(ဂ)-နိုင်ငံ့ဝန်ထမ်းများ၏ အများပြည်သူအလုပ်ပိတ် ရက်နှင့်အချိန်ပိုလုပ်ခများ၊ခံစားခွင့်များသည်လက်ရှိ အလုပ်သမားရေးရာဥပဒေများနှင့်ကိုက်ညီမှုရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၂.၇.၂၀၁၄)

ဦးကြည်သာ (ဂွ) ယခု ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သော အာဇာနည်နေ့တွင်  မပိတ်ခဲ့သည့် စက်ရုံများကို အရေးယူတရားစွဲဆိုခြင်းများ တွေ့နေရသော်လည်း မိမိတို့ဘက်ရှိ ရေအားလျှပ်စစ်စက်ရုံများ၊ သဘာဝဓာတ်ငွေ့ စက်ရုံများနှင့် ဓာတ်အားခွဲရုံတို့တွင်  တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းပေါင်းမြောက်များစွာအနေဖြင့် အာဇာနည်နေ့နှင့် ရက်ရှည် ရုံးပိတ်ရက်များကဲ့သို့သော အများပြည်သူအလုပ်ပိတ်ရက်များတွင်ပင်  အလုပ်ဆင်းနေရပါကြောင်း၊ သို့သော် ယင်းဝန်ထမ်းများအနေဖြင့် ခံစားခွင့်များကို တရားဥပဒေဘောင်အတွင်းက ရရှိခြင်း မဟုတ်ဘဲ ဌာနဆိုင်ရာအကြီးအကဲများက အဆင်ပြေသလို ဖြေရှင်းပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါ နိုင်ငံ့ဝန်ထမ်းအလုပ်သမားများကို အလုပ်သမားဝန်ကြီးဌာနက ဥပဒေဘောင်အရ မည်ကဲ့သို့ ဖြေရှင်းပေးနိုင်မည်ဆိုသည်ကို သိရှိလိုပါကြောင်းနှင့် တစ်နေ့ပတ်လုံး ၂၄ နာရီတာဝန် ထမ်းဆောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများ၏ အများပြည်သူအလုပ်ပိတ်ရက်နှင့် အချိန်ပိုလုပ်ခများ ခံစားခွင့်များသည် လက်ရှိ အလုပ်သမားရေးရာဥပဒေများနှင့် ကိုက်ညီမှု၊ အဆင်ပြေမှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါ်ဝင်းမော်ထွန်း
အဖြေ

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါ်ဝင်းမော်ထွန်း အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် မျှတသော ကျင့်စဉ်များနှင့် Fair Labour Practices ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တည်ဆဲ အလုပ်သမား ရေးရာဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်၊ ညွန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊  အချိန်ပိုလုပ်အားခပေးခြင်း၊ သီးခြား ထောက်ပံ့ခြင်းလုပ်ငန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်သာ ဖြေရှင်းဆောင်ရွက် ပေးရသောလုပ်ငန်းဖြစ်ပါကြောင်း၊ အစိုးရဝန်ကြီးဌာနများရှိ နိုင်ငံ့ဝန်ထမ်း များနှင့်ပတ်သက်ပြီး အစိုးရလခစား ဝန်ထမ်းများသည် မူလအခြေခံနည်းဥပဒေ Fundamental Rule နှင့် အကျုံးဝင်သက်ဆိုင်သော တည်ဆဲအလုပ်သမားရေးရာဥပဒေဖြစ်သည့် ၁၉၅၁ ခုနှစ်၊ ခွင်‌့ရက်နှင့် အလုပ်ပိတ် ရက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(၄) ပုဒ်မခွဲငယ်(င)အရ အလုပ်သမားဆိုသည့် စကားရပ်တွင် အခြားတည်ဆဲ တရားဥပဒေ တစ်ခုခု၊ တရားဥပဒေတစ်ခုခုအရ အကြောင်းအား‌လျော်စွာ အခကြေးငွေနှင့်သော်လည်းကောင်း၊ လစာငွေနှင့်သော်လည်းကောင်း ပေးရန်ပြဋ္ဌာန်းထားသည့် အားလပ်ရက်နှင့်အလုပ်ပိတ်ရက်များရသော ပြည်ထောင်စုအစိုးရ၏ အရာထမ်း၊ အမှုထမ်း သို့မဟုတ် အစိုးရကဖွဲ့စည်းပေးထားသော အဖွဲ့၏ အရာထမ်း၊ အမှုထမ်း သို့မဟုတ် အခြားဒေသန္တရ အာဏာပိုင်၏ အရာထမ်း၊ အမှုထမ်းများ မပါဝင်ရဟု ပြဋ္ဌာန်းထားခြင်းကြောင့် အလုပ်သမားဥပဒေအရ အကျုံးဝင်ကိုက်ညီမှုမရှိပါကြောင်း၊ သို့သော် စက်ရုံနှင့်အလုပ်ရုံ၊ လုပ်ငန်းအလုပ်ဌာနများ အလုပ်သမားများ၏ အများပြည်သူ အလုပ်ပိတ်ရက်နှင့် အချိန်ပို၊ လုပ်ခ၊ ခံစားခွင့်နှင်‌့ ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တည်ဆဲ အလုပ်သမား ဥပဒေများနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကြည်သာ(ဂွ) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။    

မိမိတို့ နိုင်ငံ့ဝန်ထမ်းများသသည် SRP ၁၉၅၁ ခုနှစ် အလုပ်ရုံဥပဒေအရ အကျုံးမဝင်ခြင်းကြောင့် ခံစားမှုမရရှိသကဲ့သို့ဖြစ်နေပါကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်ဌာနများက အလုပ်သမား များ၏  အရေးအခင်းများကို သွားရောက်စုံစမ်း၍ အလုပ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နှင့် ယင်းဝန်ထမ်းများကိုလည်း ဥပဒေနှင့် အကျုံးဝင်အောင် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်ဝင်းမော်ထွန်း

နိုင်ငံ့ဝန်ထမ်းများ အများပြည်သူအလုပ်ပိတ်ရက်နှင့် အချိန်ပိုလုပ်အားခခံစားခွင့်နှင့်ပတ်သက်သော နိုင်ငံ့ ဝန်ထမ်းများ တစ်နည်းအားဖြင့် အစိုးရဝန်ကြီးဌာနအသီးသီးတွင် အမှုထမ်းနေသော အစိုးရဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ မူလအခြေခံဥပဒေဖြစ်သည့် Fundamental Ruleများ၊  မြို့ပြဝန်ထမ်း စည်းမျဉ်း Civil Service Regulation တို့နှင့် အကျုံးဝင်သက်ဆိုင်ခြင်းကြောင့် နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေအခြေခံမူလ မြို့ပြဝန်ထမ်းများနှင့် မြို့ပြဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရသာ စီမံအုပ်ချုပ် ဆောင်ရွက်ရပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အများအလုပ်ပိတ်ရက် အချိန်ပို လုပ်အားခခံစားခွင့်များသည်  ပုဂ္ဂလိက အလုပ်သမား အရာထမ်း၊ အမှုထမ်းများနှင့်မတူဘဲ ကွဲပြားနေသော ပုံစံမျိုးရှိပါကြောင်း၊ ထို့ကြောင့် အလုပ်ခွင်များတွင် နိုင်ငံ့ဝန်ထမ်းအနေအထားမျိုး လုပ်ကိုင်ခဲ့ပါက မိမိတို့အနေဖြင့် ကွင်းဆင်းစေ့စပ်ပြီး သေသေချာချာ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

မေးမြန်းချက်၊ ဖြေကြားချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ သုံးသပ်ဆွေးနွေးရာတွင်

 ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အကယ်၍ အများပြည်သူ အလုပ်ပိတ်ရက်များတွင်လည်း  ပိတ်ရန်မဖြစ်သော လျှပ်စစ်ဝန်ထမ်းမျိုးနှင့် အခြားကိစ္စမျိုးများ ရှိနိုင်ပါကြောင်း၊ ယင်းကိစ္စများတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအစဉ်နှင့် ဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ဥပဒေ သို့မဟုတ် နည်းဥပဒေကို ပြန်လည်ဖြည့်စွက်ဆောင်ရွက်မှသာ အဆင်ပြေနိုင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေများကို ပြန်လည်လေ့လာ သုံးသပ်ပြီး ပြင်ဆင်စရာရှိက ပြင်ဆင်ရန်၊ ဖြည့်စွက်စရာရှိက ဖြည့်စွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ မူလဥပဒေတွင် ပြင်ဆင်ရန်မလိုပါကြောင်း၊ ဖြည့်စွက်ရန်မလိုပါက နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သောကြောင့် မေးခွန်းမေးမြန်းသည့် မေးခွန်းရှင်ရော၊ သက်ဆိုင်ရာ ယင်းဥပဒေနှင့်သက်ဆိုင်သော ကော်မတီရော၊ ယင်းဥပဒေနှင့်သက်ဆိုင်သော စီမံခန့်ခွဲရမည့် အလုပ်သမားဝန်ကြီးဌာနကပါ မိမိတို့ လွှတ်တော်က ဖွဲ့စည်းထားသော အထူးကိစ္စရပ်များကော်မရှင်နှင့် ညှိနှိုင်း ဆောင်ရွက်မည်ဆိုပါက ပိုမိုသင့်မြတ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ယင်းဥပဒေကိစ္စကို လက်တန်းပြောဖြေမည်ဆိုပါက လိုအပ်ချက်များ ရှိသွားနိုင်သည့်အတွက် ယခုကဲ့သို့ ဝင်ရောက်ဆွေးနွေးခြင်း ဖြစ်ပါကြောင်း သုံးသပ်ပြောကြားသွားပါသည်။