နယ် စီမံကိန်းဦးစီးရုံးများကို ဆောက်လုပ်ပေးနိုင်ပါရန် မေးမြန်းပါသည်။

အဖြေ

ဟိုပန်မြို့တွင် မြို့နယ်စီမံကိန်း ဦးစီးရုံးများကို ဆောက်လုပ်ရန် အစီအစဉ် ရှိပါကြောင်း၊ အဆိုပါ ရုံးများ ဆောက်လုပ်ရန် ပေ ၂၀၀x ပေ ၁၀၀ အကျယ်အကွက် မြေနေရာကို ရုံးနေရာ ချထားရေးကော်မတီမှ သတ်မှတ်ပေး ထားပြီး မြေစာရင်း ပုံစံ ၁၀၅ ရရှိရေးကိုလည်း ရှမ်းပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးမှတစ်ဆင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ ထားပြီးဖြစ်ပါကြောင်း၊ ယင်းပုံစံ ၁၀၅ ရရှိပါက ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်း ရုံးဆောက်လုပ်ရန်အတွက် အဆိုပြုတင်ပြပြီး အမြန်ဆုံးဆောက်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။