နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင်သိမ်းဆည်းခဲ့သော နိုင်ငံ အဝှမ်းလိုင်စင်ဖြင့်ကိုင်ဆောင်ခဲ့သောသေနတ် များအား မူလပိုင်ရှင်များ သို့မဟုတ်အမွေ ဆက်ခံခွင့် ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၃)

ယခင်အစိုးရလက်ထက်တွင် နိုင်ငံအဝှမ်းရှိ လိုင်စင်အပြည့်ကိုင်ဆောင် ခဲ့သော သေနတ်များအား ခေတ္တ သိမ်းဆည်းသည်ဟုဆိုကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ သိမ်းဆည်းသွားခဲ့ရာ မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ် အတွင်းရှိ ပြည်သူများထံက စုစုပေါင်းသေနတ် ၂၀ ခန့်ပါဝင်ခဲ့သည်ဟု သိရှိရပါကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆တွင် နိုင်ငံတော် သည်နိုင်ငံ သားများ တရားဝင်ရရှိပိုင် ဆိုင် ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်း နိုင်သောပစ္စည်းများနှင့် စပ်လျဉ်းပြီးဥပဒေအရ ကာကွယ်ပေး ရမည် ဟု ပြဋ္ဌာန်းပါရှိသည့်အတွက် ယခင်အစိုးရ လက်ထက်တွင် သိမ်းဆည်း ခဲ့သော နိုင်ငံအဝှမ်းလိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သောသေနတ်များကို လိုင်စင်ဖြင့် ကိုင်ဆောင်သော မူလပိုင်ရှင်များ သို့မဟုတ် လိုင်စင်ဖြင့် ကိုင်ဆောင်သော မူလပိုင်ရှင်၏ အမွေဆက်ခံခွင့်ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အဆက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးမှု အားနည်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၇၇ ခုနှစ် လက်နက် ကိုင် ဆောင်ရေးမူ အခန်း(၁၂)၊ အပိုဒ် (၂၉) တွင် ဒေသဆိုင်ရာ လုံခြုံရေး အခြေ အနေ အရ ပြည်ထဲရေး ဝန်ကြီးဌာနသည် လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ သေနတ် ကိုင်ဆောင်ခွင့်ရရှိထားသူ မည်သူ့ကိုမဆို ယင်းကိုင်ဆောင်လျက် ရှိသည့် သေ နတ်နှင့်ခဲယမ်းများကို သက်ဆိုင် ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အပ်နှံစေ၍ သိမ်း ဆည်းနိုင်ပါသည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရလက်ထက်တွင် နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ လိုင်စင် (သို့) ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုခဲ့သော နိုင်ငံသားအချို့၏ လက်နက်များကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပါကြောင်း၊  ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ကာကွယ်ရေးဝန်ကြီးဌာန က ပြည်ထဲရေး ဝန်ကြီးဌာန၊ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ် စိစစ်ရေး အဖွဲ့သို့ စစ်ဘက်လိုင်စင်ဖြင့် ကိုင်ဆောင်သော လက်နက်နှင့် အကြောင်း အမျိုးမျိုးကြောင့် လက်ဝယ် ကိုင်ဆောင်ထားရှိသော လက်နက်များကို ပြန်လည် သိမ်းဆည်းပြီး တပ်မတော်သို့ လွှဲပြောင်း ပေးရန် အကြောင်းကြားချက်အရ လိုင်စင် (သို့)  ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုခဲ့သော လက်နက်များနှင့် အခြားလက်နက်များကို ပြည်ထဲရေး ဝန်ကြီးဌာန သေနတ်ကိုင်ဆောင် ခွင့်  (လက်နက်/ပါမစ်) စိစစ်ရေး အဖွဲ့က သိမ်းဆည်း ပြီး ၁၉၉၈ အောက်တိုဘာလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာ စစ်လက်နက်ပစ္စည်းတပ်များသို့ အပြီးလွှဲအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

ယနေ့ကာလတွင်  ပြည်သူများကို လက်နက်ကိုင်ဆောင်ခွင့်ပေးထားသော နိုင်ငံအချို့တွင် လက်နက်ဖြင့် အကြမ်း ဖက် ပစ်ခတ်မှုများကြောင့် တရားဥပဒေစိုးမိုးရေးပျက်ပြားခြင်း၊ အပြစ်မဲ့ ပြည်သူများ၏ အသက်ပေါင်းများစွာနှင့် ကိုယ်လက် အင်္ဂါများ ဆုံးရှုံးလျက်ရှိခြင်းများကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အခြေခံကျပြီး  နယ်မြေတည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသစ်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုး တက်သော နိုင်ငံတော်သစ် တည်ဆောက်လျက်ရှိရာတွင် နိုင်ငံတော်၏ အတိတ်ကာလအဖြစ်အပျက်များကို သမိုင်း သင်ခန်းစာအဖြစ် ဆင်ခြင်လျက် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ရရှိစေရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသော နည်းလမ်းများကို အသုံးပြုပြီး စီမံဆောင်ရွက်လျက်ရှိရာတွင် အဖျက်အမှောက်ဖြစ်ပေါ်လာနိုင်သော ဆူပူအကြမ်းဖက်မှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်လျက်ရှိသကဲ့သို့ လက်နက်များဖြင့် အကြမ်းဖက်မှုများ မဖြစ်ပေါ် နိုင်ရေးအတွက် ယခင်က သိမ်းဆည်းခဲ့တဲ့ လက်နက်များ ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ပြီးစီးချိန်အထိ ဆက်လက် သိမ်းဆည်းသွားရမည်သာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက်က နိုင်ငံအဝှမ်း သိမ်းဆည်းခဲ့သော လိုင်စင်(သို့) ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုထားသည့် လက်နက်နှင့် အခြားလက်နက်ကိုင်များကို မူလပိုင်ရှင် (သို့)  မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးသိန်းထွန်းဦး (အမရပူရ) မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

၁၉၇၇ခုနှစ် လက်နက်ကိုင်ဆောင်ရေးမူ၊ အပိုဒ် ၂၉ တွင် ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေအရနှင့် ရဲတပ်ဖွဲ့သို့ အပ်နှံစေ၍  သိမ်းဆည်းနိုင်သည်ဆိုသည့်အချက်ပါရှိသကဲ့သို့  ထိုကဲ့သို့ သိမ်းဆည်းသည့်အခါတွင်လည်း အပ်နှံစေ ၍ သိမ်းဆည်း နိုင်ခြင်းဖြစ်ပါကြောင်း၊  အတိအကျဆိုပါက ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက ၁၉၇၇ လက်နက်ကိုင်ဆောင်ရေးမူ နောက်ဆက်တွဲ တ(၁)တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးထံ လိုင်စင်သေနတ် အား နိုင်ငံတော်သို့အပ်နှံခြင်းဆိုရာ၌ လက်နက်ကိုင်‌ ဆောင်သူ၏ ဇနီးခင်ပွန်း ကွယ်လွန်၍ ကျန်ရစ်သူ မိသားစု အနေနှင့်အပ်နှံခြင်းဖြစ်ပါက သားရင်း သမီးရင်းအားလုံး၏ သဘောတူညီချက်ပါရှိရမည်ဟု တရားဝင်ပြဋ္ဌာန်း ထားရှိ သည့်အတွက် ယင်းသို့ဆောင်ရွက်ရာတွင်လည်း မူနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို သိရှိလိုကြောင်းမေးမြန်း ပါသည်။ 

လက်နက်သိမ်းဆည်းရေးနှင့် ပတ်သက်၍ ၁၉၇၇ခုနှစ် ဥပဒေ အခန်း ၁၂၊  လက်နက်ကိုင်ဆောင်ခွင့်ပြုထားသော လက်နက်များကို သိမ်းဆည်းပိုင်ခွင့် အပိုဒ် ၂၉ တွင် ဒေသဆိုင်ရာလုံခြုံရေးအခြေအနေအရ ပြည်ထဲရေးနှင်‌့ သာသနာရေးဝန်ကြီးဌာနသည် လိုင်စင်နှင့် ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ သေနတ်ကိုင်ဆောင်ခွင့်ရရှိထားသူ မည်သူ့ကိုမဆို ယင်းကိုင်ဆောင်လျက်ရှိသည့် သေနတ်နှင့် ခဲယမ်းမီးကျောက်များကို သက်ဆိုင်ရာပြည်သူ့ ရဲတပ်ဖွဲ့ထံသို့အပ်နှံစေ၍ သိမ်းဆည်းနိုင်ပါကြောင်း၊ လိုင်စင်ဖြင့်ဖြစ်စေ ပါမစ်ဖြင့်ဖြစ်စေ သေနတ်ကိုင်ဆောင်ခွင့် ရရှိထားသူတစ်ဦးသည် အခန်း ၄၊အပိုဒ်၉ တွင်ဖော်ပြထားရှိသည့် တာဝန်တစ်ခုကိုဖြစ်စေ၊ တာဝန်များကို ဖြစ်စေ ဆောင်ရွက်ရန်ပျက်ကွက်သည်ဟု ခိုင်လုံသည့်အကြောင်းရှိလျှင် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာနသည် ထိုသူအားယင်းကိုင်ဆောင်လျက်ရှိသည့် သေနတ်နှင်‌့ ခဲယမ်းမီးကျောက်များကို သက်ဆိုင် ရာ ပြည်သူ့ရဲ့တပ်ဖွဲ့သို့အပ်နှံ၍ သိမ်းဆည်းနိုင်မည်ဟု ဖော်ပြထားတာရှိသည့် အတွက် ဒေသဆိုင်ရာ လုံခြုံရေး အခြေအနေအရ လိုင်စင်နှင့်ဖြစ်စေ၊ ပါမစ်နှင့်ဖြစ်စေ ကိုင်ဆောင်သူ၏ လက်နက်များ ကိုပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုအပ်နှံပြီး သိမ်းဆည်း ထားခြင်းဖြစ်ကြောင်း ရှင်း လင်းဖြေကြားပါ သည်။

ဦးသိန်းထွန်းဦး (အမရပူရ) မှ   ဆက်လက်မေးမြန်းရာတွင်

မိမိအနေဖြင့် အဆိုပါ အပိုဒ် ၂၉ ကို သိရှိပြီး  ၁၉၇၇ လက်နက်ကိုင်ဆောင်ရေး နောက်ဆက်တွဲ တ(၁)တွင် ဖော်ပြထားသော Format နှင့်အညီ သိမ်း/မသိမ်းကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊ သို့သော် ယခုဖြေကြားမှု မပြုနိုင်ဘူးဆိုပါကလည်း နောင်တွင် ဆက်လက်ဖြေကြားရန် တင်ပြမေးမြန်းပါသည်။    

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု ဝန်ကြီး ကျော်ကျော်ထွန်း

အဆိုပါ ကိစ္စများကို ဆောင်ရွက်ခဲ့သည်မှာ ၁၉၉၈ခု၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင်ဖြစ်သည့်အတွက် ထိုအချိန် က သိမ်းဆည်းထားသော စာရွက်၊ စာတမ်း အထောက်အထားများကို ပြန်လည်ရှာဖွေပြီးမှသာ  ဖြေကြားနိုင် မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။