(က)ရွာပုန်းကရင်တိုင်းရင်းသားများအားအထူး အစီအစဉ်ဖြင့်သန်းခေါင်စာရင်းစိစစ်ရေးကတ်ပြားပြု လုပ်ပေးခြင်း၊စားနပ်ရိက္ခာ၊လူသုံးပစ္စည်းထောက် ပံ့ပေးခြင်း၊ လမ်းပန်းအဆက်အသွယ်၊ဆေးခန်း၊ စာသင်ကျောင်းနှင့်ရေရှည်စားဝတ်နေရေးအတွက် စီမံပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၃)
 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီး မြို့နယ်သည် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ခန့်အတွင်းတွင် နယ်မြေ အေးချမ်းသာယာမှုမရှိခဲ့သောကြောင့် မြို့နယ်၏ စုစုပေါင်းအကျယ်အဝန်း စတုရန်းမိုင် ၇၈၀ အနက် စတုရန်းမိုင် ၂၀၀ ခန့်သာ တရားဝင်လက်ရှိအခြေချ နေထိုင်လျက်ရှိပါကြောင်း၊ တောင်ပေါ်ဒေသစတုရန်းမိုင် ၅၀၀ ခန့်တွင် မူသဲကျေးရွာအုပ်စု တစ်စုမှအပ ကျေးရွာအုပ်စု ၁၂ စု၊ ကျေးရွာ ၅၆ ရွာတို့သည် လက်ရှိပြည်ထဲရေးဝန်ကြီးဌာနတွင် အမည် ပေါက်နေ သော်လည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ခန့်အထိ လမ်းပန်းအဆက်အသွယ်များ ပြတ်ကာ ရွာပုန်းများအဖြစ်တည်ရှိနေပြီး လူများ တရားဝင် နေထိုင်ခြင်းမရှိတော့ဘဲ၊ ဥယျာဉ်စိုက်ခင်း၊ လမ်းပန်းအဆက်အသွယ်၊ လယ်ယာစိုက်ခင်းများ ပျောက် ကွယ်ခဲ့ ရသည့်အပြင် အရှေ့ရိုးမတောင်ပေါ်ရှိ သွေးကျဲကရင် တိုင်းရင်းသား ခန့်မှန်းခြေ ၃၀၀၀ ခန့်သည် လူ့သက်တမ်း ၂ ဆက်ခန့် တွင် အုပ်ချုပ်ရေး ယန္တရားနှင့် အဆက်ပြတ်ပြီး စာသင်ကျောင်း၊ ဆေးခန်း၊ လမ်းပန်းအဆက်အသွယ်၊ လူဦးရေ စာရင်း၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်များ မရှိကာ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က အနိမ့်ကျဆုံး အချိန်ဖြစ်ပေါ်လျက် ရှိပါကြောင်း၊

၁၉၁၉ ခုနှစ်တွင် အိန္ဒိယရေအားလျှပ်စစ်စူးစမ်းလေ့လာရေး အင်ဂျင်နီယာချုပ် J.W. ၏တာဝန်ပေးချက် အရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ရရှိနိုင်သော ရေအရင်းအမြစ်ကိုဖော်ထုတ်ရာတွင်  မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ် ထုတ်လုပ်နိုင်သည့်နေရာပေါင်း ၁၃၇ နေရာကို တိုင်းတာရရှိခဲ့ကြောင်း၊ ယင်းတို့အနက် ၁၃၂၃ ခုနှစ် အစီရင်ခံစာအရ Hydro Electric Power Project အဖြစ် ဘောပဒါရေအားလျှပ်စစ်စီမံကိန်းကြီးကို ပထမဆုံးဖော်ထုတ်ရေးဆွဲ အစီရင်ခံခဲ့ကြောင်းနှင့် မိုင် ၁၂၀ ခန့်ဝေးသော မြို့တော်ရန်ကုန်ကို လျှပ်စစ်ဓာတ်အားပေး ရန်အတွက် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ်တွင် စီမံကိန်းကို ၁၈၀ မဂ္ဂါဝပ်၊ ကီလိုဝပ်နာရီသန်းပေါင်း ၆၀၀ ထုတ်လုပ်ရန် ပြန်လည်စမ်းစစ်ပြီး လွတ်လပ်ရေးမရမီ  ၁ နှစ်အလို ၁၉၄၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်ဟု သိရှိခဲ့ရပါကြောင်း။

၁၉၄၈ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့တော် Uninstall အင်ဂျင်နီယာချုပ်ဖြစ်တဲ့ ဦးမောင်အေးဦးစီးသော အဖွဲ့နှင့် လုပ်သားများသည် ဘောပဒါရေအားလျှပ်စစ်ကို စတင်အကောင်အထည်ဖော်ချိန်တွင် KNDO များ လက်အောက်သို့ ကျရောက်ခဲ့ပြီး အင်ဂျင်နီယာချုပ် ဦးမောင်အေးနှင့် လုပ်သား အင်အား ၄၀၀ ကျော်သည် စက်ကိရိယာများ၊ ဖောက်ခွဲရေးမိုင်းများနှင့်အတူ KNDO များ၏ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း၊ ယင်းဘောပဒါ စီမံကိန်း၏ ကံကြမ္မာနှင့်အတူ တောင်ပေါ်ကျေးရွာအုပ်စု ၁၂ အုပ်စုနှင့် ကျေးရွာ ၅၆ ရွာသည်လည်း ရွာပုန်းများအဖြစ်နှင့် အဆက် အသွယ်ပြတ်နေသော အခြေအနေရှိပါကြောင်း၊  ယခုအခါတွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ခဲ့ပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပအလှူရှင်အဖွဲ့အစည်းများ၏ အကူအညီနှင့် ကျောက်ကြီး Pilot Project  ရေးဆွဲပြီးတော့ KIDKP ခေါ် Committee for Internality Displace given People အဖွဲ့အစည်းက တောင်ပေါ်ရွာပုန်းဒေသနေ ကရင်တိုင်းရင်းသာ ၁၅၈၅ ဦးအတွက် စားနပ်ရိက္ခာ၊ လူသုံးပစ္စည်း၊ ဆေးဝါး၊ ကျောင်းသုံး ပစ္စည်းများ ဖြန့်ဖြူးပေးလျက်ရှိပြီး ပဲခူတိုင်းဒေသကြီး အစိုးရအစီအစဉ်နှင့်လည်း စားနပ်ရိက္ခာ၊လူသုံးပစ္စည်းများကို လမ်းပန်း အဆက်အသွယ် အထူးခက်ခဲစွာဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါကြောင်း၊  သို့သော် အလွန် ဆင်းရဲချို့တဲ့စွာ ရွာပုန်းများအဖြစ် တောကြိုတောင်ကြား များမှာ နေထိုင် ရဆဲဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘတ်ဂျက်တွင်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး ဘောပဒါစီမံကိန်းကိုလည်း ငြိမ်းချမ်းရေးပြန်လည် အခြေအနေ ကောင်းလာတာသည်နှင့်အမျှ ကျပ်သန်းပေါင်း ၁၈၀၀၀၀ ကျော်ခန့် လျာထားပြီး ပြန်လည် စတင်မည့် အခြေအနေကိုလည်း ဘတ်ဂျက်ထဲတွင် တွေ့ရှိ ရပါကြောင်း၊

ထို့ကြောင့် ကျောက်ကြီးမြို့နယ်တောင်ပေါ်ဒေသတွင်ရှိသော ရွာပုန်းကရင်တိုင်းရင်းသားများသည် လက်ရှိအနေ အထားတွင် နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားနှင့်အဆက်ပြတ်ပြီး အဘက်ဘက်က ချို့တဲ့သော ရွာပုန်းများ အဖြစ် ရောက်ရှိနေသည်ကို နိုင်ငံတော်အစိုးရမှ အသေးစိတ်သိရှိ/မရှိနှင့် အသေးစိတ်သိရှိပါက လိုအပ်သော လမ်းပန်းအဆက် အသွယ်နှင့် လူမှုရေး အခြေခံ၍ ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက် ကျေးရွာများ ကို ပြန်လည် တည်ဆောက်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအခြေအနေပေါ်မူတည်ပြီး ဆက်လက် တည်ဆောက်အကောင်အထည်ဖော်ပံ့ပိုးသွားရန် အစီ အစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ
 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ရွာပုန်းကရင်တိုင်းရင်းသားများသည် ယခင် နှစ်ပေါင်းများစွာက အခြေကျ နေထိုင်ခဲ့သော   ပြည်ထဲရေးဝန်ကြီးဌာန စာရင်းဝင် ကျေးရွာနေရာဟောင်းများတွင် ပြန်လည်နေရာချ၍ အထူးဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် သန်းခေါင်စာရင်းကောက်ခံခြင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းတို့အတွက်  စီမံဖန်တီးရန် အတွက် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းတွင် နိုင်ငံတစ်ဝှမ်းလုံး မထပ်မကျန် အမှန် စာရင်းကောက်ယူနိုင်ရန် နိုင်ငံတကာ နည်းပညာများ၊ ပြည်သူလူထုအပါ အဝင် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီကိုရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ မှ  ပြည်သူ့လှုပ်ရှားမှုအသွင်ဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊   စာရင်း အမှန်တိကျစွာရရှိရေးနှင့် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် သက်ဆိုင်ရာ ဒေသအသီးအသီး၏ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းတို့၏ ကူညီပံ့ပိုးမှုတို့အပေါ်မူတည်ပြီး ဆောင်ရွက်သွားနိုင် မည်ကြောင်း၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေပုဒ်မ ၃ တွင် နိုင်ငံတော် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံ အဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်ဟူ၍လည်း ကောင်း၊ ပုဒ်မ ၅ တွင် တိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း၊ မွေးရာပါနိုင်ငံသားဖြစ်သည် ဟု လည်းကောင်းဖော်ပြပါရှိသောကြောင့် အဆိုပါဒေသများ၏ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပေါ်မှုတည်၍ နိုင်ငံသား စိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် အဆိုပါဒေသများရှိ တိုင်းရင်းသားများ၏ နိုင်ငံသားဖြစ်ခြင်းကို ဥပဒေအရမွေးရာပါ အခွင့်အရေး တစ်ရပ်အဖြစ် သတ်မှတ်ပေးထားပြီးဖြစ်ရာ အဆိုပါဒေသများ၏ ငြိမ်းချမ်းရေးနှင့် တရား ဥပဒေစိုးမိုးမှု အပေါ်မူတည်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးသွားမည်ပါကြောင်း၊  ပဲခူးတိုင်းဒေ သကြီးအတွင်းရှိ ရွှေ့ပြောင်းရွာသားများနှင့် ငြိမ်းချမ်းရေးအဖွဲ့များသည် INGO များမှထောက်ပံ့ပေး မှုများရှိပြီး နော်ဝေနိုင်ငံ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီပေးရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကျောက်ကြီးမြို့နယ်၊ ခဲတဲ ကျေးရွာအုပ်စုရှိ ရွှေ့ပြောင်းရွာသားများအား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ တန်ဖိုးငွေ ကျပ်သန်း ၁၁၀.၉၃၈၈ ကိုလည်းကောင်း၊ ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းမှ ကျောက်ကြီးမြို့နယ်(KNU တပ်မဟာ-၃)၊ ရွှေကျင်မြို့နယ်(ကွန်ဖဲဒေသငြိမ်းချမ်းရေး အဖွဲ့နှင့် တောင်ငူမြို့နယ်(KNU တပ်မဟာ-၂) များသို့ ဆန်အိတ် ၅၄၀၀ အိတ်အတွက် စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်း ၉၆.၃၇၇ ကိုလည်း ထောက်ပံံ့ ပေးအပ်မှုများ ပြုလုပ်ပေးခဲ့ပါကြောင်း၊

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ကျောက်ကြီးမြို့နယ်အတွင်း စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်သူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ထားသော ဘားအံခြေတု လက်တုဆိုင်ရာ၊ ပြန်လည်သန်စွမ်းရေး ဌာနမှ  ဒေသ၌ခြေတုရရှိရေး အစီအစဉ် ကွင်းဆင်းတာဝန်ခံမှ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျောက်ကြီးမြို့နယ် အတွင်းရှိ ခြေလက်အင်္ဂါချို့ယွင်းရသူများအတွက် ခြေတုများ တပ်ဆင်ပေးခြင်းလုပ်ငန်းများကို ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းဝင်များနှင့် ပူးပေါင်းပြီး နှစ်စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ခြေတု တပ်ဆင်ရေး ဌာနအနေဖြင့် တစ်နှစ် အနည်းဆုံး ၂ ကြိမ်မှ ၃ ကြိမ် ကွင်းဆင်း တာဝန်ခံစေ လွှတ်၍  ခြေတုလက်တုမတပ်ဆင်ရသေးသောသူ များကို မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်းပြီး ရှာဖွေ ဖော် ထုတ်ပေးခြင်း၊ တပ်ဆင်ပြီးသူများမှ ပြန်လည်လဲလှယ်ရန်လိုအပ်သူများကို ပြန်လည်ပြုပြင် တပ်ဆင်ပေးခြင်း များ ပြုလုပ် ပေးလျက်ရှိသည့်အတွက် အဆိုပါဒေသများရှိ ကရင်တိုင်းရင်းသားများနှင့် ပတ်သက်၍ ကျေးရွာနေ ရာ ဟောင်းများတွင် ပြန်လည် နေရာချ၍ အထူးဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် သန်းခေါင် စာရင်းကောက်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ စားနပ်ရိက္ခာလူသုံးပစ္စည်းထောက်ပံ့ခြင်း၊ လမ်းပန်းအဆက် အသွယ်၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ရေရှည်စားဝတ်နေရေးအတွက် စီမံဖန်တီး ဆောင်ရွက်ပေးခြင်းများကို အဆိုပါဒေသ၏ ငြိမ်းချမ်းရေးနှင့်တရားဥပဒေ စိုးမိုးမှုပေါ်မူတည်၍  ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။