(င)ပဲခူးမြို့နယ်၊ ကျောက်တန်းစံပြကျေးရွာတွင်ယိုယွင်း ပျက်စီးနေသည့်ကျွန်းကြပ်တိုင်၊ဓာတ်မီးတိုင်များ အစားကွန်ကရစ်ဓာတ်တိုင်များအစားထိုးတပ် ဆင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၁၀.၂၀၁၃)

ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာသည် ၁၉၈၃-၁၉၈၄ ခုနှစ်မှ စတင် ကာ နိုင်ငံတော် အစိုးရဘတ်ဂျက် ခွင့်ပြုငွေဖြင့် လျှပ်စစ်မီးကို ၁၁ ကေဗွီဓာတ်အား လိုင်းနှင့်  ၄ မိုင်ခန့်ကွာဝေးသော ထုံးကြီးကျေးရွာမှတစ်ဆင့် သွယ်တန်း အသုံးပြုခွင့် ရရှိခဲ့ပြီး နှစ်ပေါင်း ၃၀ ခန့်ကြာပြီ ဖြစ်ပါကြောင်း၊  စတင်သွယ်တန်း စဉ်ကပင် မီးတိုင်များကို ကျွန်းကြပ် တိုင်များနှင့် ပြု လုပ်ခဲ့သောကြောင့် ယခု အခါ ဆွေးမြေ့ ပျက်စီးလျက်ရှိ ပါကြောင်း၊  လေတိုက် မိုးရွာသော အခါများတွင် တိုင်များကျိုးခြင်း၊  ၊ မီးတိုင်ရှိ တန်းများပြုတ်ကျခြင်း၊ ဓာတ်ကြိုး များပြုတ်ကြခြင်း တို့ကြောင့် ကျွဲ၊ နွားများလည်း သေဆုံးမှုရှိခဲ့ဖူးသည့်အပြင် လျှပ်စစ်လိုင်းများ ဆွဲသည့်အခါ ဥယျာဉ်ခြံမြေများ အနီးမှကပ်၍ ဆွဲခြင်းကြောင့် ဝါးချုံ ၊ သစ်ကိုင်း၊ နွယ်ကြိုးများ လိုင်းပေါ် ကျရောက်၍ မကြာခဏ ကျေးရွာက လူငှားပြီး ရှင်းလင်းနေခဲ့ရပါကြောင်း။  အထူးသဖြင့် ရန်ကုန်၊ မန္တလေး မီးရထား သံလမ်းပေါ် ကို ကျော်ဖြတ်ပြီးဆွဲထားသည့် ၁၁ ကေဗွီဓာတ်အားလိုင်း တိုင်များ လည်း ဆွေးမြေ့နေခြင်းတို့ကြောင့် ညအချိန် မီးကြိုးများ ပြတ်တောက်ကျနေပါက မီးရထားများအတွက်  အန္တရာယ်ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့်  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာတွင် အသုံးပြု လျက်ရှိသော ယိုယွင်းပျက်စီးနေသည့် ကျွန်းကြပ်တိုင်၊ ဓာတ်မီးတိုင်များအစား ကွန်ကရစ်ဓာတ်တိုင်များ အစားထိုး တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ပေးပါမည်ကို လည်းကောင်း၊  အစီအစဉ်မရှိပါကလည်း မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလို ပါကြောင်းမေးမြန်း ပါ သည်။         


ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ
 

ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာကို အင်းတကော်မြို့နယ်တွင်ရှိသော ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ထုံကြီးဖီဒါမှ တစ်ဆင့် ဌာနပိုင် ၁၁/ဝ.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေနှင့် ၃၁၅ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးတို့နှင့် ဓာတ်အားဖြန့်ဖြူးပေးထားပါကြောင်း၊ ၁၁ ကေဗွီ ထုံကြီးဖီဒါသည် အင်းတကော်ဓာတ်အားခွဲရုံမှ ကျောက်တန်းကျေးရွာအထိ ၁၁ ကေဗွီဓာတ်အား လိုင်း အရှည် ၁၄.၈ မိုင်ခန့်ကွာဝေးပြီး ကွန်ကရစ်တိုင် ၄၅ တိုင်၊ သံတိုင်အလုံး ၁၀၀ တိုင်နှင့် ကျွန်းကြပ်သားတိုင် ၉၇ တိုင်တို့ဖြင့် တည်ဆောက် ထားခြင်းဖြစ် ပါကြောင်း၊  ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာနည်းတူ တိုင်းဒေသကြီး /ပြည်နယ် အသီးသီးရှိ မြို့၊ ရွာများတွင်လည်း ယခင် ၁၅ နှစ်ကျော်ကတည်းက တည်ဆောက်ခဲ့သော ဓာတ်အားလိုင်းများသည် သစ်သားတိုင်၊ သံတိုင်များဖြစ်နေခြင်းကြောင့် ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ခြင်း၊ လိုင်းကြိုး အသေးများကို လိုင်းကြိုးအကြီးဖြင့် လဲလှယ်ခြင်းများကို  နှစ်စဉ်ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့ကြောင့် ပဲခူးမြို့နယ် ကျောက်တန်း စံပြကျေးရွာ အတွင်းမှာရှိသော ကွန်ကရစ်တိုင်များ အစားထိုး လဲလှယ်ခြင်းလုပ်ငန်းများ၊ ကြိုးအသေး၊ ကြိုးအကြီး များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများကို နှစ်အလိုက်ရရှိသော ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေအပေါ်မူတည်ပြီး ဦးစားပေး အနေနှင့် ဆောင်ရွက်ပေးသွာမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။