မိမိတို့ ရခိုင်ပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ်မုန်တိုင်းဒဏ် ခံရသောပြည်နယ်ဖြစ်ပြီး ထိုကဲ့သို့ နှစ်စဉ်မုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ်၏ ဒေသခံ ပြည်သူများအနေဖြင့် မုန်တိုင်းတိုက်ခတ်ပါက ပြေးလွှားရှောင်တိမ်းရန် အခက်အခဲများဖြင့် ကြုံတွေ့နေကြရသည့်အပြင် ရခိုင်ပြည်နယ်တွင် တောင်ကုန်းမရှိသော ဒေသများလည်း ရှိသည့်အတွက် သင့်လျော်သောနေရာများတွင် မုန်တိုင်းဒဏ်ကို ခံနိုင်ပြီး ပြည်သူများနားခိုနိုင်သော Cyclone Shelter များ ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်တည်ရှိပြီး မုန်တိုင်း ဝင်ရောက် လာပါက အရေးပေါ် ခိုလှုံနိုင်သော မုန်တိုင်းဒဏ်ခံ (Cyclone Shelter) များ၊ အသက်ကယ်ကုန်းမြင့်များ (Hillock)၊ ဆက်သွယ်ရေး တံတားများကို ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ရခိုင်ပြည်နယ် ၏ ရေမြေ သဘာဝအရ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် ဒီရေတောများ ရှိခြင်း၊ ပင်လယ်ကမ်းရိုးတန်းအနီး တစ်ဝိုက်တွင် တောင်ကုန်း တောင်တန်းများ ထူထပ်စွာ တည်ရှိနေခြင်းတို့ကြောင့် အရေးပေါ် အခြေအနေတွင် ရွှေ့ပြောင်း ခိုလှုံနိုင်ရန် နေရာများ သတ်မှတ်၍ စီစဉ် ဆောင်ရွက်နိုင်လျှင် မုန်တိုင်းဒဏ်မှ အထိုက်အလျောက် အကာအကွယ် ရရှိနိုင်မည်ဖြစ်ပါကြောင်း။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့သည် တောင်ကုန်း တောင်တန်းများ မရှိခြင်း၊ မြေပြန့် လွင်ပြင်ဖြစ်ခြင်းနှင့် ခိုလှုံရန်နေရာ နည်းပါးခြင်းတို့ကြောင့် နိုင်ငံတော် အစိုးရသည် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့ပူးပေါင်း၍ Cyclone Shelter (၅၆) လုံးကို တည်ဆောက်ပေးခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းဘေးအန္တရာယ်များ ပေါ်ပေါက်ပါက ဒေသခံလူဦးရေ ၁၀၀၀၀၀ ကျော်အား ကာကွယ်ပေးနိုင်သော်လည်း နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်သောမုန်တိုင်းကြီးများ ထပ်မံကျရောက် လာမည်ဆိုပါက ကမ်းခြေဒေသ တစ်လျှောက်ရှိ လူဦးရေ ၇၀၀၀၀ ကျော်သည် မလွဲမသေဘေးဒဏ် ခံစားရမှာဖြစ်ပါကြောင်း၊ ယင်းသို့သော အခြေအနေရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွက် ထပ်မံလိုအပ်သော မုန်တိုင်းဒဏ်ခံအဆောက်အဦ ၄၅ လုံး တည်ဆောက်ရန်ပင် နိုင်ငံတော်ဘတ်ဂျက်တွင် လျာထားနိုင်ခြင်းမရှိသေးဘဲ နိုင်ငံခြား အထောက်အပံ့ အကူအညီရရှိပါက တည်ဆောက်သွားရန် လျာထားလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် နိုင်ငံခြား အထောက်အပံ့နှင့် အကူအညီများရရှိမှု အပေါ်မူတည်၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပေါက်တော၊ ရသေ့တောင်၊ မြေပုံနှင့် မင်းပြားမြို့နယ်များတွင် အရွယ်အစား (၂၄x၁၆x၂၂.၅)ပေရှိ ဘက်စုံသုံး မုန်တိုင်းဒဏ်ခံအဆောက်အဦ ၂၅၁ လုံး၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ မောင်းတော၊ ဂွ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်များတွင် (၁၀၀x၁၀၀x၅၀)ပေရှိ School Cum Shelter၊ သာမန်အချိန်တွင် စာသင်ကျောင်း ပြုလုပ်နိုင်ပြီး အရေးပေါ်အခြေအနေတွင် ဘေးခိုလုံရာအဆောက်အဦအဖြစ် အသုံးပြုနိုင်သော သဘာဝ ဘေးဒဏ်ခံ အဆောက်အဦ ၁၆၂ လုံး ဆောက်လုပ်ပေးနိုင်ရန် လျာထားပါကြောင်းနှင့် ယင်းအကူအညီများရရှိခဲ့ပါက သတ်မှတ်ကာလ အတွင်း Cyclone Shelter များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ရခိုင် ပြည်နယ် သံတွဲမြို့နယ်ရှိ သင့်လျော်သောနေရာများတွင် မုန်တိုင်းဒဏ်ခံ Cyclone Shelter များ တည်ဆောက်ပေးရန် အတွက် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
