(ခ)-မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသောအကျိုးဆက်များ ဖြစ်နေခြင်းကိုလျော့နည်း စေရန် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၅.၁.၂၀၁၈)

ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်ပြောင်းလဲမှု၊ လူနေမှု ပုံစံပြောင်းလဲမှု၊ မြို့/ရွာတိုးချဲ့လာခြင်း၊ စွမ်းအင် လိုအပ်ချက်များလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပြောင်းအလဲ အသက်အရွယ်ကြီးလာမှု ထို့ကြောင်‌့ အရှေ့တောင်အာရှတွင်နေထိုင်သူများသည် လေထုညစ်ညမ်းမှုဒဏ်ကို အလွယ်တကူခံရမှု ပိုများလာပါကြောင်း၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ အာဆီယံမြို့တော် ၁၀ မြို့တော် တွင် အမှုန်အမွှားပျံ့နှံ့မှုအမြင့်ဆုံး နှင့် လေထုညစ်ညမ်းမှု အမြင့်ဆုံးမှ မြန်မာနိုင်ငံဟု ပြောပါကြောင်း၊ ကမ္ဘာအနှံ့ကြုံတွေ့နေရသည့် အမှုန်အမွှားပျံ့နှံ့မှု၏ အဓိကအကြောင်းအရင်းမှာ ကျောက်မီးသွေး လောင်ကျွမ်းမှုကြောင်‌့ဖြစ်ပြီး Sulphurdioxide, Nitrogendioxide နှင့် ဖုန်မှုန့်များ ကို မြင့်မားစွာ ထုတ်လုပ်လာခြင်း၊  တစ်နည်းအားဖြင့် လျှပ်စစ်ထုတ်ခြင်းထက် PM 2.5 ထွက်ပေါ် နေသော အဓိကအကြောင်းအရင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကို သုံးဆမြင့်တက်စေနိုင် သကဲ့သို့ စွမ်းအင်မှာလည်း Carbondioxide ထုတ်လွှတ်မှုကို နှစ်ဆမြင့်တက် စေနိုင်ပါတယ်။ လျှပ်စစ်ဓာတ်ထုတ်လုပ်စက်ရုံများ၊ ကားများ၊ အခြားစက်ရုံများ၊ အခြားအရင်းအမြစ် များမှထွက်သော မီးခိုးနှင့်ဖုန်မှုန့်များသည် လေထုထဲရှိ Carbondioxide၊ Nitrogendioxide နှင့် အခြားဓာတ်ငွေ့များ ဓာတ်ပြုမိသောအခါ PM 2.5 အဖြစ်သို့ ပြောင်းလဲသွားပါကြောင်း၊ WHO ၏ PM 10 ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုဆိုင်ရာအချက်အလက်တွင် ပါရှိသည့်အချက်အလက်များအရ မြန်မာနိုင်ငံ၏ အခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်ပါကြောင်း၊ PM 10 ဆိုသည်မှာ PM 2.5 နှင့် အမှုန်၊ အခဲ နှစ်မျိုးလုံး ပါဝင်သော ညစ်ညမ်းသည့်အမှုန်အစုအဝေးသာဖြစ်ပါတယ်။ PM Particulate Matter တိုင်းတာရာ၌ ပါဝင်သည့်အချင်းမှာ 10 Micrometer အထိသာ အများဆုံးရှိရမည်ဖြစ်ပါကြောင်း၊ ၎င်းကို PM ဟုခေါ်ပါကြောင်း၊ အချက်အလက်များအရ ၁၄ မြို့ဖြစ်သည့် ပြင်ဦးလွင်၊ တောင်ငူ၊ ကျောက်ဖြူ၊ နမ့်ခမ်း၊ မော်လမြိုင်၊ ရေနံချောင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ စဉ့်ကိုင်၊ တောင်သာ၊ ကသာ၊ မိတ္ထီလာ၊ ပြည်၊ အောင်လံ၊ နမ္မတူ တို့တွင် WHO တစ်နှစ်အတွင်းရှိသည့် PM 10 စည်းနှင့် ကိုက်ညီ သည့် မြို့တစ်မြို့မှမရှိပါကြောင်း၊ အဆိုးဆုံးမြို့မှ ပြင်ဦးလွင်မြို့ဖြစ်ပြီး သတ်မှတ်ချက် ထက် ၇ ဆပို၍ ညစ်ညမ်းနေတာကို တွေ့ရပါကြောင်း၊ ၎င်းမြို့ ၁၄ မြို့အနက် ချောက်မြို့၏ PM 10 အဆင့်သည် တရုတ်နိုင်ငံညစ်ညမ်းမှုတွင် နာမည်ကျော်သော ပေကျင်းမြို့ထက် များနေတာကို တွေ့ရ ပါကြောင်း၊ ထို့ကြောင့် လေထုညစ်ညမ်းမှုစောင့်ကြည့်ရေးစနစ်၊ လေထုအရည်အသွေး၊ စံနှုန်း သတ်မှတ်ထားသည့် စနစ်၊ လေထုအရည်အသွေးစောင့်ကြည့်ရမည့်စခန်းများ ထားရှိရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ ယှဉ်တွဲပါလာမည့် လေထုအရည်အသွေး ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်း စီမံခန့်ခွဲရန်အတွက် လိုအပ်သော ဥပဒေ၊ နည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်‌ ပြည်သူ့ကျန်းမာရေး အတွက် ဆိုးရွားပြင်းထန်သည့်အကျိုးဆက်များဖြစ်ပေါ်နိုင်သည့် လေထုညစ်ညမ်းမှုလျော့နည်းစေရန် အတွက် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
သယံ‌ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
အဖြေ

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် စက်မှုလုပ်ငန်းများကို တွင်ကျယ် စွာလုပ်ကိုင်လာပြီး ကမ္ဘာ့၏လေထု၊ မြေထု၊ ရေထုက ညစ်ညမ်းလာပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အထိုက်အလျောက် ညစ်ညမ်း လာ သည်ကိုတွေ့ရပါကြောင်း၊ ၂၀၁၂ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုဒ်မ ၁၀ တွင် ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ သဘောတူညီချက်ဖြင့် မြေ၊ ရေ၊ လေ၊ အသံနှင့် တုန်ခါမှု၊ ထုတ်လုပ်အခိုးအငွေ့၊ စွန့်ထုတ်အရည်၊ စွန့်ထုတ်အစိုင်အခဲနှင့် အခြားပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများကို သတ်မှတ်နိုင်ရန် ဖော်ပြ ထားပါကြောင်း၊ ထို့ကြောင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး စံချိန်စံညွှန်းများကို သတ်မှတ်ရန် မိမိတို့တွင်တာဝန်ရှိပါကြောင်း၊ သို့သော် အမျိုးသား အဆင့်ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းများကို သတ်မှတ်ရမယ့်ကိစ္စတွင် အချိန်ယူဆောင်ရွက် ရန် လိုအပ်ခြင်း၊ အမျိုးသားအဆင့် စံချိန်စံညွှန်းမထုတ်ပြန်မည်ကြားကာလတွင် စံချိန်စံညွှန်း အနေဖြင့် လိုက်နာမှုရှိရန်လိုအပ်ခြင်း၊ လက်ရှိစက်ရုံအလုပ်ရုံကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှုများမှ ကာကွယ် တားဆီးရန်လိုအပ်ခြင်းစသည့် အချက်အလက်များကြောင့် နေရာအသီးသီး၏ ဆူညံသံနှင့်တုံခါမှု၊ အခိုးအငွေ့ထုတ်လုပ်မှု၊ အရည်စွန့်လွှတ်မှုများကိုထိန်းချုပ်ရန် အခြေခံစည်းမျဉ်းအဖြစ် အမျိုးသား ပတ်ဝန်းကျင်အရည်အသွေး ထုတ်လုပ်မှုလမ်းညွှန်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် သတ်မှတ် ပြဋ္ဌာန်းခဲ့ပါကြောင်း ဝန်ကြီးဌာနအနေဖြင့် လေထုညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှု များကို ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာတွင် ပြဋ္ဌာန်းထားသည့် စံချိန်စံညွှန်းများကို အခြေခံပြီး  မြန်မာနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် လေအရည်အသွေး စံချိန်စံညွှန်း အပါအဝင် အမျိုးသားအဆင့် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းများကို ထုတ်ပြန်နိုင်ရန်အတွက် ဆောင်ရွက်ရေးသားပြုစုပြီးပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ သဘောထားများကို ရယူပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုထုတ် ပြန်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၉-၁၂-၂၀၁၅ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၆၁၆/၂၀၁၅)ဖြင့် ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း EIA အပိုဒ် ၁၁၁ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများအနေဖြင့်  မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိသည့် စက်မှုလုပ်ငန်းများမှ စွန့်ထုတ်လိုက်သည့် ထုတ်လွှတ်အခိုးအငွေ့၊ စွန့်ထုတ်အရည်၊ စွန့်ပစ် ပစ္စည်းများကြောင့်‌ လေထုညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ထိန်းချုပ်ဆောင်ရွက် နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များ၊ လိုက်နာဆောင်ရွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့သော်ဌာန၏ လက်ရှိဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား၊ သုံးစွဲသည့် ကိရိယာအရေ အတွက် စက်မှုလုပ်ငန်းအားလုံးကို မိမိတို့စစ်ဆေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် ညစ်ညမ်းမှုကို ဖြစ်ပေါ် စေသည့် တိုင်ကြားမှုများ ရှိနေသည့်လုပ်ငန်းများကို  ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ဘက်စုံကောင်းမွန်သည့်အရည်အသွေးကို စောင့်ကြည့်သည့် အနေဖြင့် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးဝင်းထဲတွင် တပ် ဆင်ပြီး PM 2.5 ကို တိုင်းတာခြင်းကို ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင် အရည်အသွေး၊ စံချိန်စံညွှန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်း ကာကွယ်မှုအစီအမံများ ကို ရေးဆွဲရာတွင် လေထုအရည်အသွေးအပါအဝင် ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ အခြေခံအချက်အလက်များ ရရှိရန လက်ရှိပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ လေ့လာဆန်းစစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းများကို ထူထောင်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီးတွင်ရှိသည့် ဘိလပ်မြေစက်ရုံပေါင်း ရှစ်ခု၏ လေအရည်အသွေး နှင့် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ လေထု အရည်အသွေး တိုင်းတာစစ်ဆေးခြင်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးချုပ်နှင့် တိုင်း ဒေသကြီးများမှနေပြီး နေရာလိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ယခုလက်ရှိတွင် ဂျပန်နိုင်ငံ ၏ နည်းပညာ၊ ငွေကြေး အထောက်အပံ့နှင့် Improvement of Capability of Air Quality Monitoring in Myanmar စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်း အဆိုပြုလွှာကို ၁၄-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပသည့် စီးပွားရေးရေးရာကော်မတီ အဖွဲ့အစည်းမှ (၁၉/၂၀၁၇) ဖြင့် သဘောတူညီချက် ရရှိပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ဥပဒေပြဋ္ဌာန်းရန် အစီအစဉ်မရှိသေးသော်လည်း အမျိုးသားအဆင့် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းကို ထုတ်ပြန်ကြေညာခြင်းနှင့် စီမံကိန်းလုပ်ငန်းများ လိုက်နာဆောင်ရွက်မှု များအား စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အမျိုးသားအဆင့် ပတ်ဝန်းကျင် အရည် အသွေး စံချိန်စံညွှန်းများအပေါ် လိုက်နာဆောင်ရွက်ခြင်းများကို စိစစ်သုံးသပ်ခြင်း၊ သိပ္ပံနှင့်နည်းပညာ တိုးတက်မှုများနှင့်အညီ လုပ်ငန်းလိုအပ်ချက်အရ ၊ ပတ်ဝန်းကျင် အရည်အသွေးစံချိန်စံညွှန်းများကို အချိန်ကာလ နှင့် နေရာဒေသအလိုက် အများပြည်သူအကျိုးငှာ ဖြည့်စွက်ပြင်ဆင် သတ်မှတ်ခြင်း စသည့် လုပ်ငန်းများ ကို ဆောင်ရွက်ပြီး လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  PM 2.5  သည် များသောအားဖြင့် မြို့ပေါ် တွင်တိုင်းပြီး PM 10 ကို အမှုန်အမွှားအလွန်အများထုတ်သည့် နေရာများတွင်သုံးပါကြောင်း၊  နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းတို့တွင် တိုင်းတာသည့်အခါ PM 2.5   အနေဖြင့် မြင့်မားခြင်းမရှိ သေးပါကြောင်း၊ သို့သော် စက်ရုံကြီးများရှိသည့် နေရာများတွင်  PM 2.5  မြင့်မားနေသည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ ယခုလောလောဆယ် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဥပဒေပါ ပြဋ္ဌာန်း ရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။