(ဂ)ရွှေဘိုမြို့အနောက်ဘက်ကျေးရွာ လယ်မြေများရှိ ပျိုးခင်း၊စိုက်ခင်းများနှစ်စဉ်ရေလွှမ်းမိုးခံနေရခြင်းကို သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနမှဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၁၀.၂၀၁၃)

ဒေါက်တာအောင်သန်း (ရွှေဘို)ရွှေဘိုမြို့အနောက်ဘက် ပန်းရံ၊ လိပ်ချင်း၊ နှမစားရစ်၊ ခွန်တောင်းကြီးကျေးရွာကွင်း များရှိ စပါးစိုက်ခင်းများသည် မိုးရာသီတွင် နှစ်စဉ် ၃၊ ၄ ရက်ခန့်ရေကြီး၊ ရေနစ်မြုပ်မှုကြောင့် ဧက ၂၀၀ ခန့် ရေမြုပ်ခြင်းခံရပြီး ဧက ၁၀၀ ခန့် နှစ်စဉ်ပျက်စီးရပါကြောင်း၊ ရွှေဘိုသည် မိုးများသော အရပ်ဒေသ မဟုတ်သော်လည်း လယ်မြေများကို ဖြတ်သွားသော ရေဆိုးအမှတ် (၄) နှင့် အမှတ် (၅) မှ ရေများ၊ အထက်ပိုင်းရှိ မြို့များတွင်ရှိသော ချောင်း၊ ကန်တော်တို့၏ ရေလွှဲပေါက်လာသောပိုလျှံရေများသည် ရေဆိုးမြောင်းမှတစ်ဆင့်  ကျိုးပေါက်လျှံကျကာ လယ်မြေများအပေါ်တွင် ရေလွှမ်းရခြင်းဖြစ်ပါကြောင်း၊  ဆည်မြောင်း ဦးစီးဌာနမှ အထိုက်အလျောက်ပြုပြင်ထားသောကြောင့် ဧကများစွာ ဆုံးရှုံးရခြင်းမှ လျော့နည်းသွားသော်လည်း နှစ်စဉ် ရေလွှမ်းမိုးမှု ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပါကြောင်း၊  ရေဆိုးမြောင်းကြီးတွေထဲသို့  သဖန်း ဆိပ်၊ ကင်းတားဆည်ထဲမှ မိုင် ၅၀ ဝေးသော ရွှေဘို၊ မဟာနန္ဒာ ကန်တော်ကြီး ကို ရေတူးမြောင်းနှင့် ရေသွယ်ပေးရာတွင် မိုးရာသီအချိန်အခါမျိုး၌ ရေများ များလာပါကြောင်း၊ ထိုကဲ့သို့ များလာသည့်အခါ ကန်တော်ကရေများ လျှံထွက်မည်စိုးသောကြောင့် ရေလွှဲပေါက် များမှ တစ်ဆင့် ရေဆိုးမြောင်းထဲသို့ စီးဆင်းလာသည့်အတွက်  မိုးခေါင်ရေရှားဖြစ်သော်လည်း ရေများ လျှံကျပြီး ရေဆိုးမြောင်းထဲမှတစ်ဆင့် ယင်းတို့၏ လယ်များပျက်စီးရခြင်းဖြစ်ပါကြောင်း၊  ရေလျှံသည့် အချိန်သည် လည်း နွေစပါး တွေသီးမှည့်နေသော သြဂုတ်၊ စက်တင်ဘာကာလများတွင်ဖြစ်သည့် အတွက် စပါးအရည် အသွေးများ ညံ့ဖျင်းပြီး လေလွင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေရပါကြောင်း၊  နှစ်စဉ် ရေလျှံရသည့် အကြောင်း အရင်းများမှာလည်း မဟာနန္ဒာကန်တော်ကြီးထဲကိုဝင်သော ရေမြောင်း ရေပိုလွဲှများမှ တဆင့် ရေများ လျှံကျပြီး ရေလွှမ်းမိုးမှုဖြစ်ပေါ်ရခြင်း ဖြစ်ပါကြောင်း၊ မဟာနန္ဒာ ကန်တော်ကြီးမှ ရေထိန်းသိမ်းနိုင်သော ဧရိယာသည် ဧက ၂၀၀ ခန့်ရှိပြီး ထို့ထက်ပို၍ ရေဧရိယာ ပမာဏ ထိန်းသိမ်းနိုင်မှသာ ရေဆိုးမြောင်းများကို လွှတ်ရမည့် ရေ ပမာဏဟာနည်းလာမည်ဖြစ်ပါကြောင်း၊

ထို့ပြင်  လူဦးရေ ၁ သိန်းကျော်ရှိသော ရွှေဘိုမြို့မှလည်း နေ့စဉ်ဂါလံ ၁၈ သိန်းခန့် လိုလျက်ရှိရာ မိမိတို့အနေဖြင့် ၁၂ သိန်းခန့်သာပေးနိုင်ရာ မိမိမြို့နယ်လူထုအတွက် သောက်သုံးရေလုံလောက်စွာရရှိရန် လိုအပ်ရှိပါကြောင်း၊ အကယ်၍သာ  ကန်ကြီးအပြင်ဘက်ရှိ ဧက ၆၀ ခန့်ရှိသောနေရာအား ထပ်မံတူးဖော်ပြီး ရေထိန်းသိမ်းမှုပမာဏ ပိုမိုတိုးချဲ့နိုင်မည်ဆိုပါက မြို့နေလူထုသာမက လယ်မြေများကိုလည်း လုံလောက်သောရေပမာဏများ ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကန်တော်ကြီးသို့ လာသော ရေမြောင်းတလျှောက် ငါးကန်များ လာရောက်တည်ဆောက်သည့်အတွက် ငါးကန်ဘောင်များ ကြောင့် ရေကြီးလျှံမှု ပိုမို ဖြစ်ပေါ်လာပါကြောင်း၊ သို့ဖြစ်ပါ၍   ရေလျှံမှု ထိန်းသိမ်းနိုင်ရန်နှင့် လယ်သမားများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်စေရန် မိမိ အနေဖြင့် ဆည်မြောင်းဦးစီးဌာနကို အောက်ပါမေးခွန်းများမေးမြန်းလိုကြောင်း လက်ရှိရေဆိုးမြောင်းကြီးများကို ယခုထက်ပိုမိုတိုးချဲ့ခြင်း၊ အနက်ပေထပ်မံတူးဖော်ခြင်း၊ ရေစီးရေလာပိုကောင်းအောင် ဆောင်ရွက်ခြင်း တို့ဖြင့် ရေကန်ကြီးအား ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ။ ဆည်မြောင်းမှ တစ်ဆင့် ရေများ ထုတ်လွှတ်ရာတွင် ထုတ်လွှတ်မည့်အချိန်အား  ဆည်မြောင်းနှင့် စိုက်ပျိုးရေး ဌာနမှ ကျေးရွာနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊  လယ်သမားများနှင့်ညှိနှိုင်းပြီး အသိပေးအကြောင်းကြားသော စနစ် ရှိ/မရှိ၊ မဟာနန္ဒာ ကန်တော် ကြီးကန် အရှေ့ဘက်ရှိ ဧက ၆၀ ခန့်ရှိသော မြေနေရာ အား ပြန်လည် တူးဖော်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ
 

ရွှေဘိုအနောက်ဘက်ပိုင်းရှိ ပန်းရံ၊ လိပ်ချင်း၊ နှမစားရစ်နှင့် ခွန်တောင်းကြီးကျေး ရွာကွင်းများ၏ စပါးစိုက်ပျိုးခင်းလယ်မြေများ မိုးရာသီ တွင် ရေကြီးနှစ်မြုပ်ရသည့် အကြောင်းအရင်းမှာ ကာဘိုးဆည် ရေသောက် စနစ်အတွင်းရှိ ရေနုတ်မြောင်း များဖြစ်သည့် ရေဆိုးမြောင်းအမှတ် (၄)၊ (၅) တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပါက ချောင်းရေလျှံသောကြောင့် ၎င်းချောင်းဘေး  တစ်လျှောက်ရှိ လယ်မြေများရေနစ်ခြင်းနှင့် ၎င်းချောင်းနှစ်ချောင်းအဆုံ၏ေ အာက်ဘက်ရှိ နှမစား ရစ်ရေဆိုးချောင်း တွင်လည်း ရေလျှံပြီး လယ်မြေများရေ နစ်မြုပ်မှုဖြစ်ပွားခဲ့ ရခြင်းဖြစ်ပါသည်။  အဆိုပါရေဆိုးချောင်းများကို ပြန်လည် တူးဖော်ခြင်း မဆောင် ရွက်မီ လွန်ခဲ့သောနှစ်များက မိုးသည်းထန်စွာရွာသွန်းပြီး လယ်မြေများရေနစ်မြုပ် လျှင် တစ်ပတ်ဆယ်ရက်ခန့်ကြာမြင့်ပြီး ပျိုးခင်း၊ စိုက်ခင်းများ လုံးဝပျက်စီးသည် အထိ ဖြစ်ပွားခဲ့ပါသည်။

၂၀၁၁-၁၂ ခုနှစ်တွင် ရေကြီးနစ်မြုပ်မှုသက်သာစေရန်အတွက် ဆည်မြောင်းဦးစီးဌာနမှ အဆိုပါချောင်း ၃ ချောင်းကို ပြန်လည်တူးဖော်ပေးခဲ့ရာ ချောင်းအတွင်း ပို့နေ‌သော သဲနုန်းများကို တူးထုတ်ပြီး ထွက်လာသော မြေစာများကို ပေါင်တင်ပေးခြင်း၊ ရေလမ်း ကျဉ်းမြောင်းနေသောနေရာများကို ရနိုင်သမျှ ချဲ့ထွင်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ချောင်းဘေးရှိ လယ်မြေများ ထိခိုက်ပျက်စီးမှုမရှိစေရေး အတွက် ဒေသခံတောင် သူများနှင့် ညှိနှိုင်းရရှိမှု အပေါ်မူတည်ကာ ချဲ့ထွင်ပေးခဲ့ ရခြင်းဖြစ်ပါသည်။  ထိုကဲ့သို့တူးမြောင်းများ တူးဖော်ပေးမှုကြောင့် ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ချောင်းရေ လျှံခြင်းဖြစ်ခဲ့သော်လည်း ရေလွှမ်းချိန်မှာ တစ်ရက်၊ နှစ်ရက်ခန့် သာကြာမြင့်သဖြင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ သော်လည်း လယ်မြေများပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ နှမစားရစ်ချောင်းအပါအဝင် ရေဆိုးချောင်းများကို ယခုထက်ပို၍ ချဲ့ထွင်တူးဖော်ပါက ချောင်းဘေးဝဲ/ယာတစ်လျှောက်ရှိ  တောင်သူများ၏ လယ်ယာများ သည် ချောင်းချဲ့မည့်ဧရိယာအတွင်း ကျရောက်သွားမည်ဖြစ်ပါသောကြောင့် လယ်သမားများ၏သဘောတူညီမှု ရရှိနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မဟာနန္ဒာကန်သို့စီးဝင်သော ရေမြောင်းများ၏ ရေလွှဲပေါက်များမှတစ်ဆင့် ရေဆိုးမြောင်းများသို့ ရေထုတ်လွှတ်ရာတွင် ဆည်မြောင်းဦးစီးဌာနမှ လယ်သမားများထံသို့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ကြိုတင် အကြောင်းကြား ဆောင်ရွက်လျက်ရှိပါသည်။ မဟာနန္ဒာကန်တွင် မိုးများသည့်အခါ ရေထုထည်ပမာဏ ပိုမိုထိန်းသိမ်းနိုင်ရန် လက်ရှိဧက ၂၀၀ ကျယ်ဝန်းသည့် မဟာနန္ဒာ ကန်တော်၏ပျက်စီးနေသော ကန်ပေါင်ပြုပြင်ခြင်း လုပ်ငန်းကို ၂၀၀၉-၁၀ ခုနှစ်တွင် ဆောင်ရွက် ခဲ့ပြီး ရွှေဘိုမြို့လူထုသောက်သုံးရေ အတွက် နေ့စဉ်ရေပေးဝေ လျက်ရှိပါသည်။ အဆိုပါကန်၏ အရှေ့ဘက် တိုးချဲ့ကန်အတွင်း ကြာ၊ ဗေဒါ၊ ဒိုက်၊ အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းနှင့် ဝက်လာပင်များဖယ်ရှားခြင်း စသည်တို့ကို ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဆောင်ရွက်ပြီးစီး ခဲ့ပြီး ဖြစ်ပါသည်။

မဟာနန္ဒာကန်၏အရှေ့ဘက်တိုးချဲ့ကန် တူးဖော်ဆောင်ရွက်ရမည်ဆိုပါက ကန်ပေါင်အလျား ၄၈၅၀ ပေ ခန့်ပြုပြင်ခြင်း၊ အမြင့် ၁၂ ပေခန့်အထိမြှင့်တင်ခြင်းနှင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်း၊ မြေကြီးလုပ်ငန်း ကျင်း ၈၀၀၀၀ ခန့် ဆောင်ရွက်ရ မည်ဖြစ်ပါသည်။  ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ရေဧကပေ ၂၅၀ ခန့် ပိုမို သိုလှောင်နိုင်မည်ဖြစ်ပြီး နွေရာသီတွင် မြို့နေလူထုအတွက်သောက်သုံး ရေပိုမိုရရှိနိုင်ခြင်း၊ မြို့အင်္ဂါရပ်နှင့် ညီသော သပ်ရပ်လှပသောရေကန်အဖြစ် ရောက်ရှိလာနိုင် မည်ဖြစ်သော်လည်း လုပ်ငန်းပမာဏကြီးမားခြင်း၊ ကုန်ကျ စရိတ်များပြားခြင်းတို့ကြောင့် လတ်တလော အခြေအနေတွင် မဟာနန္ဒာကန်တိုးချဲ့ခြင်း လုပ်ငန်းကို ဆောင် ရွက်ပေးရန် မရှိသေးပါကြောင်း ဖြေကြားအပ်ပါသည်။