ပြည်သူများ နေ့စဉ် စားသောက်ရသည့် အစားအသောက်များနှင့် ပတ်သက်ပြီး လုံခြုံမှု Source Safety ကိုရယူလိုကြပါကြောင်း၊ မသန့်ရှင်းသည့် အန္တရာယ်ရှိသော စားသုံးဆီ၊ ဆိုးဆေးများ အသုံးပြုထားသည့် အစားအသောက်များ အန္တရာယ်ရှိ ဓာတုပစ္စည်းများပါဝင်သော အစားအသောက်၊ အတုဖန်တီးထားသည့် အစားအသောက်နှင့် ရောဂါပိုးမွှာများ ကပ်ညှိနေသည့် အစားအသောက် အန္တရာယ်များ သိရှိနိုင်ရန် စမ်းသပ်မှု၊ စစ်ဆေးမှုများလိုအပ်ပါကြောင်း၊ အစားအသောက် လုံခြုံမှုရှိစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှလည်း အမျိုးသား အစားအသောက်ဥပဒေနှင့် ဝန်ဆောင်မှုပေးပြီး ဥပဒေ၏ရည်ရွယ်ချက်၊ ဖွဲ့စည်းတာဝန်ပေးမှုများ၊ လိုင်စင်လျှောက်ထားပေးခြင်းများ၊ အစားအသောက်နှင့် ပတ်သက်၍ ဖြစ်နိုင်သော အန္တရာယ်များမှ ကာကွယ်မှုများ၊ စမ်းသပ်စစ်ဆေးမှုများ၊ စည်းကမ်းဖောက်ဖျက် ကျူးလွန်သူများအတွက် ပြစ်ဒဏ်များမှာ အလွန်စနစ်ကျသည် ကိုတွေ့ရှိရပါကြောင်း၊ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနဖွဲ့စည်းပြီး ဗဟိုအဆင့်ထိ ဆောင်ရွက် လျက်ရှိပါကြောင်း၊
သို့သော် ဒီဥပဒေနှင့် ဗဟိုအဆင့်ဖွဲ့စည်းထားသော ဒီအစားအစာ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ဗဟိုအဆင့်တွင် ဆောင်ရွက်ပြီး မြို့နယ်အဆင့် ပြည်သူကြားရှိ ဆိုးဆေးများနှင့် မသန့်ရှင်းသည့် အစားအသောက်များ ရောင်းချနေခြင်း၊ ကျောင်းသားလူငယ်များ အကာအကွယ်မဲ့ အန္တရာယ်ရှိသော အစားအသောက်များ စားသောက်ခြင်း၊ အရည်အသွေးမမီသည့် အစားအသောက်များကို ရောင်းဝယ် ဖောက်ကားခြင်းများကို များစွာတွေ့နေရပါကြောင်း၊ မြို့နယ်အစားအသောက်များနှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီလုပ်ငန်းတာဝန်များ၊ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၁၉ တွင် ဖော်ပြထားသည့် လုပ်ငန်း တာဝန်များကို ပြည့်ပြည့်ဝဝမဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊
သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားအစားအသောက်ဥပဒေနှင့် အညီဆောင်ရွက် သင့်သည်များကို မည်ကဲ့သို့ စီမံဆောင်ရွက် ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်သော ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူများ စားသုံးနိုင်ရန်၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သော၊ ကျန်းမာရေးကို ထိခိုက်စေသော အစားအသောက်များ အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်နိုင်ရန်၊ အစားအသောက်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန်ဟူသော အမျိုးသားအစားအသောက် ဥပဒေပါ ရည်ရွယ်ချက်များအား အခြေခံ၍ နိုင်ငံတော်အတွင်း ထုတ်လုပ်တင်သွင်းရောင်းချလျက်ရှိသော အစားအသောက်များ၏ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီများကို တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ဟူ၍ အဆင့်ဆင့်ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ပါကြောင်း၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကို ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် ဦးစီးဌာနတစ်ခုအဖြစ် တိုးချဲ့ဖွဲ့စည်းခွင့်ရရှိခဲ့ပြီး စတင်ဆောင်ရွက်ချိန်မှစ၍ ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၁၅ တွင် အန္တရာယ်ရှိ အစားအသောက်များ၊ အရည်အသွေးပြည့်မီမှုမရှိသည့် အစားအသောက်များ၊ ဈေးကွက်ထောက်လှမ်းရေး (Market Surveillance)ကိုလည်း လုပ်ငန်းစဉ် တစ်ခုအဖြစ်ထည့်သွင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးကော်မတီမှ ကြီးကြပ်၍ ဈေးကွက်နမူနာ ကောက်ယူခြင်း၊ ဓာတ်ခွဲစစ်ဆေးချက်အရ စားသုံးရန်မသင့်သည့် စားသောက်ကုန်များကို သိမ်းဆည်းခြင်း၊ ဖျက်စီးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊
၂၀၁၄ ခုနှစ်၊ ကျောင်းမုန့်ဈေးတန်း အစားအသောက်အန္တရာယ်ကင်းရှင်းရေး ရှေ့ပြေးစီမံချက်အဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများ အတွင်းရှိ ကျောင်းများတွင် အရောင်ပါထုပ်ပိုး အစားအသောက်နမူနာများ ကောက်ယူစစ်ဆေးခဲ့ပြီး ဆက်လက်၍ ၂၀၁၄-၁၅ ပညာသင် နှစ်ကာလအတွင်း ဇွန်လမှ ဒီဇင်ဘာလအထိ ကျောင်းမုန့်ဈေးတန်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်ကို နမူနာကောက်ယူစစ်ဆေး သွားမည်ဟု စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊
အမျိုးသားအစားအသောက်ဥပဒေတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အစားအသောက် စစ်ဆေးရေးမှူးများ၊ အစားအသောက်စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်များတွင် ကျွမ်းကျင်ဝန်ထမ်း နည်းပါးခြင်းတို့ကြောင့် ဗဟိုအဆင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အစားအသောက်စစ်ဆေးရေးမှူးများမှ ဆောင်ရွက်ခဲ့ရသဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မှု လျော့ပါးခဲ့ပါကြောင်း၊ ၁-၈-၂၀၁၃ နေ့မှစ၍ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများတွင် အစားအသောက်စစ်ဆေးရေးမှူးများ သတ်မှတ်ခန့်ထားပြီး ဖြစ်ပါကြောင်း၊
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တိုးချဲ့ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အထိ ပါရှိသည့်အတွက် ခရိုင်နှင့် မြို့နယ်အစားအသောက်ကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန၏ အခြေခံကျန်းမာရေးဝန်ထမ်းများမှ အစားအသောက် စစ်ဆေးရေးမှူး တာဝန်များ တွဲဖက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအား ခရိုင်နှင့် မြို့နယ်အဆင့်များအထိ တိုးချဲ့ဖွဲ့စည်းသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းဖြင့် ဖြေကြားပါသည်။
